၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာ

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာ

 

နေပြည်တော်၊ ၂၀၂၄ ဇွန် - ၁၁

၂၀၂၄ ခုနှစ်၊ မတ်လတွင်ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ နှင့် ၂၀၂၄ ခုနှစ်၊ ဧပြီ နှင့် မေလများတွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပ ဆောင်ရွက်ပေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့ နံနက်ပိုင်းတွင်  တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်းဖြင့် အပြီးထုတ်ပြန် ကြေညာသည်။

ထိုသို့ ထုတ်ပြန်ပေးရာတွင် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ ကျောင်းများ၌ တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ထုတ်ပြန်ထားလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက အေးချမ်းစွာဖြင့် လာရောက်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို  မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www. myanmarexam.org တွင်လည်း ဝင်ရောက် ကြည့်ရှုနိုင်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ စာစစ်ဌာနများ၏  အောင်စာရင်းများကိုလည်း မြန်မာ့အသံ(ရေဒီယို) ၊ တိုင်းရင်းသား အစီအစဉ်များမှ ထုတ်လွှင့်ကြေညာပေးလျက်ရှိကြောင်း သိရ သည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင်  တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် ဖြေဆိုသူဦးရေ (၁၂၈၈၂၀)၊ အောင်မြင်သူဦးရေ (၇၄၅၉၂) ဦး၊ အောင်ချက်ရာခိုင်နှုန်းမှာ (၅၇.၉၀) ရာခိုင်နှုန်းရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံတွဲဖြင့် အမှတ်အများဆုံးရရှိသူ (၁၁)ဦး၊ ဝိဇ္ဇာတွဲ ဖြင့် အမှတ်အများဆုံးရရှိသူ (၁၀) ဦး၊ ဝိပ္ပံတွဲဖြင့် အမှတ်အများဆုံးရရှိသူ (၁၀) ဦး စာရင်းကို ထုတ်ပြန်ထားရာ  မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော  www.myanmarexam.org တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

 

