MNL ပြိုင်ပွဲတွင် မဟာယူနိုက်တက်အသင်းက ISPE အသင်းကို အနိုင်ရရှိ
ရန်ကုန် ဇူလိုင် ၈
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁)နောက်ဆုံး ပွဲစဉ်အဖြစ် ယနေ့ညနေ ၃နာရီခွဲတွင် ရန်ကုန်မြို့ YUSC အားကစားကွင်း၌ ISPEအသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ မဟာယူနိုက်တက်အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် နှစ်သင်းစလုံးအဓိက ကစားသမားအစုံအလင်ဖြင့် ပွဲထွက်လာခဲ့ပြီး ပွဲစကတည်းက ခြေစွမ်းပိုင်းကွာခြားမှုမရှိဘဲ အပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ပြီး ဂိုးသွင်းခွင့်အချို့ရရှိ ခဲ့ကြသော်လည်း အဆုံးသတ်ပိုင်း အားနည်းမှုများကြောင့် သွင်းဂိုးများရရှိရန် ခက်ခဲခဲ့ပြီး ပထမပိုင်းအပြီးတွင် ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။
ဆက်လက်ပြီး ဒုတိယပိုင်းပြန်လည် စတင်ချိန်တွင်လည်း နှစ်သင်းလုံး အပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ကာ ပွဲချိန် ၇၆မိနစ်တွင် ပက်ထရစ်က မဟာယူနိုက်တက် အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည်။
ထို့နောက် လက်ကျန်ပွဲချိန်များတွင် ISPE အသင်းက ချေပဂိုးအတွက် ပြန်လည်ဖိအားပေး ကစားခဲ့သော်လည်း မဟာယူနိုက်တက်အသင်း ခံစစ်ပိုင်းက အမှားအယွင်းမရှိ ထိန်းချုပ်ကစားနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် ပက်ထရစ်၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် မဟာယူနိုက်တက်အသင်းက အနိုင်ရရှိခဲ့ကြောင်း သိရသည်။