စည်းကမ်းရှိသော လူမျိုးအဖြစ် ရပ်တည်ကြပါစို့

 

စည်းကမ်းရှိသော လူမျိုးအဖြစ် ရပ်တည်ကြပါစို့

စည်းကမ်းဆိုသည်မှာ

ကျွန်ုပ်တို့လိုက်နာရမည့်စည်းကမ်းများစွာရှိသည်။ ဥပမာ - ဘာသာရေး၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့်အုပ်ချုပ်မှုဆိုင်ရာစည်းကမ်းတို့ဖြစ်ကြသည်။   စည်းကမ်းအမျိုးမျိုးရှိစေကာမူ အမျိုးအစားခွဲခြားပါက ဆောင်ရန် စည်းကမ်းနှင့်  ရှောင်ရန်စည်းကမ်းဟူ၍ နှစ်မျိုးသာ ခွဲခြားနိုင်သည်။   ဆောင်ရန်စည်းကမ်းဆိုသည်မှာ မပျက်မကွက်   လိုက်နာဆောင်ရွက်ရမည့် အချက်ဖြစ်ပြီး ရှောင်ရန်စည်းကမ်းဆိုသည်မှာ လုံးဝမပြုလုပ်ရန် တားမြစ်ထားသည့် ရှောင်ကြဉ်ရမည့် အချက်များ ဖြစ်ကြသည်။   ဤသို့ ဆောင်ရွက်သင့်သည်များကို မပျက်မကွက် ဆောင်ရွက်ပြီး ရှောင်ကြဉ်သင့်သည်များကို ရှောင်ကြဉ်နေမှုကြောင့် တိုးတက်အောင်မြင်မှု အပေါင်းကိုရရှိသည်။ ဆောင်ရွက်သင့်သည်များကို မဆောင်ရွက်ဘဲ မဆောင်ရွက်သင့်သည်များကို ကျူးလွန်နေခြင်းကြောင့် ထိခိုက်ဆုတ်ယုတ်မှုအမျိုးမျိုး ဖြစ်ပေါ်ခံစားရသည်။ စည်းကမ်းလိုက်နာမှုသည်  တိုးတက်အောင်မြင်မှုအပေါင်း၏ ပင်မအရင်းအမြစ်ဖြစ်ပြီး စည်းကမ်းမဲ့မှုသည် ထိခိုက်ဆုတ်ယုတ်မှု အပေါင်း၏ ပင်မအရင်းအမြစ်ဖြစ်သည်။

စည်းကမ်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မည်လော သို့မဟုတ် ဆုတ်ယုတ်နေမည်လောဆိုသည်မှာ နိုင်ငံသားများ၏ စည်းကမ်းလိုက်နာမှု အဆင့်အတန်းပေါ် များစွာမူတည်သည်။ နိုင်ငံသားများ စည်းကမ်းလိုက်နာမှုအဆင့် မြင့်မားပါက နိုင်ငံဖွံ့ဖြိုးတိုးတက်သည်။ စည်းကမ်းလိုက်နာသည့်အခါ အမိနိုင်ငံအပေါ် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည့်အရာမှန်သမျှကို ပြုလုပ်ပြီး  မဆောင်ရွက်သင့် မဆောင်ရွက်ထိုက်သည်များကို လုံးဝရှောင်ကြဉ်သည်။ နိုင်ငံသားများ စည်းကမ်းလိုက်နာနေခြင်းသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင် ပေးနေခြင်း ဖြစ်ပြီး စည်းကမ်းမလိုက်နာခြင်းသည် နိုင်ငံအတွက် ထိခိုက်ဆုတ်ယုတ်မှုကို ဖန်တီးပေးနေခြင်းဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စေမည့် စည်းကမ်း၏ အကျိုးတရားများကို   အောက်ပါခေါင်းစဉ်များဖြင့် ဖော်ပြလိုပါသည်။

