ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ တစ်ထောင့်တစ်နေရာ အထောက်အကူဖြစ်စေတဲ့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီး မျိုးဆက်သစ်လူငယ်တွေကို မွေးထုတ်ပေးနေပါတယ်

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ တစ်ထောင့်တစ်နေရာ အထောက်အကူဖြစ်စေတဲ့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီး မျိုးဆက်သစ်လူငယ်တွေကို မွေးထုတ်ပေးနေပါတယ်

 ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဇွန်လ ၃ ရက်မှစတင်ဖွင့်လှစ်သည့်နည်းတူ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများလည်း စတင်ဖွင့်လှစ်သင်ကြားလျက်ရှိပြီး နိုင်ငံတော်၏ အခြေခံပညာရေးစနစ်ကို ဖော်ဆောင်ရာ၌ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ၏ အခန်းကဏ္ဍသည်လည်း အရေးပါလျက်ရှိရာ ကိုရင်၊ သီလရှင်လေးများ၊ တိုင်းရင်းသားလူငယ်များနှင့် အခြေခံပြည်သူတို့၏သားသမီးများ 

မှီခိုအားထားလျက်ရှိသည့်  သာကေတမြို့နယ် ရှုခင်းသာရပ်ကွက်ရှိ နတ်မောက်ဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှ ဆရာတော်၊ ကိုရင်၊ သီလရှင်လေးများနှင့် ဆရာမတို့၏ပညာရေးကို အပတ်တကုတ် အလေးထား သင်ကြား၊ သင်ယူနေမှုတို့ကို စုစည်းဖော်ပြလိုက်ပါသည်။

ဥူးသုတဓရ (နတ်မောက်ဘုန်းတော်ကြီးသင်ပညာရေး အလယ်တန်းကျောင်းထိုင် ဆရာတော်)

ဒီနတ်မောက်ဘုန်းတော်ကြီး သင်ပညာရေးကျောင်းကို ပြည်ပသာသနာပြုဆောင် ရွက်ခဲ့တဲ့ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလဆရာတော်ကြီး တည်ထောင်ခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ပါပြီ။ ဆရာတော်ကြီးမရှိတော့တဲ့နောက်မှာ   ဦးဇင်းကပဲ ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဆရာတော်ကြီး ရှိစဉ်ကတည်းက မဖွံ့ဖြိုးသေးတဲ့တောင်ပေါ်ဒေသက တိုင်းရင်းသားကလေးငယ်တွေကို ပညာသင်ကြားပေးခဲ့ပြီး ရန်ကုန်မြို့ မြို့နယ်များက ကျောင်းသား၊ ကျောင်းသူတွေလည်း လာရောက်ပညာသင်ကြားခဲ့ကြတာ ယနေ့အချိန်ထိပါပဲ။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ မူလတန်းဆိုရင် KG အတန်းမှာ ၁၁ ဦး၊ Grade-1 မှာ ၃၀ ဦး၊ Grade-2 မှာ ၂၉ ဦး၊ Grade-3 မှာ ၂၅ ဦး၊  Grade-4 မှာ ၂၇ ဦးနဲ့  Grade-5 မှာ ၁၃ ဦးရှိပါတယ်။  အလယ်တန်းအဆင့်မှာဆိုရင် Grade-6 မှာ ၂၅ ဦး၊ Grade-7 မှာ ၁၂ ဦး၊ Grade-8 မှာ ရှစ် ဦး၊ Grade-9 မှာ ၂၆၈ ဦးနဲ့ စုစုပေါင်း ၄၄၈ ဦးကို ဆရာ၊ ဆရာမ ၁၈ ဦးက ပညာသင်ကြားပေး နေပါတယ်။ အထက်တန်းအဆင့် ကိုရင်၊ သီလရှင်များလည်း ရှိတာ

ကြောင့် တာဝန်ရှိသူများနဲ့ ဆွေးနွေးတိုင်ပင်ပြီး ဆက်လက်ပညာသင်ကြားနိုင်အောင် စီမံဆောင်ရွက် ထားပါတယ်။ အထက်တန်း အဆင့်ဆိုရင်လည်း ကျောင်းသား၊ ကျောင်းသူ ၂၀၀ ကျော်ရှိပါတယ်။

ဒီနှစ်မှာ   ကျောင်းသားတိုးလာတယ်။ သံဃာနဲ့ တိုင်းရင်းသားကလေးတွေများတယ်။ အခက်အခဲတွေလည်း ရှိတယ်။

ပအိုဝ်း၊ ပလောင်၊ ရှမ်း၊ မြန်မာအပါအဝင် ကိုရင် ၆၄ ပါး ဒီကျောင်းမှာ ကျောင်းအိပ်၊ ကျောင်းစားနဲ့ ပညာသင်ကြားနေကြပါတယ်။ ရှေ့ဆက်ပြီး ကလေးတွေရဲ့ ပညာရေးအတွက် ဆက်ပြီးဖွင့်ခွင့်ရဖို့လည်း  အကူအညီတောင်းလိုပါတယ်။ 

