စည်းနဲ့ ကမ်းနဲ့ မြန်မာစာ

စည်းနဲ့ ကမ်းနဲ့ မြန်မာစာ

ဒေါက်တာထွန်းတင့်

တို့အကြောင်းနှင့် ဒါတို့ပြည် ဒါတို့မြေ

(ယမန်နေ့မှအဆက်)

မြန်မာစကား၊ မြန်မာစာကို မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့် မြန်မာဆန်ဆန် အနက်ကြံဆလေ့ရှိသော ဆရာကြီးဦးဖိုးစိန်က သူ၏မြန်မာစကားနက်ကျမ်းတွင် “တို့သဒ္ဒါသည် ပေါင်းဆည်း၊ ယှဉ်ဖက်၊ ထိကပ် ခြင်းကိုဟောသည်” ဟု ဆိုခဲ့ဖူးလေပြီ။ “ပေါင်းစည်း” ဟု မဆိုဘဲ “ပေါင်းဆည်း” ဟု ဆိုသည်မှာ “တို့” ၏ကာရိုက်နက်ကို ပေါ်လွင်စေလိုသော  ဆရာကြီးဦးဖိုးစိန်၏ ဆန္ဒဟု ဆိုရပေမည်။ “တို့ သဒ္ဒါ၏ အနက် တို့ကို သတ္တုချကြည့်သော် ဆည်းခြင်း၊ ပေါင်းခြင်း၊ ဖက်ခြင်း၊ စုခြင်းဟူသော အနက်ရ၏။ ယင်းအနက် သည် တို့သဒ္ဒါ၏ မူလအနက်ရင်းဟုမှတ်ကြကုန်” ဟု မိန့်မှာခဲ့ပါသေးသည်။

ဤသို့လျှင် “တို့” ၏အနက်သည်   “ပေါင်းစည်း၊ ဆက်စပ်” ဟူသော အနက်ဖြစ်သည်ဆိုသောအချက်ကို ဘဝင်ကျကျစွဲမှတ်ကြရန်၊ လက်ခံကြရန်ဖြစ်ပေသည်။ ဤသည်မှာ ကြိယာဖြစ်သော “တို့” ၏အဓိပ္ပာယ် ခြောက်မျိုးကို အခြေပြု၍ ဖွင့်ဆိုသော “တို့” အနက်ရင်းဖြစ်ပေသည်။ အခြားသော “တို့” အသုံးများ၊ “တို့” အဓိပ္ပာယ်များကိုလည်း လေ့လာ ဆင်ခြင်ကြရပေလိမ့်ဦးမည်။

ပစ္စည်း “တို့”

“တို့” ကို ပစ္စည်းအဖြစ်   အောက်ပါအတိုင်း သုံးနှုန်းကြပါသည်။

၁။ “တို့” - ပေါင်းစည်းခြင်းကိုပြသောစကားလုံး။

(က)   နာမ်တစ်မျိုးတည်း၏ နောက်၌တည်၍ ထိုနာမ်၏ ပေါင်းစည်းခြင်းကိုပြသည်။

သာဓက။  ။   လူတို့၊ နတ်တို့၊ ဗြဟ္မာတို့၊ သတ္တဝါတို့၊ ဆင်တို့၊ မြင်းတို့၊ ကျွဲတို့၊ နွားတို့ စသည်။

(ခ)     နာမ်အများ၏ နောက်၌တည်၍ ထိုနာမ်အများ၏ ပေါင်းစည်းခြင်းကိုပြသည်။

သာဓက။  ။   စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့တွင်

          -        ကျွန်တော်၊   ကျွန်တော့်အမေ၊ ကျွန်တော့်အဖေတို့

          -        ပိန္နဲသီး၊ သရက်သီး၊ သင်္ဘောသီးတို့

(ဂ) နာမ်စား၏ နောက်၌တည်၍ ထိုနာမ်စား၏ ပေါင်းစည်းခြင်းကိုပြသည်။

သာဓက။  ။   ငါတို့၊ ကျွန်တော်တို့၊ နင်တို့၊ သင်တို့၊ ညည်းတို့၊ သူတို့၊ သင်းတို့၊ ယင်းတို့၊ ၎င်းတို့ စသည်။

၂။ “တို့” - ကြိယာ၏ နောက်၌တည်၍ ယင်းကြိယာ၏ အဓိပ္ပာယ်ကို ပြုပြင်ပေးသည့်စကားလုံး။

(ရှေးသုံး၊ ကဗျာသုံး၊ စာသုံး)

သာဓက။      ။        ရုတ်တရက်ကြီး၊ ခုံမီးခုံမင်၊ သွားချေလျှင်လည်း၊ နာကျင်ပြင်းပြ၊ ချောက်တွင်းကျ၍၊ ထိရှစုတ်ပြတ်၊ သေတို့တတ်၏။

