နိုင်ငံတကာခြေစမ်း ပွဲစဉ်တွင် မြန်မာအမျိုးသမီး အသင်းက အိန္ဒိယအမျိုးသမီး အသင်းကို အနိုင်ရရှိ

 

နိုင်ငံတကာခြေစမ်း ပွဲစဉ်တွင် မြန်မာအမျိုးသမီး အသင်းက အိန္ဒိယအမျိုးသမီး အသင်းကို အနိုင်ရရှိ

 

ရန်ကုန်  ဇူလိုင်  ၉

    ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အသိအမှတ်ပြု   နိုင်ငံတကာခြေစမ်း ပွဲစဉ်အဖြစ် ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ မြန်မာအမျိုးသမီးအသင်းနှင့် အိန္ဒိယအမျိုးသမီး အသင်းတို့ ကစားခဲ့ရာ မြန်မာအမျိုးသမီး အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် မြန်မာအမျိုးသမီးအသင်းက  မျိုးမမငြိမ်း၊ မေသက်မွန်မြင့်၊  ယုယုလှိုင်၊   ဇွန်ယုယဦး၊  ဖြူဖြူဝင်း၊ နော်ထက်ထက်ဝေ၊   ဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်၊  ရူပါခိုင်၊ ယဉ်လွန်းအိန်၊ ရွှေရည်ထွန်း အစရှိသည့်အဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာခဲ့သည်။

အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက မြန်မာအမျိုးသမီးအသင်းက ခြေစွမ်းပိုင်းအသာဖြင့်ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၁၃ မိနစ်တွင် ဝင်းသိင်္ဂီထွန်းက  မြန်မာအမျိုးသမီး အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းအပြီးတွင် မြန်မာအမျိုးသမီးအသင်းက ၁ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ထို့နောက် ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင် အိန္ဒိယအမျိုးသမီးအသင်း၏ ချေပဂိုးအတွက် ပြန်လည်ဖိအားပေးမှုများကြောင့် မြန်မာအမျိုးသမီးအခက်တွေ့ခဲ့ပြီး ပွဲချိန် ၅၇ မိနစ်တွင် ရှာရှာက အိန္ဒိယအမျိုး သမီးအသင်းအတွက် ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့သည်။

ချေပဂိုးခွင့်ပြုပေးခဲ့ပြီးနောက် မြန်မာအမျိုး သမီးအသင်းက လူစားလဲမှုများပြုလုပ်ကာ တိုက်စစ်မြှင့်တင်ခဲ့ရာမှ ပွဲချိန် ၇၄ မိနစ်တွင် စန်းသော်သော်က မြန်မာအမျိုးသမီး အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် မြန်မာ အမျိုးသမီးအသင်းက အိန္ဒိယ အမျိုးသမီးအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

မြန်မာအမျိုးသမီးအသင်းနှင့် အိန္ဒိယအမျိုးသမီး အသင်းတို့သည် နိုင်ငံတကာ ခြေစမ်းပွဲနှစ်ပွဲ ကစားသွားမည်ဖြစ်ပြီး ဒုတိယပွဲစဉ်အဖြစ် ဇူလိုင်လ ၁၂ ရက် ညနေ ၄နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ဆက်လက် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

Dates: 
Wednesday, July 10, 2024 - 14:36