ဒို့တာဝန်အရေးသုံးပါး စောင့်ရှောက်ဖို့ ပြည်သူ့စစ်မှုထမ်းကြစို့

 

ဒို့တာဝန်အရေးသုံးပါး စောင့်ရှောက်ဖို့ ပြည်သူ့စစ်မှုထမ်းကြစို့

 

    စာရေးသူတို့နေထိုင်ရာ      နိုင်ငံကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံလို့ ခေါ်ဆိုပါတယ်။  ပြည်ထောင်စုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွင်း  မှီတင်းနေထိုင်ကြတဲ့လူမျိုးအသီးသီးတို့မှာ သမိုင်းအစဉ်အဆက် ဥမကွဲသိုက်မပျက် နေထိုင်မှုကို  ခေါ်ဆိုပါတယ်။ သမ္မတဆိုတာက    နိုင်ငံတော်ရဲ့ အကြီးအကဲဖြစ်ပါတယ်။ မြန်မာအဘိဓာန်မှာ “မြန်”ဆိုသောစကားဟာ အလုပ်တစ်ခုကိုပြီးစီးအောင် ဇဝနဉာဏ်၊  တင်္ခဏုပ္ပတ္တိဉာဏ်တို့နဲ့ အလျင်အမြန်ကြံစည်တတ်တဲ့သတ္တိဂုဏ်နဲ့ပြည့်စုံမှုကို   ခေါ်ဆိုပါတယ်။

“မာ”ဆိုသည်မှာ      မည်သည့်အရာမဆို ဆန္ဒ၊ အာအာဿီသ နှလုံးသွင်းတဲ့အတိုင်း ပေါက်မြောက်ဖို့ရာ လုံ့လ၊ ဝီရိယ၊ ဇာတိသွေးဇာတိမာန် ခက်ထန်တင်းမာတဲ့ စိတ်ရင်းသတ္တိပြည့်စုံမှုကိုခေါ်ဆိုပါတယ်။ ဒါ့ကြောင့်မြန်မာဆိုသည်မှာ လျင်မြန်စွာကြံစည်တတ်ကာ ဇာတိသွေး၊  ဇာတိမာန်ရှိတဲ့လူမျိုးဖြစ်ပြီး  နိုင်ငံအတွင်း မှီတင်းနေထိုင်တဲ့ တိုင်းရင်းသားအားလုံးကို ခေါ်ခြင်းဖြစ်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပုဒ်မ ၃၈၅ မှာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့်  နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို   ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်   လို့ဖော်ပြထားပါတယ်။   ပုဒ်မ ၃၈၆  မှာ  နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်လို့     ဖော်ပြထားပါတယ်။စစ်မှုထမ်းတာဝန် ဆိုတာကလည်း ကာကွယ်ရေးတာဝန်ပဲဖြစ်ပါတယ်။ ဒါ့ပြင် အခန်း(၇)ပုဒ်မ ၃၃၇ မှာ “တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက်  အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်” လို့ပြဋ္ဌာန်းထားပါတယ်။ မြန်မာ့တပ်မတော်ကို နိုင်ငံတော်အတွင်း တပ်မတော်(ကြည်း)၊တပ်မတော်(ရေ)နဲ့တပ်မတော်(လေ)ဆိုတဲ့တပ်ဖွဲ့ကြီး သုံးခုနဲ့တရားဝင် ဖွဲ့စည်းထားပါတယ်။ တပ်မတော်ရဲ့အဓိက တာဝန်မှာ ကာကွယ်ရေး တာဝန်ဖြစ်ပါတယ်။  ဒါ့ပြင်လူမျိုး၊ နယ်ပယ်၊ အစိုးရ၊  အချုပ်အခြာအာဏာ၊ နိုင်ငံတကာ အသိအမှတ်ပြုမှုဆိုတဲ့ ခက်မကြီး ၅ ဖြာကို ထိပါးလာတဲ့ အန္တရာယ်ဟူသမျှကို       ကာကွယ်စောင့်ရှောက်လျက်ရှိပါတယ်။