မမေမြတ်သူ၊ ခြောက်ဘာသာဂုဏ်ထူးရှင်

            အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ မမေမြတ်သူဖြစ်ပါတယ်။ ဒီနှစ် Grade-12 မှာ ခြောက်ဘာသာဂုဏ်ထူးနဲ့အောင်မြင်ခဲ့တဲ့အပြင် နေပြည်တော် တစ်တိုင်းလုံးမှာ အဆင့်လေးရရှိခဲ့တဲ့အတွက် အထူးပဲဂုဏ်ယူ ဝမ်းသာမိပါတယ်။ ကျွန်မဂုဏ်ထူးရရှိခဲ့တာက မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဇီဝဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒတို့ကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုးရရှိဖို့ နှစ်စကတည်းက ပိုပြီးအာရုံစိုက်လေ့လာကျက် မှတ်ခဲ့ရပါတယ်။ သင်ကြားပေးတဲ့ဆရာ၊ ဆရာမ တွေက ကျွန်မတို့နားလည်အောင် သင်ကြားပေးတဲ့အတွက်လည်းပါပါတယ်။ သေချာလေ့လာကြိုးစားကျက်မှတ်ခဲ့တာလည်းဖြစ်တယ်။ Grade-12 ကစနစ် သစ်ဖြစ်တယ်။ မေးခွန်းဟောင်းလေ့လာစရာ ၊ ကိုးကားစရာစာအုပ်လည်း မရှိဘူးဆိုတာ ကျွန်မသိတယ်။  ကျွန်မအနေနဲ့မကြောက် ခဲ့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော စနစ်ဟောင်းပဲဖြစ်ဖြစ်၊စနစ်သစ်ပဲဖြစ်ဖြစ် Grade-12 စာကပထမဆုံး ပဲဖြစ်တယ်။စနစ်ဟောင်းကလူလည်းဒီစာအသစ်ပဲ။ စနစ်သစ်လူ လည်းအသစ်ပဲ။ ဆရာ၊ ဆရာမတွေရဲ့ဆိုဆုံးမမှုတွေကို လိုက်နာခဲ့လို့လည်း ဒီလိုအောင်မြင်မှုရရှိခဲ့တာပါ။ ကျဆုံးတဲ့သူငယ်ချင်းတွေ လည်း အရင်ဆုံး စိတ်အားမငယ်ဖို့အားပေးချင်ပါတယ်။ ဒီနှစ်မှာကျဆုံးပေမဲ့ လည်း နောင်နှစ်မှာအောင် မြင်အောင်ကြိုးစားဖို့ရှိပါသေးတယ်။ အဓိက မိမိစိတ်မှာနောက်တစ်ခေါက်လုပ်နိုင်တယ်။ ကြိုးစားနိုင်တယ်ဆိုတဲ့ စိတ်၊ ယုံကြည်ချက်ကလေးကိုအရင်းတည်ထား မယ်ဆိုရင် နောင်နှစ်မှာအဆင်ပြေ သွားမှာပါ။ အဆုံးသတ်လို့စိတ်ထဲမှာမတွေးစေ ချင်ပါဘူး။ နောင်နှစ်မှာဖြေဆို မယ့် မောင်လေး၊ ညီမလေးတွေလည်းGrade-12ကို  အများကြီးမကြောက်ကြ ပါနဲ့လို့ပြောချင်ပါတယ်။ ဘာလို့လဲဆိုရင် ကျွန်မတို့ဖြေပြီးသားမေးခွန်းတွေ ကိုလေ့လာခွင့်ရတဲ့အတွက် ပိုပြီးလွယ်ကူမယ်လို့ထင်ပါတယ်။ ကြိုစားကြပါ လို့ပြောချင်ပါတယ်။ ကျွန်မကိုသင်ကြားပေးတဲ့ ဘာသာရပ်ဆရာ၊ ဆရာမတွေ အားလုံးကို လည်းကျေးဇူးတင်ပါတယ်။  ဆရာ၊ ဆရာမတွေကိုယ်တိုင်သင်ယူ လေ့လာနေဆဲ ဖြစ်တဲ့စနစ်သစ်ကို သူတို့ကအစွမ်းကုန်ကြိုးစားသင်ကြားပေး ကြတယ်။ ကျောင်းအုပ် ဆရာမကြီးနဲ့ သင်ကြားပေးမှုတွေ၊ မိဘတွေရဲ့ဝိုင်းဝန်း ကူညီပေးမှုကြောင့်လည်း ဒီလိုမျိုးဂုဏ်ထူးရရှိခဲ့တာပါ။ နောက်ပြီးကျောင်းကို အေးအေးချမ်းချမ်းနဲ့အခက်အခဲမရှိ ပညာတွေသင်ကြားနိုင်အောင်၊ စာမေးပွဲတွေ ဖြေဆိုနိုင်အောင်ပြုစီစဉ်ဆောင်ရွက်ပေးတဲ့ နိုင်ငံတော်အကြီးအကဲနှင့်တာဝန်ရှိ လူကြီးများအားလုံးကိုလည်း အထူးပဲကျေးဇူး တင်ပါတယ်။ ကျွန်မရဲ့အနာဂတ် ရည်မှန်းချက်က ဆရာဝန်တစ်ယောက်ဖြစ်ဖို့ ရည်မှန်းပါတယ်။ အခု Naypyitaw State Academy မှာလည်း ဆေးပညာသင်လို့ရနေပြီဆိုတော့ အဲဒီမှာပဲ ပညာ ဆည်းပူသွားဖို့ရှိပါတယ်။ ကိုယ့်ရဲ့နိုင်ငံအတွက်လည်း အ ကျိုးပြုနိုင်တဲ့ဆရာဝန်တစ်ယောက်ဖြစ်ချင်တယ်။ ကျွန်မတို့ကအခြေခံလူတန်းစား ဖြစ်တဲ့အတွက် အခြေခံလူတန်းစားတော်တော် များများက ဆေးရုံ၊ ဆေးခန်းမသွားနိုင်တဲ့အနေအထားရှိတဲ့အတွက်ကြောင့် အဲဒီလိုလူမျိုးတွေကိုပိုပြီးတော့ အလေးပေးတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ချင် ပါတယ်။ ကျေးဇူးတင်ပါတယ်။

