နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့၏ ၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲနှင့် ၂၀၂၄ ခုနှစ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၀ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
နေပြည်တော် ဇူလိုင် ၉
နေပြည်တော်ကောင်စီနှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီတို့၏ ၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ဥတ္တရသီရိမြို့နယ်ရှိ ချောင်းမကြီးဆည်၊ သပြေစမ်းဆည်၊ မြောက်ပိန်းဆည်နှင့် တောင်ပိန်းဆည်တို့၏ ရေဝေရေလဲ ဧရိယာဖြစ်သော ဖိုးဇောင်းတောင်ပေါ်၌ ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာများ၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီတို့မှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးက မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် မဟော်ဂနီပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီတို့မှ ဌာနဆိုင်ရာ အကြီးအကဲများက သတ်မှတ်နေရာများတွင် သစ်ပင်ပန်းပင်များကို စိုက်ပျိုးပေးကြသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာကြသူများ စုပေါင်း၍ ကုက္ကို၊ ဧကရာဇ်၊ ကျွန်း၊ သစ်ပိတောက်၊ ယင်းမာ၊ မန်ဂျန်ရှားနှင့် မန်ကျည်း စုစုပေါင်းအပင် ၂၀၀၀ စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ယင်းနောက် နေပြည်တော် အားကစားနှင့် ကာယပညာကော်မတီ နာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်း(၁)၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၀ နှစ် အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြိုင်ပွဲများယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
ပြိုင်ပွဲအပြီးတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်နှင့် နေပြည်တော်ကောင်စီဝင်များက အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား မီတာ ၈၀၀ အပြေး ပြိုင်ပွဲ၊ အမျိုးသမီးလေးယောက်တွဲ မီတာ ၁၀၀ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲနှင့် အမျိုးသား လေးယောက်တွဲ မီတာ ၁၀၀ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲတို့တွင် ဆုရရှိသည့် အားကစား သမားများကို တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီ နာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမျိုးသမီး တံခွန်စိုက်ဆုရရှိသည့် ဒက္ခိဏသီရိမြို့နယ် အသင်း၊ အမျိုးသားတံခွန်စိုက်ဆုရရှိသည့် ပုဗ္ဗသီရိမြို့နယ်အသင်းနှင့် စုပေါင်းတံခွန်စိုက်ဆုရရှိသည့် ပုဗ္ဗသီရိမြို့နယ်အသင်းတို့ကို တံခွန်စိုက်ဖလားများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နေပြည်တော် ကုန်စျေးနှုန်း တည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကျင်းပသည့် နေပြည်တော်အတွင်း ကုန်စျေးနှုန်း တည်ငြိမ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ပြီး နေပြည်တော်အတွင်း အခြေခံစားသုံးသူ ပြည်သူများ စျေးနှုန်းသက်သာစွာ ဆန်များဝယ်ယူ စားသုံးနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်များ အလိုက် အထိုင်ရောင်းချခြင်း၊ Mobile ရောင်းချခြင်းစနစ်ဖြင့် ဆန်များကို နေ့စဉ် ရောင်းချပေးလျက်ရှိကြောင်း၊ နေပြည်တော်အတွင်းရှိ ဆန်လုပ်ငန်းရှင်များ၊ ဆန်စက်ပိုင်ရှင်များ၊ ဆန်ဆိုင်များ အနေဖြင့် ရည်ညွှန်းစျေးနှုန်း အတိုင်း ရောင်းချစေရေး ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးနှင့် ဆီစက်လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သောအခွန်အခများကို ပြည့်ဝစွာ ထမ်းဆောင်နိုင်ရေးတို့ကို ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ နေပြည်တော် ကုန်စျေးနှုန်း တည်ငြိမ်ရေးကော်မတီ အတွင်းရေးမှူး စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဦးစီးမှူးနှင့် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက နေပြည်တော်အတွင်း ကုန်စျေးနှုန်း တည်ငြိမ်စေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။