စာရေးသူတို့နိုင်ငံရဲ့ အတိတ်သမိုင်းမှာ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာ ဆုံးရှုံးရမယ့် အခြေအနေကိုရောက်ရှိတိုင်း တပ်မတော်က ကာကွယ်စောင့်ရှောက်ခဲ့ရပါတယ်။

လွတ်လပ်ရေးရရှိပြီးစကာလမှာ ရောင်စုံသူပုန်သောင်းကျန်းမှုများ ပေါ်ပေါက်ခဲ့ပါတယ်။ အာဏာရဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်(ဖဆပလ)အစိုးရရဲ့ တောင်းဆိုချက်အရ တပ်မတော်ဟာ ၁၉၅၈ ခုနှစ်မှာ နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးကို လွှဲပြောင်းရယူခဲ့ပါတယ်။  ၁၉၆၂ ခုနှစ်မှာ ပါတီတွင်းအုပ်စုဖွဲ့မှုနဲ့ ပြည်တွင်းသောင်းကျန်းမှု    ပေါ်ပေါက်လာပြန်ရာ တော်လှန်ရေးကောင်စီကို ဖွဲ့စည်းပြီး နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးကို တာဝန်ယူဆောင်ရွက်ခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ်မှာ ပြည်တွင်း၊ပြည်ပအဖျက်သမားများက နိုင်ငံတော်ပြိုကွဲအောင် လုပ်ဆောင်ခဲ့လို့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းပြီးနိုင်ငံတော်ရဲ့အာဏာကို မလွှဲမရှောင်သာ ထိန်းသိမ်းခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ၂၀၁၀ ပြည့်နှစ်မှစတင်ပြီး ပြည်သူများရဲ့ဆန္ဒအရဒီမိုကရေစီစနစ်ကို    ကျင့်သုံးခဲ့ပါတယ်။

ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့ကြသည်မှာ ၁၀ စုနှစ်တစ်ခုထိ ကြာမြင့်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ မဲမသမာမှုများနဲ့  နိုင်ငံတော်အာဏာကို ရယူဖို့လုပ်ဆောင်ခဲ့တာကြောင့်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး နိုင်ငံ့တာဝန်ကို ယူခဲ့ရပြန်ပါတယ်။ နိုင်ငံရေးနည်းနဲ့မရတဲ့အခါ အကြမ်းဖက်တဲ့နည်းနဲ့ နိုင်ငံတော်အာဏာကိုရယူဖို့   ကြိုးစားလာကြပါတယ်။

မြန်မာနိုင်ငံရဲ့လက်ရှိကာလ တွေ့ကြုံနေရတဲ့ ပြည်တွင်းရေးမငြိမ်သက်မှုနဲ့ စစ်ပွဲတွေဖြစ်ပေါ်နေရခြင်းမှာ ပြည်ပနိုင်ငံအချို့ရဲ့ သွေးထိုးနှောင့်ယှက်မှုများ ပါဝင်ပတ်သက်လျက် ရှိပါတယ်။ ပြည်ပရောက် အဖွဲ့အစည်းများဖြစ်သည့် CRPHနဲ့ NUGတို့ဟာနိုင်ငံတော်အုပ်ချုပ်မှု ယန္တရားရပ်တန့်အောင် လုပ်ဆောင်နေကြပါတယ်။ PDF များကိုမွေးထုတ်ကာ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လာကြပါတယ်။ အများပြည်သူသွားလာတဲ့ ကားလမ်းမပေါ်မှာ မိုင်းထောင်တာ၊ ပညာရေးဝန်ထမ်းများကို လုပ်ကြံတာ၊ ဘုရားကျောင်းကန်များကို ဖျက်ဆီးတာနဲ့ ရဟန်းများကိုသတ်ဖြတ်တာ စတဲ့စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်များကို     ပြုမူလာကြပါတယ်။ ပြည်သူတို့မှာလည်း  အေးချမ်းစွာ နေထိုင်လိုကြပါတယ်။ အကြမ်းဖက်မှုများ ပပျောက်ဖို့နဲ့ နိုင်ငံတော်ကာကွယ်ရေးမှာ ပြည်သူတို့ဟာ    တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ရပါမယ်။    ဒီလိုဆောင်ရွက်ရာမှာ      ကာကွယ်ရေးစွမ်းအားစုများ ကောင်းမွန်နေဖို့ရာ  အလွန်အရေးကြီးပါတယ်။    ကာကွယ်ရေးစွမ်းအားစုများကို မြန်မာ့တပ်မတော်မှ ဦးဆောင်လျက်ရှိပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက “ပြည်သူ့စစ်မှုထမ်းဥပဒေ”ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ   စတင်အာဏာ တည်စေရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကယနေ့ကာလမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းပြီး တပ်မတော်အနေနဲ့ပြည်သူ့စစ်မှုထမ်း သင်တန်းများကို  ဖွင့်လှစ်လေ့ကျင့်လျက်ရှိရာမှာ ယခုဆိုလျှင် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၃)အထိ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁)တွေဟာ ဆိုရင် သင်တန်းဆင်းပြီး  မြန်မာနိုင်ငံအနှံ့ရှိ တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်တွေမှာ တာဝန် ထမ်းဆောင်နေကြပြီဖြစ်ပါတယ်။

