အနာဂတ်ကိုထုဆစ်ဖို့ စက်မှုပညာသင်ကြစို့ အပိုင်း(၃)

အနာဂတ်ကိုထုဆစ်ဖို့ စက်မှုပညာသင်ကြစို့ အပိုင်း(၃)

စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထောက်အကူပြုစက်မှုသင်တန်းများ

စက်မှုနှင့်သက်မွေးပညာရွေ့လျားသင်တန်းများ

(Mobile Vocational Training)

စက်မှုသင်တန်းကျောင်းများသို့   နှစ်/လရှည်သွားရောက်  ပညာမသင်ကြားနိုင်သူများအတွက် အဓိက ထား၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံကျသော ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့်  ဆင်းရဲမှုလျှော့ချရေး၊ ကျေးလက်နေပြည်သူများ စက်မှုအခြေခံ အတတ်ပညာများ နားလည်သိရှိရေး၊ စက်မှုဇုန်လုပ်သားများ၏ ကျွမ်းကျင်မှုအဆင့်မြင့်မားစေရေး၊ လူ့စွမ်းအား အရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သက်ဆိုင်ရာ စက်မှုသင်တန်းကျောင်း၌“စက်မှုနှင့် အသက်မွေး ပညာရွေ့လျားသင်တန်း” (Mobile Vocational Training Unit) အစီအစဉ်ဖြင့်  ကျေးလက်ဒေသများ အရောက် လိုက်လံဖွင့်လှစ် သင်ကြားပေးရန်အတွက် စက်မှုနှင့်သက်မွေးပညာ ရက်တိုသင်တန်းများကို ၂၀၁၄ ခုနှစ် ဇူလိုင်လမှစတင်၍ မကွေးတိုင်းဒေသကြီးတွင် စတင်သင်ကြားပို့ချပေးခဲ့သည်။ ထို့နောက် ၂၀၁၈ ခုနှစ်မှစ၍ “မော်တော်ယာဉ်ပြုပြင် ထိန်းသိမ်းခြင်းဘာသာရပ်” (Automobile Maintenance Course) အားတိုးချဲ့ဖွင့်လှစ်ခဲ့သည်။