စည်းကမ်းနှင့်စွမ်းရည်မြင့်မားမှု

စည်းကမ်းကို အစဉ်လေးစားလိုက်နာသည့်အခါ စွမ်းရည်မြင့်မားမှုဟူသော အကျိုးတရားကိုရရှိသည်။ စည်းကမ်းအတိုင်း  လိုက်နာဆောင်ရွက်နေမှုကြောင့် ဘဝခရီးတစ်လျှောက်လုံး    ကောင်းမှုမှန်သမျှကို ဆောင်ရွက်ပြီး မကောင်းမှုမှန်သမျှကို ရှောင်ကြဉ်သည်။ အမှန်ဟူသမျှကို လိုက်နာဆောင်ရွက်ပြီး အမှားဟူသမျှကို လုံးဝရှောင်ကြဉ်သည်။ ဆောင်ရွက်သင့်ဆောင်ရွက်ထိုက်သည်များကို   မပျက်မကွက် ဆောင်ရွက်ပြီး မဆောင်ရွက်သင့်၊ မဆောင်ရွက်ထိုက်သည့် အရာမှန်သမျှကို မပြုလုပ်ဘဲနေသည်။ ဤသို့လိုက်နာနေမှုကြောင့် မူလအရည်အချင်းများ တိုးတက်မြင့်မားလာသည်။   အဆင့်မြင့်အတွေ့အကြုံများ ပိုမိုရရှိလာသည်။ လုပ်ငန်းကျွမ်းကျင်မှုများ မူလကထက် ပိုမိုအဆင့်မြင့်မားလာသည်။ ဤသို့တိုးတက် မြင့်မားလာခြင်းသည်  စွမ်းရည်မြင့်မားလာခြင်းဖြစ်သည်။

ဤသို့စွမ်းရည်မြင့်မားလာရခြင်းသည် စည်းကမ်းကို အစဉ်လေးစား လိုက်နာနေသောကြောင့် ဖြစ်သည်။

အကယ်၍  စည်းကမ်းမဲ့စွာ  နေထိုင်ပြုမူနေပါက စွမ်းရည်များနိမ့်ကျနေမည်။ စည်းကမ်းလိုက်နာခြင်းသည် စွမ်းရည်ကိုမြှင့်တင်ပေးနေခြင်းဖြစ်ပြီး စည်းကမ်းမဲ့ခြင်းသည်  စွမ်းရည်ကိုနှိမ့်ချပစ်နေခြင်းဖြစ်သည်။

ထို့ကြောင့် ကျွန်ုပ်တို့၏ စွမ်းရည်အစဉ်မြင့်မားနေစေရန်အတွက် စည်းကမ်းကို လေးစားတန်ဖိုးထားစွာ လိုက်နာဆောင်ရွက်နေကြရမည်။

စည်းကမ်းနှင့်အသိ၊ သတိတရားကြီးမားမှု

စည်းကမ်းကို အစဉ်လေးစားလိုက်နာသည့်အခါ အသိ၊ သတိတရားကြီးမားမှုဟူသော အကျိုးတရားကိုရရှိသည်။  စည်းကမ်းက  ညွှန်ကြားထားသော ဆောင်ရန်နှင့်ရှောင်ရန်အချက်များသည် ဘဝခရီးအတွက် အဖိုးတန် အသိနှင့်သတိတရားများ ဖြစ်ကြသည်။ စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်နေမှုကြောင့် ယင်းဆောင်ရန်နှင့် ရှောင်ရန်အချက်များကို အမြဲနှလုံးသွင်းဆင်ခြင်သည်။ ဤသို့အမြဲနှလုံးသွင်း ဆင်ခြင်နေမှုကြောင့် အသိတရားကြီးမားလာသည်။

ထို့အတူ ကိုယ်၊ နှုတ်၊ နှလုံးဆိုင်ရာ သုံးပါးအပြုအမူတစ်ခုခုကို     မိမိဆန္ဒရှိသည့်အတိုင်းမပြုမူဘဲ စည်းကမ်း၏ ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် စစ်ဆေးသည်။ ယင်းဆောင်ရန်၊ ရှောင်ရန်အချက်များအတိုင်း လိုက်နာဆောင်ရွက်သည်။ ဤသဘောသည် သတိကြီးမားလာခြင်းဖြစ်သည်။ စည်းကမ်းလိုက်နာနေမှုကြောင့် အသိတရားသာမကဘဲ သတိတရားပါကြီးမားလာခြင်းဖြစ်သည်။ အကယ်၍ စည်းကမ်းမဲ့စွာ နေထိုင်ပြုမူနေပါက အသိ၊ သတိတရားကင်းလွတ်ကာ အမှားအမျိုးမျိုးကို  ကျူးလွန်နေမည်။  စည်းကမ်းလိုက်နာခြင်းသည် အသိ၊ သတိတရားကို မြှင့်တင်ပေးနေခြင်းဖြစ်ပြီး စည်းကမ်းမဲ့ခြင်းသည် အသိ၊  သတိတရားကို အစဉ်နှိမ့်ချပစ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အသိ၊ သတိတရားကို အစဉ်မြင့်မားနေစေရန်အတွက် စည်းကမ်းကို လေးစားတန်ဖိုးထားစွာ အစဉ်လိုက်နာဆောင်ရွက်နေကြရမည်။

စည်းကမ်းနှင့် အသင့်အနေအထားရှိမှု

စည်းကမ်းကို အစဉ်လေးစားလိုက်နာသည့်အခါ အနာဂတ်အခြေအနေများအတွက်   အသင့်ရှိမှုဟူသော အကျိုးတရားကိုရရှိသည်။ စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်နေမှုကြောင့် ဆောင်ရွက်ရမည့်အရာများနှင့် ရှောင်ကြဉ်ရမည့်အရာများကို အမြဲနှလုံးသွင်းဆင်ခြင်သည်။ ဤသို့အမြဲနှလုံးသွင်းဆင်ခြင်နေသည့်အတွက် အသိတရားနှင့် သတိတရားကြီးမားလာသည်။ အသိနှင့်သတိတရားကြီးမားလာမှုကြောင့် မိမိ ၏ပစ္စုပ္ပန် ကာလကို အမှန်အတိုင်း အရှိအတိုင်းသိမြင် လာသည်။ ပစ္စုပ္ပန်ကာလကို ပကတိအခြေအနေမှန်အတိုင်း သိမြင်မှုကြောင့်  အနာဂတ်ကာလတွင် မည်သည့်အခြေအနေများ ဖြစ်ပေါ်လာမည်ကို မှန်ကန်စွာ ထိုးထွင်းသိမြင်သည်။ အနာဂတ်ကာလ အခြေအနေများကို မှန်ကန်စွာ သိမြင်နေမှုကြောင့် လိုအပ်သောပြင်ဆင်မှုများ ပြုလုပ်ရမည်ဆိုသည့်သတိ ဖြစ်ပေါ်လာသည်။ ယင်းသတိတရားအတိုင်း လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုကို ပစ္စုပ္ပန်ကာလတွင် အချိန်မီပြုလုပ်သည် ဤကဲ့သို့ အနာဂတ်ကာလအတွက်  လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုကို ပစ္စုပ္ပန်တွင် အချိန်မီပြုလုပ်ထားခြင်းသည် အသင့်အနေအထားတွင်ရှိနေခြင်း သဘောဖြစ်သည်။ ဤကဲ့သို့ အသင့်အနေထားတွင်ရှိနေခြင်းသည်   စည်းကမ်းကို အစဉ်လေးစား လိုက်နာနေသောကြောင့်ဖြစ်သည်။ စည်းကမ်းလိုက်နာခြင်းသည် အသင့်အနေအထားတွင်  အမြဲရှိနေရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး စည်းကမ်းမဲ့ခြင်းသည် မေ့လျော့ပေါ့ဆသည့် အနေအထားသို့ ရောက်ရှိရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ထို့ကြောင့်  အသင့်အနေအထားတွင် ကျွနု်ပ်တို့အမြဲရှိနေရန်အတွက် စည်းကမ်းကို လေးစားတန်ဖိုးထားစွာ အစဉ်လိုက်နာဆောင်ရွက်နေကြရမည်။

စည်းကမ်းနှင့်စိတ်ဓာတ်ကြံ့ခိုင်မှု

စည်းကမ်းကို အစဉ်လေးစားလိုက်နာသည့်အခါ စိတ်ဓာတ်ကြံ့ခိုင်မှုဟူသောအကျိုးတရားကိုရရှိသည်။ စည်းကမ်းအတိုင်း လိုက်နာ ဆောင်ရွက်နေမှုကြောင့် တာဝန်တစ်ရပ်ကိုဆောင်ရွက်ရာတွင် ကြုံတွေ့လာရသော အခက်အခဲ၊ အကျပ်အတည်း၊ အနှောင့်အယှက်အမျိုးမျိုးတို့ကို အညံ့ခံအရှုံးမပေးဘဲ ကြံ့ကြံ့ခံရင်ဆိုင်ပြီး ဆောင်ရွက်ရမည့် တာဝန်ကို  ပြီးမြောက်အောင်မြင်အောင်ဆောင်ရွက်သည်။  အခြေအနေဆိုးအမျိုးမျိုး၊ ဘေးအန္တရာယ် အမျိုးမျိုးတို့ကို  ကာလရှည်ကြာစွာ ရင်ဆိုင်ခံစားနေ ရစေကာမူ  အညံ့ခံအရှုံးမပေးဘဲ အထက်မှပေးအပ်သော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သည်။  လောကပတ်ဝန်းကျင်ကြီးက ဖိအားအမျိုးမျိုး၊ မြှူဆွယ်မှုအမျိုးမျိုး၊ ခြိမ်းခြောက်မှု အမျိုးမျိုးပြုလုပ်နေစေကာမူ   အညံ့ခံအရှုံးမပေးဘဲ မိမိစောင့်သိရမည့်သစ္စာကိုစောင့်သိသည်။   မိမိထိန်းသိမ်းရမည့် ကျင့်ဝတ်ကို မဖောက်မပြန်ထိန်းသိမ်းသည်။ လောကနှင့်ပတ်ဝန်းကျင်ကြီး၏ မဟုတ်မမှန်ထိန်းချုပ်နေမှုမှန်သမျှကို ရှက်ဖွယ်ကောင်းစွာ အညံ့ခံအရှုံးမပေးဘဲ လောကနှင့်ပတ်ဝန်းကျင်ကို မိမိကသာ ပြန်လည်ထိန်းချုပ်နိုင်ရန် အစဉ်ကြိုးပမ်းသည်။ ဤအချက်များသည် စိတ်ဓာတ်ကြံ့ခိုင်မြင့်မားခြင်း သဘောဖြစ်သည်။ ဤသို့စိတ်ဓာတ်ကြံ့ခိုင်မြင့်မားလာခြင်းသည် စည်းကမ်းကို အစဉ်လေးစား လိုက်နာနေသောကြောင့်ဖြစ်သည်။ အကယ်၍ စည်းကမ်းမဲ့စွာ နေထိုင်ပြုမူနေပါက စိတ်ဓာတ်ပျော့ညံ့သည့် အခြေအနေမျိုးသို့ ရောက်ရှိနေမည်။   စည်းကမ်းလိုက်နာခြင်းသည် စိတ်ဓာတ်ကြံ့ခိုင်မှုကို    မြှင့်တင်ပေးနေခြင်းဖြစ်ပြီး စည်းကမ်းမဲ့ခြင်းသည် စိတ်ဓာတ်ကြံ့ခိုင်မှုကို နှိမ့်ချပစ်နေခြင်းဖြစ်သည်။ ထို့ကြောင့် ကျွနု်ပ်တို့၏ စိတ်ဓာတ်များ အစဉ်ကြံ့ခိုင်မြင့်မားနေစေရန်အတွက် စည်းကမ်းကို လေးစားတန်ဖိုးထားစွာ အစဉ်လိုက်နာဆောင်ရွက်နေကြရမည်။

စည်းကမ်းနှင့်ဂုဏ်သိက္ခာမြင့်မားမှု

စည်းကမ်းကို အစဉ်လေးစားလိုက်နာသည့်အခါ ဂုဏ်သိက္ခာမြင့်မားမှုဟူသော အကျိုးတရားကိုရရှိသည်။ စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်နေမှုကြောင့် ဘဝခရီးတစ်လျှောက်လုံး ကောင်းမှုဟူသမျှကို ဆောင်ရွက်ပြီး မကောင်းဟူသမျှကို ရှောင်ကြဉ်သည်။  ဤသို့ကောင်းမှုမှန်သမျှကိုဆောင်ရွက်ပြီး   မကောင်းမှု မှန်သမျှကို ရှောင်ကြဉ်နေမှုကြောင့် ဟီရိဟူသော မကောင်းမှုပြုရမည်ကိုရှက်သည့်စိတ်နှင့်   သြတ္တပ္ပဟူသော မကောင်းမှုပြုရမည်ကို  ကြောက်သည့်စိတ်တို့ဖြစ်ပေါ်ကိန်းအောင်းလာသည်။ ဟီရိသြတ္တပ္ပတရားနှစ်ပါးသည်  လောကကိုစောင့်ရှောက်သောတရားနှစ်ပါးဟုအဆိုရှိသည်။   ဟီရိသြတ္တပ္ပတရားနှင့် နှစ်ပါးအညီနေထိုင်ခြင်းသည်   မိမိလောကနှင့်ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်နေခြင်းပင် ဖြစ်သည်။  မိမိလောကနှင့် ပတ်ဝန်းကျင်ကို သစ္စာရှိစွာ ကာကွယ်စောင့်ရှောက်နေသောကြောင့်  တန်ဖိုးနှင့်ဂုဏ်သိက္ခာမြင့်မားသော  ပုဂ္ဂိုလ်အဖြစ်  ရောက်ရှိသည်။  ဤသို့ တန်ဖိုးနှင့်ဂုဏ်သိက္ခာမြင့်မားသော ပုဂ္ဂိုလ်အဖြစ် ရောက်ရှိရခြင်းမှာ စည်းကမ်းကို အစဉ်လေးစား လိုက်နာနေသောကြောင့် ဖြစ်သည်။  ထို့ကြောင့် ကျွန်ုပ်တို့၏ တန်ဖိုးနှင့် ဂုဏ်သိက္ခာ အစဉ်မြင့်မား နေစေရန်အတွက် စည်းကမ်းကို လေးစားတန်ဖိုးထားစွာ အစဉ်လိုက်နာ ဆောင်ရွက်နေကြရမည်။

စည်းကမ်းနှင့်တာဝန်သိစိတ် တာဝန်ကျေပွန်စိတ်

စည်းကမ်းကို အစဉ်လေးစားလိုက်နာသည့်အခါ တာဝန်သိစိတ်၊ တာဝန်ကျေပွန်စိတ် မြင့်မားလာခြင်း ဟူသော အကျိုးတရားကို ရရှိသည်။ စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်နေမှုကြောင့် အမိနိုင်ငံအတွက် ကောင်းကျိုးဖြစ်စေမည့်အရာ သို့မဟုတ် အမိနိုင်ငံအတွက် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည့် အရာဖြစ်ပါက မည်သူ့တိုက်တွန်းချက်ကိုမှ စောင့်မနေဘဲ မိမိ၏စိတ်စေတနာ  သို့မဟုတ် မိမိ၏အသိစိတ်ဓာတ်ဖြင့် တာဝန်ယူဆောင်ရွက်သည်။

ထို့အတူ အမိနိုင်ငံအားထိခိုက်ဆုတ်ယုတ်စေမည့် အရာဖြစ်နေပါက မည်သူ့တိုက်တွန်းချက်ကိုမှ စောင့်မနေဘဲ မိမိကိုယ်ပိုင်ဆန္ဒဖြင့်  အမြန်ဆုံးဝင်ရောက် ကာကွယ်တားဆီးသည်။ ဤသို့ မိမိ၏အသိစိတ်ဓာတ်ဖြင့် ဆောင်ရွက်ရာတွင်    မည်သို့သောစွန့်လွှတ်စွန့်စား အနစ်နာခံမှု အမျိုးမျိုးကို  ပြုလုပ်နိုင်သည်။ 

ဤအချက်များသည် တာဝန်သိစိတ်၊ တာဝန်ကျေပွန်စိတ် မြင့်မားလာခြင်းဖြစ်သည်။ ဤသို့ တာဝန်သိစိတ်၊ တာဝန်ကျေပွန်စိတ် မြင့်မားလာခြင်းသည် စည်းကမ်းကို အစဉ်လေးစား လိုက်နာသောကြောင့် ဖြစ်သည်။ 

အကယ်၍  စည်းကမ်းမဲ့စွာနေထိုင်နေပါက တာဝန်သိစိတ်၊ တာဝန်ကျေပွန်စိတ်များဖြစ်ပေါ်မလာဘဲ တာဝန်မဲ့စိတ်၊   တာဝန်ရှောင်လွှဲစိတ်များဖြစ်ပေါ်နေမည်။ စည်းကမ်းလိုက်နာနေခြင်းသည် တာဝန်သိစိတ်၊ တာဝန် ကျေပွန်စိတ်ကို မြင့်မားစေပြီး စည်းကမ်းမဲ့ခြင်းသည် တာဝန်မဲ့စိတ်၊ တာဝန်ရှောင်လွှဲစိတ်ကို  ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ကျွနု်ပ်တို့၏ တာဝန်သိစိတ်၊ တာဝန်ကျေပွန်စိတ်အစဉ်မြင့်မားနေစေရန်အတွက်  စည်းကမ်းကိုလေးစားတန်ဖိုးထားစွာ  အစဉ်လိုက်နာဆောင်ရွက်နေရကြမည်။

စည်းကမ်းနှင့်ခံယူချက်၊ ယုံကြည်ချက်၊ မှန်ကန်မှု

စည်းကမ်းကို အစဉ်လေးစားလိုက်နာသည့်အခါ ခံယူချက်၊ ယုံကြည်ချက်မှန်ကန်ခြင်းဟူသော အကျိုးတရားကို ရရှိသည်။ စည်းကမ်းအတိုင်း လိုက်နာ ဆောင်ရွက်နေမှုကြောင့်  ဘဝခရီးတစ်လျှောက်လုံး ကောင်းမှုမှန်သမျှကိုဆောင်ပြီး မကောင်းမှုမှန်သမျှကို ရှောင်ကြဉ်သည်။ ထို့အတူ အမှန်ဟူသမျှကို လိုက်နာဆောင်ရွက်ပြီး အမှားဟူသမျှကို ရှောင်ကြဉ်သည်။ အသိ သတိတရားများဖြင့် နေထိုင်မှုကြောင့် စိတ်နှလုံးအတွင်းသို့ မကောင်းမှုတရား၊ အမှားတရားများ ဝင်ရောက်မလာဘဲ ကောင်းမှုတရား၊ အမှန်တရားများသာ ဝင်ရောက်လာသည်။ ဤသို့ကောင်းမှုတရား၊   အမှန်တရားများ ဝင်ရောက်နေမှုကြောင့် စိတ်နှလုံးဖြူစင်သန့်ရှင်းလာသည်။ စိတ်နှလုံးဖြူစင် သန့်ရှင်းလာမှုကြောင့်   လောကပတ်ဝန်းကျင်ကြီးနှင့် ပတ်သက်၍    မှန်ကန်သောအသိအမြင်များ ဖြစ်ပေါ်လာသည်။ ဤသို့ မှန်ကန်သော အသိအမြင်များကြောင့် ခံယူချက်၊ ယုံကြည်ချက်များ မှန်ကန်မှုရှိလာကြသည်။ ဤသို့ ခံယူချက်၊ ယုံကြည်ချက်များ မှန်ကန်မှုရှိလာခြင်းမှာ စည်းကမ်းကို အစဉ်လေးစား လိုက်နာနေသောကြောင့်ဖြစ်သည်။  ထို့ကြောင့် ကျွနု်ပ်တို့၏ခံယူချက်၊ ယုံကြည်ချက်များ မှန်ကန်မွန်မြတ်စေရန်အတွက်    စည်းကမ်းကိုလေးစားတန်ဖိုးထားစွာ   အစဉ်လိုက်နာ ဆောင်ရွက်နေကြရမည်။

စည်းကမ်းနှင့် စည်းလုံးညီညွတ်မှု

စည်းကမ်းကို အစဉ်လေးစားလိုက်နာသည့်အခါ စည်းလုံးညီညွတ်မှုမြင့်မားလာခြင်းဟူသော အကျိုး တရားကိုရရှိသည်။ စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်နေမှုကြောင့် တစ်ဦးအပေါ်တစ်ဦးစောင့်သိရမည့် သစ္စာတရားများကိုစောင့်သိသည်။ တစ်ဦးအပေါ်တစ်ဦး ထိန်းသိမ်းရမည့်ကျင့်ဝတ်မှန်သမျှကို ထိန်းသိမ်းသည်။  တစ်ဦးအပေါ်တစ်ဦး  ကျေပွန်ရမည့်လူမှုဝတ္တရားမှန်သမျှကို   ကျေပွန်စွာဆောင်ရွက်သည်။