တပ်မတော်ရဲ့    ကောင်းမွန်တဲ့အစဉ်အလာတွေကို လက်ဆင့်ကမ်း သယ်ဆောင်နေကြပါပြီ။  ငါ့နိုင်ငံတော်၊  ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက်ဆိုတဲ့     မျိုးချစ်စိတ်ဓာတ်မှာလည်း    ကိန်းအောင်းသွားကြပါပြီ။ လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆိုတဲ့ ဆောင်ပုဒ်အတိုင်း မိခင်ကျောင်းတော်ကြီးက သင်ကြားပေးလိုက်တဲ့ ခေတ်မီစစ်အတတ်ပညာများကိုလည်း   တတ်မြောက်ကြပြီးလက်တွေ့နယ်ပယ်မှာ  အသုံးချကြရမှာ ဖြစ်ပါတယ်။ တပ်မတော်အစဉ်အလာ(၁၂)ရပ်ကိုစောင့်ထိန်းပြီး မြင့်မြတ်တဲ့ဂုဏ်ဒြပ်နဲ့ ပြည့်စုံတဲ့တပ်မတော်သား သူရဲကောင်းများဖြစ်လာကြကာ  တိုင်းပြည်ကအားကိုးအားထားပြုရတဲ့ စစ်သည်တော်ကောင်းများ ဖြစ်လာမှာကတော့ ဧကန်မလွဲဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် ပြည်သူ့စစ်မှုထမ်းများ မွေးထုတ်ပေးခြင်းမှာ ပြည်သူအားလုံးပါဝင်တဲ့ စနစ်ကို  ဖော်ဆောင်နေခြင်းဖြစ်ပါတယ်။ လက်ရှိနိုင်ငံ့အခြေအနေကြောင့်မဟုတ်ဘဲ အနာဂတ်ဒီမိုကရေစီ စနစ်ကိုလက်တွေ့ အကောင်အထည်ဖော်ဆောင်မယ့် အစိုးရများအတွက်  ချမှတ်ပေးတဲ့ ရေရှည်စီမံကိန်း တစ်ခုဖြစ်ပါတယ်။

ပထဝီနိုင်ငံရေးနဲ့ ကမ္ဘာ့အခြေအနေ အကြောင်းအရာများကြောင့်လည်း ပြဋ္ဌာန်းရခြင်းဖြစ်ပါတယ်။ စစ်မှုထမ်းဆောင်ခြင်းနဲ့ ကာကွယ်ရေးအင်အား တိုးတက်ရေးတို့ အတွက်သာမကဘဲ ပြည်ထောင်စုမပြိုကွဲရေး၊  တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန် အရေးသုံးပါးကိုလည်း ကာကွယ်စောင့်ရှောက်ရာကို ရောက်ရှိ ကြောင်း ရေးသားလိုက်ရပါတယ်။   ။