သက်ဆိုင်ရာ  စက်မှုသင်တန်းကျောင်းအလိုက် (Mobile  Vocational  Training  Unit)များဖွဲ့စည်းပြီး သင်ကြားမည့်သင်ခန်းစာ၊ လိုအပ်သည့် သင်ထောက်ကူပစ္စည်းနှင့် လေ့ကျင့်ရေးကုန်ကြမ်းပစ္စည်း၊ Mobile Unit တွင် လိုက်ပါမည့်နည်းပြနှင့် အကူနည်းပြ၊ သင်တန်းကာလနှင့် အချိန်ခွဲဝေမှု၊ တစ်ကြိမ် လျှင် လက်ခံနိုင်သည့် သင်တန်းသားအင်အား၊ သင်တန်းသားများတွင်ရှိရမည့် အနိမ့်ဆုံးပညာ အရည်အချင်းတို့အား   သတ်မှတ်ရေးဆွဲထားရှိသည်။ တစ်ကြိမ်လျှင် လူဦးရေ ၃၀ ဦးမှ ၆၀ ဦးအတွင်း နှစ်ပတ်ခန့် လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ စက်မှုသင်တန်းကျောင်းများအလိုက် ရေးဆွဲထား သည့်သင်ခန်းစာနှင့် သင်ကြားမည့် အစီအစဉ်အလိုက် အခြေခံလျှပ်စစ်ပညာသင်တန်း (Basic  Elect-ricity & Building Wiring Course)၊  အခြေခံ သံဂဟေဆက်သင်တန်း (Basic Arc Welding Course)၊  စိုက်ပျိုးရေးသုံးအင်ဂျင်နှင့် မော်တော်ဆိုင်ကယ် ပြုပြင်ထိန်း သိမ်းနည်းသင်တန်း (Small Farm Engine & Motorcycle Maintenance and Repairing) နှင့် မော်တော်ယာဉ်ပြုပြင် ထိန်းသိမ်းခြင်းဘာသာရပ် (Automobile Maintenance Course) တို့ကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ၏ ညှိနှိုင်းတောင်းခံချက်အတိုင်း လိုက်လံသင်ကြားပေးနေခြင်း ဖြစ်သည်။ ထို့အတူ စက်မှုဇုန်များမှ ညှိနှိုင်းတောင်းခံလာပါက စက်မှုဇုန်လုပ်သားများ၏ ကျွမ်းကျင်မှုအဆင့်မြင့်မားစေရေးအတွက် စက်ရုံ သုံးလျှပ်စစ်သွယ်တန်းခြင်းသင်တန်း (Industrial Installation Course)နှင့် လျှပ်စစ်မော်တာပြုပြင် ထိန်းသိမ်းခြင်းသင်တန်း (Motor Winding & Repairing Course)  တို့ကို သက်ဆိုင်ရာစက်မှုဇုန်များတွင် လိုက်လံ သင်ကြားပေးလျက်ရှိသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့်ညှိနှိုင်းလျက် “စက်မှုနှင့် အသက်မွေးပညာရွေ့လျားသင်တန်း”များကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ မကွေး တိုင်းဒေသကြီး၌သင်တန်း (၄၄)ကြိမ်တွင် သင်တန်းသား ၁၆၄၉ ဦး၊ မန္တလေးတိုင်းဒေသကြီး၌ ၂၈ ကြိမ်တွင် ၁၆၁၀ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၌ ခြောက်ကြိမ်တွင် ၃၁၆ ဦး၊ ရှမ်းပြည်နယ်၌ ကိုးကြိမ်တွင် ၅၈၅ ဦး၊ ရခိုင်ပြည်နယ်၌ခြောက်ကြိမ်တွင် ၄၇၇ ဦး၊ မွန်ပြည်နယ်၌ သုံးကြိမ်တွင် ၁၉၆ ဦး၊ ကယား ပြည်နယ်၌ သုံးကြိမ်တွင် ၁၄၉  ဦး၊ ရန်ကုန်တိုင်းဒေသကြီး၌  ၁၁ ကြိမ်တွင် ၇၆၉ ဦး၊ ပဲခူးတိုင်းဒေသကြီး၌ ရှစ်ကြိမ်တွင် ၃၅၃ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး၌ လေးကြိမ်တွင် ၂၁၆ ဦးဖြင့် နိုင်ငံတစ်ဝန်း၌ စုစုပေါင်းသင်တန်း ၁၂၂ ကြိမ်ဖွင့်လှစ်၍ ကျေးလက်နေပြည်သူ ၆၃၆၅ ဦးကို  ပညာပေးနိုင်ခဲ့သည်။ အခြေခံသံဂဟေဆက်သင်တန်းတွင် ၁၂၀၅ ဦး၊ အခြေခံလျှပ်စစ်ပညာသင်တန်းတွင် ၃၇၅၈ ဦး၊ စိုက်ပျိုးရေးသုံးအင်ဂျင်နှင့် မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်းတွင် ၁၂၁၅ ဦးနှင့်  မော်တော်ယာဉ်ပြုပြင် ထိန်းသိမ်းခြင်းဘာသာရပ်တွင်  ၁၈၇  ဦးကို  ပညာဖြန့်ဝေပေးနိုင်ခဲ့သည်။

ADB ကျွမ်းကျင်မှုအခြေပြုကာလတို သုံးလသင်တန်းများ

ထို့ပြင် ဝင်ငွေနည်းပါးပြီး အသက်မွေးဝမ်းကျောင်း ပညာရပ်လေ့လာသင်ကြားရန် အခွင့်အလမ်း နည်းပါး သည့် ကျေးလက်နေပြည်သူများနှင့် ဒေသခံပြည်သူများအားကျွမ်းကျင်မှု “စံ” အခြေပြုကာလတို သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ကောင်းမွန် လာစေရန် နှင့် ဆင်းရဲမှုလျော့နည်းပပျောက်ရေးကို အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏အစီအစဉ်ဖြင့် စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာအကူအညီပေးအပ်ရေး အစီအစဉ်   (Capacity Development Technical Assistance-CDTA) အရ အားလုံးအကျုံးဝင် ဖွံ့ဖြိုးမှုအတွက် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးရှေ့ပြေးစီမံချက်  (Skill Develo-pment for All Inclusive Growth (ADB TA-8634 MYA) Pilot Project) အတွက် အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)နှင့် အမှတ်(၄) စက်မှုသင်တန်းကျောင်း(ပခုက္ကူ)တို့တွင် ၂၀၁၆ ခုနှစ်မှစတင်၍ ကျွမ်းကျင်မှု အခြေပြုကာလတို   သုံးလ သင်တန်း (Competency Based Modular Short Course) များကို ဖွင့်လှစ်သင်ကြား ပေးခဲ့သည်။

