ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ယမန်နေ့မှအဆက်

ဖော်ပြပါစီမံကိန်းများ အောင်မြင်ရေးအတွက် နိုင်ငံတကာအကူအညီနှင့် အထောက်အပံ့များ ရယူသုံးစွဲ လျက်ရှိသည်။ အဆိုပါအဖွဲ့အစည်းများမှာ-

၁။ JICA (Japan International Cooperation Agency)

၂။ TSS, Mitsubishi & Toyo

၃။ France (AFD and Egis)

၄။ Denmark (Cooperation with Danish Water)

၅။ Manila Water and Mitsubishi Co.,Ltd.

စသည်တို့ဖြစ်သည်။

ဖော်ပြခဲ့သည့် အထောက်အထားအချက်အလက်များအရ ရန်ကုန်မြို့ တော်သောက်သုံးရေဖူလုံစေရေး (၈၀ ရာခိုင်နှုန်းလွှမ်းခြုံနိုင်ရေး) အတွက် ၂၀၄၀ ပြည့်နှစ်အထိ ဆောင်ရွက်ရန်နှင့် ဆောင်ရွက်နေသော စီမံကိန်း လုပ်ငန်းများကို တွေ့ရမည်။

ယင်းလုပ်ငန်းကြီးမှာ မိမိတို့နိုင်ငံချမ်းသာကြွယ်ဝမှုနှင့် စီမံခန့်ခွဲနိုင်မှု ပမာဏထက် များစွာကြီးမားနေ သည့်အတွက် နိုင်ငံတကာချေးငွေများ၊ နိုင်ငံတကာအထောက်အပံ့နှင့် အကူအညီများကို ရယူဆောင် ရွက်နေသည်။

ဆောင်ရွက်ရာမှာလည်း နှစ်စဉ် ပြန်လည်ပြည့်ဖြိုးနေသည့် မြေပေါ်တွင် စီးဆင်းနေသော မြစ်ချောင်း များမှသာ ရယူသုံးစွဲမည်ဖြစ်သည်။

ရေလေလွင့်မှုလျော့နည်းစေမည့် ဆောင်ရွက်ရန်ကိစ္စများပါ တစ်ပါ တည်းဆောင်ရွက်မည်ဟု သိရသည်။ ၂၀၁၃ ခုနှစ်တွင် ရေလေလွင့်မှု ၅၀ ရာခိုင်နှုန်းအထိရှိရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၃၃ ရာခိုင်နှုန်းအထိလျှော့ချ နိုင်ခဲ့မှုကြောင့် ရေဂါလန်သန်းပေါင်းများစွာ အကျိုးရှိစေခဲ့သည်။

မိမိတို့နိုင်ငံသားတစ်ဦးချင်းစီ၏စိတ်တွင် ရေကိုတန်ဖိုးထားပြီး အလေအလွင့် အနည်းဆုံးဖြစ်စေရန် အားထုတ်ကြပါမှသာ ယခုစီမံကိန်းများကို ကူညီပံ့ပိုးပေးရာကျပါမည်။ ရေရှည်တွင် ရေအခက်အခဲ ဒုက္ခမှကင်းဝေး ကြပါမည်။

တခြားတစ်ဖက်တွင်လည်း ဤရေချိုရရှိစေမည့် ဆည်၊ တာတမံ၊ ကန် များ၏ ရေဝေရေလဲဧရိယာများကို ရေရှည်တည်မြဲစေရေး အားထုတ်ကြ ရပါမည်။ ရေဝေရေလဲဒေသအတွင်း သစ်၊ ၀ါးခုတ်မှု၊ ကျူးကျော် ဝင်ရောက် နေထိုင်မှု၊ တိရစ္ဆာန်များ အလုံးအရင်းဖြင့်လွှတ်ကျောင်းမှု စသည်တို့ကို ကြိုတင်ကာကွယ် ရပါမည်။

