အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းသား၊ သင်တန်းသူများနှင့် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တွေ့ဆုံပြီး FIFA International Women ''A'' Friendly Matches ပြိုင်ပွဲသို့ တက်ရောက်အားပေး
ရန်ကုန် ဇူလိုင် ၉
အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံကွင်း အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) သို့ရောက်ရှိပြီး အမျိုးသမီး လေးထပ်အိပ်ဆောင်ကိုကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) စားရိပ်သာ၌ သင်တန်းသား၊ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ပြီး နေ့လယ်စာကို အတူတကွ သုံးဆောင်သည်။
အဆိုပါ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)တွင် အားကစားနည်း (၁၇)နည်းကို လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ရခိုင်နှင့်နေပြည်တော်တို့မှ သင်တန်းသား၊ သင်တန်းသူ ၂၅၄ ဦးကို နိုင်ငံတော်က အလုံးစုံအကုန်အကျခံ၍ အားထားရသည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာအောင် လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr .Abhay Thakur ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌတို့နှင့်အတူ လူငယ်အားကစားလေ့ကျင့်ရေးစခန်း(သုဝဏ္ဏ) ဘောလုံးကွင်းသို့ရောက်ရှိပြီး FIFA International Women ''A'' Friendly Matches ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအမျိုးသမီးအသင်းအား တွေ့ဆုံကာ မိမိတို့၌ရှိသည့် အစွမ်းအစများနှင့် နည်းပြများ၏ သင်ကြားပြသထားသော နည်းစနစ်၊ ဗျူဟာများကို အသုံးချပြီး အောင်မြင်မှုရရှိအောင် ကြိုးစားကြရန်၊ မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် အားကစားကို ချစ်မြတ်နိုးပြီး ဘောလုံးအားကစား ထွန်းပေါက်အောင်မြင်လာအောင်ကြိုးစားကြရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာအသင်းနှင့် အိန္ဒိယအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြပြီး မြန်မာအသင်းက အိန္ဒိယအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိသည်။