လက်ရှိတွင် လျှပ်စစ်ဂဟေဆက်သင်တန်း (SMAW/ MMAW Welding)၊ ဓာတ်ငွေ့ဂဟေ သင်တန်း (MIG/ MAG Welding)၊ မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း (Motor Cycle Mechanic)နှင့် စိုက်ပျိုးရေး သုံးစက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေးသင်တန်း (Maintenance and Repair for Small Farm Equipment)  စသည့် သင်တန်းအမျိုးအစားလေးမျိုးကို  ဖွင့်လှစ်သင်ကြားပေး လျက်ရှိပြီး ဘာသာရပ် တစ်ခုစီအတွက် သင်တန်းကာလမှာ သုံးလဖြစ်သည်။ အမှတ်(၂)စက်မှု သင်တန်းကျောင်း(မန္တလေး)တွင် ၁၉ ကြိမ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ၄၈၀ ဦးကို မွေးထုတ်ခဲ့ပြီး ဖြစ်သည်။  အမှတ်(၄) စက်မှုသင် တန်းကျောင်း(ပခုက္ကူ)အနေဖြင့်လည်း သင်တန်း ၁၂ ကြိမ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ၃၁၀ ဦးကို ပညာဖြန့်ဝေနိုင်ခဲ့သည်။

ADB ကျွမ်းကျင်မှုအခြေပြု ကာလတိုသုံးလသင်တန်းများ တက်ရောက်ရန် ရှိရမည့်အရည်အချင်းများ

အဆိုပါ သင်တန်းတက်ရောက်လိုသူများသည် ကျေးလက်ဒေသများတွင်နေထိုင်ပြီး စက်မှုပညာကို အမှန်တကယ် စိတ်ပါဝင်စားသော အသက် ၁၈ နှစ်မှ ၄၀ နှစ်အတွင်းရှိသူ၊ အခြေခံပညာ အလယ်တန်း အဆင့်ဖြေဆိုဖူးသူ သို့မဟုတ် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်တွင် အမှန်တကယ်လုပ်ကိုင်ဖူးပြီး အနည်းဆုံး လုပ်သက်နှစ်နှစ်ရှိကြောင်း အလုပ်ရှင်မှထောက်ခံသူ၊ သင်တန်းတက်ရောက်ရန်အတွက် ငွေကြေးအခက်အခဲရှိပြီး သင်တန်းကာလပြီးဆုံးအောင် တက်ရောက်နိုင်သူ၊ ကျေးလက်ပြည်သူများနှင့် ဒေသခံပြည်သူများတက်ရောက်နိုင်ရန်အတွက် တူညီဝတ်စုံ၊ လေ့ကျင့်ရေးသုံးကုန်ကြမ်းပစ္စည်းများ၊ စာရွက်စာတမ်းကြေးများ၊ နေထိုင်ရန်အဆောင်များ စသည်ဖြင့် သင်တန်းအတွက် ကုန်ကျမည့် စရိတ် စကများကို အခကြေးငွေမယူဘဲ လက်ခံသင်ကြားပေးလျက်ရှိရာ နိုင်ငံတော်၏ဆင်းရဲမှု လျော့နည်း ပပျောက်ရေး အစီအစဉ်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပြီး အကျိုးရှိစေမည် ဖြစ်သည်။

သင်တန်းသားများကို  ထိရောက်စွာလေ့ကျင့်သင်ကြားနိုင်ရန် ဘာသာရပ်တစ်ခုလျှင် ၁၂ ဦးသာ လက်ခံ သင်ကြားပေးခြင်းဖြစ်သည်။ သင်တန်းသားများ အကဲဖြတ်စစ်ဆေးခြင်းကို Module တစ်ခုချင်းအလိုက် နည်းပြများက ကြိုတင်စစ်ဆေးအကဲဖြတ်ပြီး နောက်ဆုံးစစ်ဆေးခြင်းကို  စက်မှုဇုန်များမှ ပညာရှင်များ နှင့် နည်းပြများပူးပေါင်း၍ ကျွမ်းကျင်မှုအရည်အသွေးအား အကဲဖြတ်စစ်ဆေးပေးခြင်း ဖြစ်သည်။ ထို့နောက် သင်တန်းအောင်မြင်သူများကို မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့ (NSSA)  မှ သတ်မှတ်ထားသော သင်ရိုးညွှန်းတမ်းနှင့်အညီ စနစ်တကျသင်ကြားခဲ့ကြောင်း အသိအမှတ်ပြု အောင်လက်မှတ်ချီးမြှင့်သည်။ သင်တန်းမှ ဖြေဆိုအောင်မြင်ပြီးမြောက်သူများသည် သတ်မှတ်ထားသော ကျွမ်းကျင်မှု  “စံ”  အခြေခံသော သင်ရိုးညွှန်းတမ်းများဖြင့် စနစ်တကျ သင်ကြား ထားသူများဖြစ်သဖြင့် အရည်အသွေးအတွက် စိတ်ချယုံကြည်ရပြီး နိုင်ငံတော်၏ ကျွမ်းကျင်လုပ်သား လိုအပ်ချက်အား တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။