ရေဝေရေလဲ ဧရိယာအတွင်းနှင့် ဝန်းကျင်ဒေသများတွင် တိုးချဲ့၍ သစ်ပင်သစ်တောစိုက်ပျိုးမှုများကို နှစ်စဉ်လျာထားချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားနိုင်ပါရန်လည်း အကြံပြုပါသည်။

အခန်း(၁၃)

မြန်မာနိုင်ငံအပူပိုင်းဒေသနှင့်ရေအသုံးချမှု

ကမ္ဘာ့တချို့ဒေသများတွင် ရေကြီးရေလျှံဖြစ်နေသည်အထိ ဖြစ်ပေါ် နေသော်လည်း တချို့နေရာများမှာမူ ရေအလွန်ရှားပါးနေကြသည်။ သောက်စရာရေတစ်ပုံးရရေး နေ့တစ်ဝက်ခန့်ထိ အားထုတ်နေရသည့် နေရာများရှိနေသည်ဆိုလျှင် ရေချိုပေါများသောဒေသများမှ မြန်မာပြည်သူအများစု ယုံချင်မှယုံကြပါ လိမ့်မည်။

“ပြောမယုံ ကြုံဖူးမှသိ” ဆိုသည့်အတိုင်း မြန်မာနိုင်ငံဒေသတချို့တွင် သောက်သုံးရေပြတ်လပ်၍ နိုင်ငံတော်မှ လည်းကောင်း၊ အလှူရှင်များမှ လည်းကောင်း ရေကားကြီးများဖြင့် သွားရောက်လှူဒါန်း နေသည်ကို နှစ်စဉ် မတ်လ၊ ဧပြီလနှင့် မေလများတွင် တွေ့မြင်ရသည်။

ကမ္ဘာ့နိုင်ငံအတော်များများမှာပင် ဤအဖြစ်မျိုး တွေ့ကြုံနေကြရသည်။ ဤပြဿနာကို ဖြေရှင်းကြရာ တွင် ဒေသဝန်းကျင်၌ ပြန်လည်ပြည့်ဖြိုးမြဲ ရေအရင်းအမြစ်များရှိနေပါက ဆည်၊ တာတမံပြုလုပ်၍ ရယူသုံးစွဲကြသလို မြေအောက်ရေတွင်း(အဝီစိတွင်း)တူးဖော်၍လည်း သောက်သုံးရေရရှိရေး ဖြေရှင်းကြ သည်။ မလုံလောက်ပါက ပင်လယ်ဆားငန်ရည်ကိုပင် ရေချို အဖြစ်ပြောင်း၍ ဖြေရှင်းကြသည်။

မိမိတို့နိုင်ငံ၏ ဒေသတချို့တွင် ရေရရှိရေးနည်းလမ်းတစ်ခုဖြစ်သည့် အဝီစိတွင်းကို အနက်ပေ ၅၀၀-၆၀၀ အထိ တူးဖော်ယူကြရသည်။ စရိတ်လွန်စွာကြီးမားသည်။ မြေပေါ်သို့ ရေရောက်ရှိလာစေရေး စက် များဖြင့် မောင်းတင်ရသည်။

တွင်းတူးစရိတ်ကြီးမားသလို နေ့စဉ်မြေပေါ်ကို ရေရောက်အောင် လုပ်ယူရသည့်စရိတ်လည်း ကြီးမား လှသည်။ ထွက်ရှိလာသော ရေပမာဏ သည်လည်း တန်းစီမျှဝေယူကြရသည့်ပမာဏအထိ နည်းပါး သည်။ သောက်သုံးရေပင် မလုံလောက်သည့်အတွက် စိုက်ပျိုးရေး လုပ်ငန်းသုံးစွဲရေးမှာ များစွာ စဉ်းစားစရာဖြစ်သည်။ လယ်ယာလုပ်ငန်းသုံး ကျွဲ၊ နွားများအတွက် ပင် လူသုံးစွဲပြီး စွန့်ပစ်မည့်ရေကို ပြန်လည်စစ်ယူ၍ တိုက်ကျွေးနေကြရ သည့်အတွက်  ကျွဲ၊  နွား၊  ဆိတ်  အစရှိသည့်    မွေးမြူရေးတိရစ္ဆာန် မြောက်မြားစွာကို စီးပွားဖြစ် နှစ်ပေါက်မွေးမြူရန် ခက်ခဲနေကြသည်။ ဤသို့ ရေရှားသော ဒေသများတွင်   မွေးမြူရေးခြံများ လုပ်ဆောင်ရန် အခက်အခဲရှိသလို ရေများများသုံးစွဲရသည့် ကြီးမားသော ကုန်ထုတ် လုပ်ငန်းမျိုးလည်း မလုပ်နိုင်ကြပါ။