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ တစ်ထောင့်တစ်နေရာ အထောက်အကူဖြစ်စေတဲ့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီး မျိုးဆက်သစ်လူငယ်တွေကို မွေးထုတ်ပေးနေပါတယ်။

ဥူးတေဇနိယ(နတ်မောက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတာဝန်ခံ)

နိုင်ငံတော်ကသတ်မှတ်ထားတဲ့ ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကစပြီး ကျောင်းအပ်လက်ခံခဲ့ပြီးတော့ ဇွန်လ ၃ ရက်ကစပြီး ကျောင်းဖွင့်ခဲ့တယ်။ ကျောင်းကကိုရင်နဲ့ သီလရှင်ဆရာလေးတွေဆိုရင် ပညာကိုတော်တော် လိုလားကြတယ်။    မြို့နယ်တွေက လာတက်ကြတဲ့ ကလေးတွေဆိုရင်လည်း အတူတူပဲ။  ဆရာ၊  ဆရာမတွေကလည်း ဖိဖိစီးစီး သင်ကြားပေးကြတယ်။ ပညာသင်ကြားရေးအပိုင်းမှာ ဆရာ၊ ဆရာမတွေကို အထူးပဲ ကျေးဇူးတင်ရပါတယ်။ ရရှိတဲ့ လစာငွေလေးနဲ့ ကလေးတွေရဲ့ပညာရေးကို စေတနာ၊ အနစ်နာ၊ ဝါသနာနဲ့ ယနေ့အထိ သင်ကြားပေးနေမှုဟာ  ဂုဏ်ယူစရာပါ။ တိုင်းရင်းသားတွေဆိုရင် ဒေသဖွံ့ဖြိုးမှုအပေါ် မူတည်ပြီး  ရန်ကုန်မြို့ကဘုန်းတော်ကြီးတွေမှာ ကျောင်းအိပ်၊ ကျောင်းစားနဲ့ ပညာသင်ကြားနေကြတာ များတယ်။

နတ်မောက်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက နိုင်ငံ့ဝန်ထမ်းနဲ့ ဘာသာရေးနယ်ပယ်မှာ တာဝန်ထမ်းဆောင်နေသူတွေကို မွေးထုတ်ပေးခဲ့တဲ့ကျောင်းလည်း ဖြစ်ပါတယ်။

ဆရာမဒေါ်အေးအေးနွယ်(အတန်းပိုင်)

နတ်မောက်ဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှာ စာသင်ဖြစ်တာ ခြောက်နှစ်ရှိ ပါပြီ။ ပထမစာသင်ဖို့စိတ်ကူးမရှိပါဘူး။ကျောင်းမှာဆရာ၊ ဆရာမအင်အားလိုပြီး ဖြည့်ဆည်းပေးပါဆိုတဲ့အတွက်    အဲ့ဒီကစပြီးသင်ဖြစ်သွားတာ။ ကျောင်းသားတွေအပေါ် သံယောဇဉ်ဖြစ်သွားတော့ ဒီနေ့အထိ စာသင်ဖြစ်နေပါတယ်။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ သင်ကြားခွင့်ရတာ ကျေနပ်တယ်။ ပျော်လည်းပျော်ပါတယ်။ ဒီမှာသာ သင်ကြားပေးမှု မရှိဘူးဆိုရင် ကလေးတွေပညာရေးနယ်ပယ်က ဝေးကွာသွားမယ့်သဘောရှိပါတယ်။  အထူးသဖြင့် ကိုရင်နဲ့သီလရှင်လေးတွေအတွက် ပညာသင်ကြားရတာ   အခြေခံပညာကျောင်းတွေမှာ ပိုပြီးခက်ခဲပေမယ့် ဘကကျောင်းတွေဆိုရင် အဆင်ပြေပါတယ်။ သင်ကြားမှုအပိုင်း ဆက်ပြီးအောင်မြင်ဖို့ဆိုရင် လိုအပ်ချက်တွေကို ဖြည့်ဆည်းရမယ့်အပိုင်းတွေလည်း ရှိနေပါတယ်။ နိုင်ငံတော်က 

ပညာရေးကဏ္ဍကိုဖော်ဆောင်ရာမှာ ကျွန်မတို့ဆရာ၊ ဆရာမတွေအနေနဲ့  တတ်စွမ်းသမျှ၊ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးနေပါတယ်။

ပညာဇောတ(Grade-9 ပလောင်တိုင်းရင်းသား)

ကိုရင်  နတ်မောက်ကျောင်းမှာ ပညာသင်ကြားတာသုံးနှစ်ရှိပါပြီ။  ဘုန်းကြီးကျောင်းမှာနေတဲ့အတွက် ဒီမှာပဲပညာသင်ကြားခဲ့ပါတယ်။ ဇာတိက ရှမ်းပြည်  နန်းခမ်းမြို့က ပလောင်လူမျိုးပါ။ ဒီကဆရာ၊ ဆရာမတွေနဲ့ စာသင်ရတာအဆင်ပြေတယ်။သင်ပြမှုလည်းကောင်းတယ်။  တိုင်းရင်းသားကိုရင်လေးတွေကို စာပြန်သင်ကြားပေးဖို့ ရည်မှန်းချက်ရှိပါတယ်။ ကွန်ပျူတာပညာကအစ သင်ကြားပေးချင်ပါတယ်။