ADB ၏ချေးငွေဖြင့်ဆောင်ရွက်နေသည့် Equipping Youth for Employment Project (EYE) စီမံကိန်း

နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးရေးအတွက် ကျွမ်းကျင်မှုအခြေခံများ အားကောင်းစေသည့် ရေရှည်အကျိုး သက်ရောက်မှုများ ဖြစ်ထွန်းပေါ်ပေါက်စေရန်နှင့် နည်းပညာနှင့် သက်မွေးပညာလေ့ကျင့်ရေး၌ ကျွမ်းကျင်လုပ်သား ပိုမိုဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့် ပညာရေးဝန်ကြီးဌာနမှ တစ်ဆင့်သုံးစွဲ မည့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ချေးငွေများဖြင့် Equipping Youth for Employment Project  (EYE) စီမံကိန်းအား ၂၀၁၇ ခုနှစ်မှ  ၂၀၂၃ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။ အဆိုပါ စီမံကိန်းတွင် စက်မှုသင်တန်းကျောင်းလေးကျောင်းဖြစ်သော (မန္တလေး၊  သာဂရ၊  ပခုက္ကူ၊ မကွေး)တို့တွင် ဗမခ Arc Welding, MIG/MAG Welding, Motorcycle Mechanic, Small Farm Mechanic, Tractor Diesel/Agro Mechanic, Electrical (House Wiring), Electrical (Industrial Installation) နှင့် Air Conditioning စသည့် နည်းပညာဘာသာရပ်ရှစ်ခုဖြင့် ကာလတိုသုံးလသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက် လျက်ရှိ သည်။        

မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)နှင့် ပူးပေါင်းဆောင်ရွက်မှု များ

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အောက်တွင် အလုပ် အကိုင်အလိုက် ကျွမ်းကျင်မှု “စံ” များသတ်မှတ်ရေးဆွဲရန်အတွက် အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ ၁၆ ခုကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှဦးဆောင်၍ ဆောင်ရွက်လျက်ရှိရာ သတ္တုနှင့်အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ် ရေး ကော်မတီကို  စက်မှုဝန်ကြီးဌာနအောက်ရှိ  စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာနမှ  တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

သတ္တုနှင့်  အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု  “စံ”  သတ်မှတ်ရေး ကော်မတီ အနေဖြင့် ကျွမ်းကျင်မှု “စံ” များ ရေးဆွဲခြင်း၊ အလုပ်အကိုင်နယ်ပယ်ခုနစ်မျိုး   စစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းများကို  တာဝန်ယူစစ်ဆေးပေးလျက်ရှိရာ Air Con Installer (Level-1,2)၊ Welder (MMAW, Level-1, 2)၊ Welder (GMAW, Level-1, 2)၊ (FCAW, Level-1, 2)၊ Welder (MAW), Level-3)၊ Foundry Worker (Level- 1, 2)၊ Small Engine Mechanic (Level-1)၊ Machinist(Level-1)၊ Automotive Mechanic (Level-1)၊ Automotive Mechanic (Chassis, Level-2)၊  Automotive Mechanic (Electrical, Level-2)၊ Automotive Mechanic (Power Train, Level-1) နှင့် Pneumatic Technician (Level-2) ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေးအတွက် စစ်ဆေးအကဲဖြတ်ရေးဌာနများ တည် ထောင်၍ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး ကိစ္စရပ်များ ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ ကော်မတီ အောက်တွင် စစ်ဆေးအကဲဖြတ်ရေးဌာန (Assessment Centre) Level-1  Level-2၊ Level-3 စုစုပေါင်း ၈၇ ခုရှိသည်။  စက်မှုဝန်ကြီးဌာနအောက်ရှိ  စက်မှုသင်တန်းကျောင်းများမှ  NSSA  ဖြင့် ပူးပေါင်း ဆောင်ရွက်မှုအဖြစ် Assessment Centre ၁၅ ခုတည်ထောင်၍ စစ်ဆေးအကဲ ဖြတ်ကိစ္စများ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ စက်မှုသင်တန်းကျောင်းများမှ ဆရာ၊ ဆရာမ ၅၇ ဦးကလည်း Chief  Accessor အဖြစ်  ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်။ 