တို့သည် အထက်ပါအတိုင်း နာမ်၊ နာမ်စားတို့၏ ပေါင်းစည်းခြင်းကိုပြရာ၌ ထိုနာမ်၊ နာမ်စားတို့ တပေါင်းတစည်းတည်းဖြစ်မှုကိုသာ အဓိကညွှန်ပြပါသည်။ တစ်ခုထက်ပိုသော အရေအတွက်ကို ဟော သည်ဟုကားဆိုနိုင်ပါသည်။   “ပေါင်းစည်း၊ ဆက်စပ်” နက်ပင်ဖြစ်သည်။

နာမ်စား “တို့”

၁။ “တို့” ကို အပြောစကားတွင် ငါတို့၊ ကျွန်တော်တို့၊ ကျွန်မတို့အစားသုံးသည်။

သာဓက။      ။        တို့ပြည်တို့မြေ၊ တို့ဘိုးဘွားအမွေ၊ ဒါတို့ပြည်၊ ဒါတို့မြေ၊ တို့ပိုင်နက်မြေ၊ တို့တစ်တွေ၊ တို့တာဝန်စသည်။

၂။ “တို့” ကို အပြောစကားတွင် “ငါ၊ ကျွန်တော်၊ ကျွန်မ” အစားသုံးသည်။

သာဓက။      ။        တို့ကိုလာမခေါ်နဲ့၊ တို့မလိုက်တော့ဘူး။ တို့နေမကောင်းဘူး။

၃။ “တို့” ကို အပြောစကားတွင် “နင်၊ သင်၊ ရှင်” အစားလည်းသုံးသည်။

သာဓက။      ။        ကိုယ့်ကို နားလည်ပေးပါ တို့ရယ်။

                   တို့ကို မနှိုးရက်လို့ မနက်က မပြောဖြစ်တာပါ။

ဤတွင်  နာမ်စား “တို့” သည် မူလက “ငါတို့၊ ကျွန်တော်တို့၊ ကျွန်မတို့” အစားသုံးသော “တို့” ဖြစ်ပါ သည်။ ငါတို့အစုအပေါင်း၊ ကျွန်တော်တို့အစုအပေါင်း၊ ကျွန်မတို့အစုအပေါင်းဟု ဆိုလိုပေသည်။ “ပေါင်းစည်း၊ ဆက်စပ်” အနက်ပင်ဖြစ်သည်။ နောင်မှ “ငါ၊ ကျွန်တော်၊ ကျွန်မ၊ နင်၊ သင်၊ ရှင်” စသည် ဧကဝုစ်အသုံးသို့ ပြောင်းရွှေ့သွားခြင်းဟု မှတ်ယူရပါမည်။

နိဂုံးချုပ်ပါမည်။ “တို့” အကြောင်းကို ဤမျှရှင်းလင်းပြသည်မှာ “တို့” အသုံးအနှုန်း၊ “တို့” အဓိပ္ပာယ်၊ “တို့” အနက်တို့ကို ခြေခြေမြစ်မြစ် သိထားကြစေလို၍ ဖြစ်ပါသည်။ “တို့” ၏အနက်၊ အဓိပ္ပာယ်၊ အသုံးအနှုန်း တို့ကို သိမှ “တို့” ကို စနစ်တကျ မှန်မှန်ကန်ကန်သုံးနိုင်ကြမည်ဖြစ်ပါသည်။ အဓိကအားဖြင့် “ငါတို့၊ ကျွန်တော်တို့၊ ကျွန်မတို့” အစားသုံးသော နာမ်စား “တို့” ကို  စနစ်တကျမှန်မှန်ကန်ကန်သုံးနှုန်းကြစေရန် ရည်ရွယ်ပါသည်။ ဤမျှဖြင့် နာမ်စား “တို့” ကို တဝမ်းပူလုံးကြီးတင် တစ်ချောင်းငင်အောက်မြစ် “တို့” ဖြင့်သာ သုံးနှုန်းရေးသားသင့်ကြပါကြောင်း တင်ပြလိုက်ရပါသည်။

“တို့” ကို တဝမ်းပူဖြင့်သာ သုံးနှုန်းရေးသားရန် ခိုင်လုံသော အထောက်အထားများမှာ

၁။ “တို့” သာလျှင်   အနက်၊ အဓိပ္ပာယ်ရှိသော အရေးဖြစ်ခြင်း။

၂။ “တို့” သာလျှင် ထုံးမီစံမျှ၊ အရိုးကျ၊ သက်သေရသော အရေးဖြစ်ခြင်း။

၃။ “တို့”သာလျှင် မြန်မာစာအဖွဲ့က ပြုစု၍ နိုင်ငံတော်က ပြဋ္ဌာန်းထားသော စာလုံးပေါင်း ဖြစ်ခြင်းတို့ ဖြစ်ပါသည်။

မြန်မာစကားသည် တို့စကား၊မြန်မာစာသည် တို့စာ၊မြန်မာစကား၊ မြန်မာစာကို ထိန်းသိမ်းစောင့်ရှောက် ရန် တို့တာဝန်။

မြန်မာစာကို ချစ်မြတ်နိုးတတ်ပါစေ