တစ်ပြိုင်နက်တည်းမှာပင်    တစ်ဦးအပေါ်တစ်ဦး သစ္စာမဲ့မှု၊ လိမ်ညာလှည့်စားမှု၊ တစ်ဦး၏ အကျိုးကိုတစ်ဦးက ပျက်စီးစေမှု   စသည့်လုပ်ရပ်မှန်သမျှကို လုံးဝမပြုလုပ်ဘဲ ရှောင်ကြဉ်သည်။ ဤသို့ဆက်ဆံရေးဆိုင်ရာ စည်းကမ်းအတိုင်း  လိုက်နာဆက်ဆံနေမှုကြောင့်  တစ်ဦးနှင့်တစ်ဦး  အပြန်အလှန်ချစ်ခင်လေးစားလာကြသည်။   အပြန်အလှန် ယုံကြည်အားကိုးလာကြသည်။     အပြန်အလှန်ကာကွယ်စောင့်ရှောက်လာကြသည်။   အပြန်အလှန် အကျိုးပြုလာကြသည်။  ဤအချက်များသည်  အချင်းချင်းစည်းလုံးညီညွတ်လာကြသည့်  သဘောဖြစ်သည်။  

ဤသို့  စည်းလုံးညီညွတ်မှု မြင့်မားလာရခြင်းသည်   အမိနိုင်ငံ၏   လူမှုဆက်ဆံရေး စည်းကမ်းများကို အစဉ်လေးစား လိုက်နာနေသောကြောင့် ဖြစ်သည်။

ထို့ကြောင့်    ကျွနု်ပ်တို့၏စည်းလုံးညီညွတ်မှုအား အစဉ်မြင့်မားနေစေရန်အတွက်    စည်းကမ်းကို  လေးစား တန်ဖိုးထားစွာ အစဉ်လိုက်နာ ဆောင်ရွက်နေကြရမည်။

စည်းကမ်းရှိမှ တိုးတက်မည်

နိဂုံးချုပ်အနေဖြင့် တင်ပြရမည်ဆိုပါက စည်းကမ်းရှိမှ  တိုးတက်မည်ဟူသော  အဆုံးအမရှိသည်။

ဤအဆုံးအမကို နှလုံးသွင်းဆင်ခြင်နေကြရမည်။ ကျွနု်ပ်တို့အားလုံး စည်းကမ်းကိုလိုက်နာနေကြမှသာ စွမ်းရည်မြင့်မားသော၊ အသိနှင့် သတိတရားကြီးမားသော၊ အသင့်အနေအထားတွင်ရှိနေသော၊ စိတ်ဓာတ် ကြံ့ခိုင်မြင့်မားနေသော၊ ဂုဏ်သိက္ခာမြင့်မားနေသော၊ တာဝန်သိစိတ် တာဝန်ကျေပွန်စိတ် မြင့်မားနေသော၊ ခံယူချက်၊ ယုံကြည်ချက် မှန်ကန်မွန်မြတ်နေသော၊ စည်းလုံးညီညွတ်မှုမြင့်မားနေသော နိုင်ငံသားများအဖြစ် ရောက်ရှိကြမည်။  ဤကဲ့သို့ ကောင်းသောအရည်အချင်းများနှင့်ပြည့်စုံသော နိုင်ငံသားများဖြစ်ကြမှသာ အမိနိုင်ငံ၏ကောင်းကျိုးချမ်းသာအမျိုးမျိုးကို ဆောင်ရွက်ပေးနိုင်မည်။ ထို့ကြောင့် အမိနိုင်ငံတော်ကြီးအား အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံအဖြစ် ပို့ဆောင်ပေးနိုင်ရန်အတွက် စည်းကမ်းရှိသော လူမျိုးအဖြစ်   ကျွနု်ပ်တို့အစဉ် ကြိုးပမ်းရပ်တည်နေကြပါစို့ဟု တင်ပြအပ်ပါသည်။     ။

ကျော်ကျော်သန်း(မဟာဝိဇ္ဇာ)