မောင်ချစ်မင်းထက်၊ ငါးဘာသာဂုဏ်ထူးရှင်

            နေပြည်တော် အ.ထ.က(၃)ကျောင်းမှာ ပညာသင်ကြားခဲ့တဲ့ မောင်ချစ်မင်း ထက်ဖြစ်ပါတယ်။ ငါးဘာသာဂုဏ်ထူးရရှိခဲ့ပါတယ်။ ရရှိခဲ့တဲ့ ဘာသာတွေကအင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒနဲ့ ဇီဝဗေဒတို့ပဲဖြစ်ပါတယ်။ စာသင်ချိန်နဲ့စာကျက်တဲ့အချိန်မှာ  ပိုပြီးအာရုံစူးစိုက်လေ့လာကျက်မှတ်ခဲ့တာ ကြောင့် အခုလိုအောင်မြင်မှုတွေရရှိခဲ့တာဖြစ်ပါတယ်။ Grade-12 စာတွေကို သင်တော့ စိုးရိမ်ကြောက်လန့်မှုတော့မရှိပါဘူး။ နှစ်စကတည်းက တစ်နေ့ သင်တဲ့စာတွေကိုပုံမှန်လေ့လာကျက်မှတ်တယ်။ တစ်နေ့စာတစ် နေ့ပုံမှန်လုပ် တဲ့အတွက်ကြောင့် နောက်စာတွေဘယ်လောက်ထပ်သင်ထပ်သင်မ ရောတော့ ပါဘူး။ နောက်ပြီးအချိန်မှန်အိပ်၊ အချိန်မှန်စား၊အချိန်မှန်စာကျက်၊ ကျန်းမာရေး ဂရုစိုက်ဖို့လည်းလိုပါတယ်။ ကျွန်တော့်ရည်မှန်းချက်ကဆရာဝန်ဖြစ်ချင်ပါ တယ်။ ကျွန်တော့်ရဲ့ မြန်မာဆရာမစကားတစ်ခွန်းကိုစိတ်ထဲစွဲသွားတယ်။ အဲဒီစကား ကတော့ “စာဆိုတာကသက်မဲ့၊ ငါဆိုတာက သက်ရှိ” ဆိုတဲ့စကားပြောခဲ့ပါတယ်။ “သက်မဲ့စာကို သက်ရှိငါကအနိုင်ရရမယ်” ဆိုတဲ့ခံယူ ချက်နဲ့လည်းကြိုးစားခဲ့ ပါတယ်။ ညီငယ်၊ ညီမလေးတွေလည်းစာမရလို့ စိတ်ဖိအားတွေ မများကြပါနဲ့။ ကြိုးစားကြပါ။ တစ်ကယ်ကြိုးစားရင် ကြိုးစားမှုနဲ့ထိုက်တန်တဲ့ရလာဒ်ကို မလွဲမသွေရမှာသေချာပါတယ်လို့ပြောချင်ပါ တယ်။

မောင်ဇင်ကိုကိုလွင် ၊ လေးဘာသာဂုဏ်ထူးရှင်

 

ကျွန်တော်က ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်မှာ အခြေခံပညာအထက် တန်းကျောင်း (ကျည်တောင်ကန်) စာစစ်ဌာနက ဝင်ရောက်ဖြေဆိုခဲ့တာ လေးဘာသာဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပါ တယ်။ ဂုဏ်ထူးရတဲ့ဘာသာတွေကတော့ သင်္ချာ ၊ ဓာတု၊ ရူပ နဲ့ ဇီဝဗေဒ ဘာတွေပဲဖြစ်ပါတယ်။ ကျွန်တော် အနေနဲ့ ငယ်ငယ်ကတည်းက စာလုပ်တဲ့အချိန်မှာ သေသေချာ ချာလုပ်တယ်။ နောက်ပြီး ရပြီးသားစာတွေကိုလည်း အချိန်တစ်ခုသက်မှတ်ပြီး ပြန်ပြန်လုပ်တယ် မမေ့ အောင်ပေါ့။ နောက်ကျောင်းမှာ စာသင်တဲ့အချိန်တွေဆိုရင်လည်း သေသေချာချာ သင်ယူပါတယ် နားမလည်ရင်လဲ ဆရာ ၊ ဆရာမတွေကို ချက်ချင်းမေးတယ်။ စာတွေကိုအချိန်ဇယားနဲ့ လုပ်တယ်။ တစ်ဘာသာတည်းကိုလည်း ဖိမလုပ်ဘူး ။ ဘာသာအားလုံးကို မျှမျှတတ အချိန်ခွဲပြီး စာတွေကိုလေ့လာပါတယ်။ ညီငယ်၊ညီမငယ်တွေကိုလည်း အကြံပေးချင်တာက စာလေ့လာတဲ့အခါမှာ ဘာသာအားလုံးကို တစ်နှစ်ပတ်လုံး အချိန်ကို သေသေချာချာ စီမံခန့်ခွဲပြီး လေ့ခါသင်ယူပါလို့အကြံပေးချင်ပါတယ်။ ကျွန်တော်က ဆရာဝန်ဖြစ်ချင်တာ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်အမေက ကျန်းမာရေး သိပ်မကောင်းဘူး ။ ဒီလိုကျန်းမာရေး မကောင်းတာတောင် ကျွန်တော်တို့ မောင်နှစ်မတွေကို အေးအေးဆေးဆေးပညာသင်ယူနိုင်အောင် ထောက်ပံ့ပေးနိုင်ခဲ့တယ်။ ကျွန်တော်လည်း အမေ့ကို တစ်လှည့်ပြန်ပြီး လုပ်ကျွေးပြုစုချင်တယ်။   ကျွန်တော်က အမေ့အတွက် အားဖြစ်ချင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အောင်စာရင်းမှာမပါတဲ့ သူငယ်ချင်းတွေလည်း စိတ်ဓာတ်မကျဖို့ပြောလိုပါတယ်။ အကောင်းဆုံးထပ်မံကျိုးစားပြီး အကောင်းဆုံးရလာဒ်တွေရအောင်ဖြေဆိုပြီး သက်သေပြလိုက်ကြပါလို့အားပေးစကားပြောချင်ပါတယ်။

Dates: 
Tuesday, July 9, 2024 - 04:53