ကယားပြည်နယ်အစိုးရအဖွဲ့က ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ယာယီနေရပ်စွန့်ခွာသူ ဒေသခံပြည်သူများအား  အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

 

ကယားပြည်နယ်အစိုးရအဖွဲ့က ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ယာယီနေရပ်စွန့်ခွာသူ ဒေသခံပြည်သူများအား  အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ၂၀၂၄ ဇွန် ၁၁

ကယားပြည်နယ်အစိုးရအဖွဲ့က ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ယာယီ နေရပ်စွန့်ခွာသူ ဒေသခံပြည်သူများအား ထောက်ပံ့ငွေ၊ အခြေခံစားသောက်ကုန်၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် ရုံးသုံးစက်ကိရိယာပစ္စည်းများ ထောက်ပံ့ပေး အပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကယားပြည်နယ် ခန်းမ၌ ပြုလုပ်ရာ ကယား ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် နိုင်နိုင်ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်၊ ကျေးရွာအသီးသီးမှ ယာယီနေရပ်စွန့်ခွာသူ ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တိုင်းမှူး တို့က ကယားပြည်နယ်အတွင်း  နယ်မြေ တည်ငြိမ်အေးချမ်းစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူ များနှင့်ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ အမှာစကားများ အသီးသီးပြောကြားကြသည်။  

ထို့နောက် ပြည်နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိ သည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြု ချီးမြှင့်ငွေနှင့် အခြေခံစားသောက်ကုန်များကိုလည်းကောင်း၊ ပြန်လည်တာဝန် ထမ်းဆောင်ရန် ရောက်ရှိလာသည့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ပဲ၊ ထောက်ပံ့ငွေနှင့် ရုံးသုံးစက်ကိရိယာများကို လည်းကောင်း၊  မြို့ပေါ်ရပ်ကွက် ၄  ခုနှင့် ကျေးရွာအုပ်စု ၁ စုမှ ယာယီနေရပ် စွန့်ခွာဒေသခံ ပြည်သူများအတွက် ဆန်၊ ဆီ၊ ထောက်ပံ့ငွေများကိုလည်းကောင်း၊ သာသနိက အဆောက်အဦများ ပြန်လည်ပြုပြင်ရန်အတွက် ဘိလပ်မြေနှင့် သွပ်များကို လည်းကောင်း ပြည်နယ် ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် နိုင်နိုင်ဦး၊ တိုင်းမှူး နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်သည်။ ယင်းနောက်    ယာယီနေရပ် စွန့်ခွာ ဒေသခံ ပြည်သူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက တက်ရောက် လာကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး  နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Tuesday, July 9, 2024 - 04:52