သတ္တုနှင့်  အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီသည် သက်ဆိုင်ရာ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု “စံ” များကို ရေးဆွဲပေးလျက်ရှိရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” Level-1 အဆင့်ကိုးခု၊  Level-2 အဆင့် ၁၃ ခုနှင့် Level-3 အဆင့်ရှစ်ခု စုစုပေါင်း ၃၀ ခုကို ရေးဆွဲအတည်ပြုပြီး ဖြစ်သည်။ သတ္တုနှင့်အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ  အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီအောက်ရှိ အလုပ်အကိုင်များမှ  ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာရေး သက်ဆိုင်ရာ အလုပ်အကိုင်နယ်ပယ်ခုနစ်မျိုး (Level-1,2,3) နှင့်သက်ဆိုင်သည့် စစ်ဆေး အကဲဖြတ် ဌာနများတွင် စစ်ဆေးအကဲဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ  စုစုပေါင်းဖြေဆိုသူ ၆၈၀၁ ဦးရှိပြီး ၅၈၉၀ ဦး ကျွမ်းကျင်မှု အရည်အချင်းပြည့်မီကြောင်း စစ်ဆေးတွေ့ရှိရသည်။

စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ အမှတ်(၁)စက်မှုသင်တန်းကျောင်း (ဆင်တဲ)နှင့် GIZ မှ Project Coordinator/ CIM Expert  ဖြစ်သူဦးဆောင်၍ အမှတ်(၃) အကြီးစား စက်မှုလုပ်ငန်းအောက်ရှိ အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်)နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အောက်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးအတတ်သင်ကောလိပ် (ဘယ်လင်း) တို့တွင် 5S Lean Innovation Work-shop Management  သင်တန်းသုံးကြိမ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ၁၇၁ ဦး  လေ့ကျင့်သင်ကြားပေးခဲ့သည်။ စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်း ဆောင်ရွက် ရေးဦးစီးဌာနမှ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ပါဝင်ဆောင်ရွက်ခဲ့သည့်  နေပြည်တော်နှင့် ရန်ကုန်တို့တွင် ကျင်းပခဲ့သည့် နည်းပညာပြပွဲ၊ ပြိုင်ပွဲများတွင် ရှစ်ကြိမ်တိုင်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။

စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာနအောက်ရှိ စက်မှုသင်တန်းကျောင်းများမှ ပုံမှန်သင်တန်းများ၊ စက်မှုနှင့်သက်မွေးပညာရွေ့လျားသင်တန်းများနှင့်  ကာလတိုသုံးလ သင်တန်းများ ကို ဖွင့်လှစ်ခြင်းဖြင့် နိုင်ငံ့အတွက်လိုအပ်သော ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကို အတန်အသင့် ဖြည့်ဆည်းပေးနိုင်ခဲ့သည်။  ၎င်းအပြင်  NSSA  ၏စစ်ဆေး အကဲဖြတ်ရေးဌာန (Assessment Center) အဖြစ် လက်မှတ်ရရှိခြင်းအားဖြင့်  သင်တန်းဆင်းများ၏ အရည်အသွေးနှင့်   အလုပ်အကိုင်အခွင့်အလမ်း အတွက်   ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းများ ဆောင်ရွက်နိုင်ခြင်း၊ အမျိုးသားအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးနိုင်ခြင်း၊ အာဆီယံနိုင်ငံများအကြား အပြန်အလှန်အသိအမှတ် ပြုလက်မှတ်များရရှိနိုင်ခြင်း၊ စက်မှုသင်တန်းကျောင်းများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် သင်ရိုး ညွှန်းတမ်းများ ပြုပြင်ပြောင်းလဲနိုင်ခြင်း၊ စျေးကွက်၏ ကျွမ်းကျင်မှုလိုအပ်ချက်နှင့် ကိုက်ညီအခြေ အနေတို့ အားသိရှိနိုင်ခြင်း၊ အရည်အသွေးပြည့်ဝသော ကျွမ်းကျင်လုပ်သားများကို မွေးထုတ်ပေးနိုင်ခြင်း စသည့် အကျိုးရလဒ်များ ရရှိစေမည်ဖြစ်သည်။

သို့ဖြစ်ပါ၍  မျိုးဆက်သစ်လူငယ်များအနေဖြင့် မိမိတို့ဘဝရေရှည်ရပ်တည်ရေး သေချာခိုင်မာ ထောက်ကူ မှုပေးသော  စက်မှုသင်တန်းအမျိုးမျိုးနှင့် စက်မှုသင်တန်းကျောင်းများသို့  ဆက်သွယ်တက်ရောက် သင်ကြားခြင်းဖြင့် အနာဂတ်ဘဝသာယာလှပစေမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။   ။

ကိုးကား -စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ သင်တန်းကျောင်းများကြီးကြပ်ရေးဌာန

- စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန