လီဗာပူးအသင်း ကွင်းလယ်ကစားသမား အယ်ကန်တာရာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အနားယူကြောင်း ကြေညာ
လီဗာပူးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးကာ လမ်းခွဲခဲ့သည့် ကွင်းလယ်ကစားသမား အယ်ကန်တာရာ က ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အနားယူ ပြီဟု အတည်ပြုကြေညာခဲ့ကြောင်း သိရသည်။
အသက် ၃၃ နှစ်အရွယ် အယ်ကန်တာရာသည် ဘာစီလိုနာအသင်း အကယ်ဒမီမှ ထွက်ပေါ်လာသည့် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၀၇ ခုနှစ်က ဘာစီလိုနာ အသင်းနှင့် ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုကာ စတင်ပူးပေါင်းခဲ့သော်လည်း ဘာစီလိုနာအရန်အသင်းတွင်သာ ကစားခွင့်ရရှိခဲ့ပြီး ၂၀၀၉ ခုနှစ်မှသာ ဘာစီလိုနာအသင်းကြီးနှင့် စတင်ပူးပေါင်းခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
အယ်ကန်တာရာသည် ဘာစီလိုနာအသင်းနှင့် ၂၀၀၉ ခုနှစ်က စတင်ပူးပေါင်းခဲ့ပြီးနောက် အသင်းနှင့်အတူ ခြေစွမ်းပြနိုင်ခဲ့ကာ ဥရောပ၏ အကောင်းဆုံးကွင်းလယ်ကစားသမားများတွင် တစ်ဦးအပါအဝင်အဖြစ် ရပ်တည်နိုင်ခဲ့ပြီး ဘာစီလိုနာအသင်းနှင့်အတူ ပြိုင်ပွဲစုံ ၁၀၁ ပွဲအထိ ပါဝင်ကစားပေးပြီးနောက် ၂၀၁၃ ခုနှစ်က ဘာစီလိုနာအသင်းနှင့် လမ်းခွဲခဲ့ကာ ဘိုင်ယန်မြူးနစ် အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။
အယ်ကန်တာရာသည် ဘိုင်ယန်မြူးနစ်အသင်း တွင်လည်း အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ပြီး အသင်းနှင့်အတူ ဆုဖလားအများအပြား ဆွတ်ခူးနိုင်ခဲ့ကာ ပြိုင်ပွဲစုံ ၂၃၅ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ၃၁ ဂိုးသွင်းယူ ပေးနိုင်ခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် လမ်းခွဲကာ လီဗာပူးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။
အယ်ကန်တာရာသည် လီဗာပူးအသင်း၌ အစောပိုင်းနှစ်များက အဓိက ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့သော်လည်း နောက်ပိုင်းနှစ်များတွင် ဒဏ်ရာပြဿနာ များနှင့်သာ ရုန်းကန်နေခဲ့ရသည်။ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီကလည်း အသင်းနှင့် အတူ ပြိုင်ပွဲစုံ တစ်ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပြီး လီဗာပူး အသင်းနှင့်စာချုပ်သက်တမ်း ကုန်ဆုံးကာ လမ်းခွဲခဲ့ပြီးနောက် အယ်ကန်တာရာသည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။