Grade-12 အောင်မြင်ပြီးရင် အဝေးသင်တက္ကသိုလ်တက်ဖို့မှန်းထားပါတယ်။ အခုလို ပညာသင်ကြားခွင့်ရအောင် ကူညီပံ့ပိုးပေးတဲ့ ဆရာတော်များကိုလည်း အထူးကျေးဇူးတင် ဦးခိုက်ပါတယ်။

ဝိဇေယျဝတီ(Grade-9 ရှမ်းတိုင်းရင်းသူ)

ဆရာလေးက ရှမ်းပြည်နယ် ကျောက်မဲမှာနေပါတယ်။ ဒီမှာကျောင်းတက်တာ သုံးနှစ်ရှိပြီ။ ဆရာ၊ ဆရာမတွေနဲ့စာသင်ရတာပျော်တယ်။ ဆရာလေးစာကြိုးစားနေပါတယ်။ ဆရာဝန်ဖြစ်ချင်လို့ပါ။ ဘာသာရပ်ထဲမှာဆိုရင်လည်း ငြသ ကို စိတ်ဝင်စားတယ်။ ပြီးတော့ လူမှုရေးဘာသာကိုလည်း စိတ်ဝင်စားတယ်။     ဆရာဝန်ဖြစ်ရင် ကျေးလက်ကပြည်သူတွေကို ကုသပေးချင်တယ်။  ဒီနှစ်မှာအကောင်းဆုံးစာကြိုးစားပြီး အဆင့်-၁ ရအောင် ကြိုးစားသွားမယ်။

မောင်မျိုးသန့်(Grade-9 ချင်းရခိုင်တိုင်းရင်းသား)

ကျွန်တော်ကသန်လျင်မှာနေပါတယ်။ ဖခင်ကချင်းလူမျိုးနဲ့မိခင်ကရခိုင်လူမျိုးပါ။

နတ်မောက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ဒီနှစ်မှတက်ဖြစ်တာပါ။ အခြား ကျောင်းထက် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းကိုတက်ဖြစ်ရတာက ယဉ်ကျေးမှု အပိုင်းနဲ့သင်ကြားမှုအပိုင်းကောင်းလို့ပါ။ Grade-12 အောင်သွားရင် တက္ကသိုလ်တက်မှာပါ။ တက္ကသိုလ်ရောက်မှပဲ အသက်မွေးဝမ်းကျောင်း  ဘာလုပ်မယ်ဆိုတာ ဆုံးဖြတ်မှာပါ။ အခုလို ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ တက်ရောက်ခွင့် ရတဲ့အတွက် နိုင်ငံတော်ကလူကြီးများ၊ ဆရာတော်များနဲ့ ဆရာ/ဆရာမများကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့စာသင်သားအားလုံးကိုလည်း စာကြိုးစားဖို့တိုက်တွန်းလိုပါတယ်။   လူငယ်ဆိုတာ တိုင်းပြည်အနာဂတ်မှာ အရေးပါတဲ့အတွက် နိုင်ငံအတွက် အကောင်းဆုံးအကျိုးပြုနိုင်အောင် ပညာသင်ချိန်မှာ   စာကြိုးစားဖို့လိုပါတယ်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များအနေဖြင့် ရည်ရွယ်ချက်များထားရှိ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အဆိုပါ ရည်ရွယ်ချက်များမှာ ဆင်းရဲချမ်းသာမရွေး လူတိုင်းအရေး၊ အဖတ်အတွက် အခြေခံပညာနှင့် ခေတ်ပညာတတ်မြောက်စေရန်၊ ပညာသင်ကြားရေး၌ စရိတ်သက်သာပြီး လွယ်ကူမှုရှိစေရန်၊   ကိုယ်ကျင့်တရား

ကောင်းမွန်ပြီး အများအကျိုး၊ နိုင်ငံအကျိုးသယ်ပိုးလိုသည့် သားကောင်း၊ သမီးကောင်းများဖြစ်လာစေရန်၊   မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတို့ကို သိရှိနားလည်၍ မြတ်နိုးစွာ လိုက်နာခံယူတတ်ကြစေရန်၊ ဗုဒ္ဓဘာသာ သာသနာတော်ဆိုင်ရာ အဆုံးအမများကို ကြားနာမှတ်သားသိရှိလိုက်နာပြီး အနာဂတ် သာသနာကို တာဝန်ယူကြမည့်    ဗုဒ္ဓဘာသာဝင်ကောင်းများဖြစ်ကြစေရန်နှင့် အမျိုးဘာသာသာသနာကို ထိန်းသိမ်း စောင့်ရှောက် နိုင်စေရန် စသည့် ရည်ရွယ်ချက်တို့ဖြင့်  ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။                 

                       သစ္စာ(mna)

ဓာတ်ပုံ - ဇွဲမာန်         

Dates: 
Tuesday, July 9, 2024 - 04:23