လူသားတစ်ဦးအတွက် သောက်ရေသည် မရှိမဖြစ်လိုသည်ဟုဆိုသော်လည်း လူတစ်ကိုယ်ကျန်းမာရေး ကိစ္စများအတွက် ရေအိမ်သုံးစွဲရေးနှင့် ချိုးရေရရှိရေးတို့မှာလည်း သောက်ရေနှင့်အတူ အရေးကြီးသည်။ လူ တစ်ကိုယ်ကျန်းမာရေးအတွက် သင့်တင့်လျောက်ပတ်သည့် ရေပမာဏကို သုံးစွဲခွင့်မရလျှင် ကျန်းမာရေးနှင့်ဆိုင်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်မည်မှာ သေချာသည်။

အထူးသဖြင့် အပူပိုင်းဒေသများတွင် ရေရှားပါးခြင်း၊ မိုးခေါင်ခြင်းတို့ ကြောင့် မြေမျက်နှာပြင်အားလုံး ခြောက်သွေ့ပြီး ဖုန်တလုံးလုံးဖြစ်နေသည် ကို တွေ့ရသည်။ တချို့ကျေးရွာများတွင် တစ်အိမ်လုံး အိပ်ရာ၊ ခေါင်းအုံး၊ ခြင်ထောင်၊ စောင်၊ အစားအသောက် ပန်းကန်ပြားထဲမှာမကျန် ဖုန်အလိမ်းလိမ်း ပေကျံ နေသည်ကို တွေ့ရသည်။ ဤမျှဆိုးရွားလှသော ဖြစ်ရပ်များမှာ မိုးခေါင်ရေရှားဒေသများသာမက မြန်မာနိုင်ငံတွင် မိုးရေချိန် လက်မ ၁၀၀(မီလီမီတာ ၂၅၀၀)ခန့် နှစ်စဉ်ရွာသွန်းပါသည်ဆိုသော မြန်မာ ပြည်အောက်ပိုင်းဒေသများမှာပင် ကြုံနေရသည်။ နှစ်စဉ် တစ်နှစ် ပတ်လုံး ပူပြင်းခြောက်သွေ့နေသော ဒေသများမှ ပြည်သူအများစုမှာ တွင်းထွက်သယံဇာတ တူးဖော်ရေးလုပ်ငန်း၊ သစ်ခုတ်၊ ၀ါးခုတ်၊ မီးသွေးဖုတ် အစရှိသည့် လူ၏တီထွင်ကြံဆမှုမပါဘဲ သဘာဝပတ်ဝန်းကျင်ကို အားပြု၍ ဝမ်းရေးဖြေရှင်း နေကြရသည်။

ဤဒေသများတွင် စိုက်ပျိုးရေးအခြေခံ စီးပွားရေးလုပ်ငန်းများလည်း မကောင်းကြသလို တခြားနည်း စီးပွားရေးလည်း အဆင်မပြေ၍ အများစု မှာ ချို့တဲ့ကြသည်။ လူ့သက်တမ်းစေ့မနေကြရသည်ကိုလည်း တွေ့ရသည်။ ဆင်းရဲပြီး ဝင်ငွေနည်းပါး၍ အသက်တိုကြသည်ဟု ခန့်မှန်းပြောနိုင်သော်လည်း ဒေသ စိမ်းလန်းစိုပြည်မှုမရှိခြင်း၊ ရာသီဥတုပူပြင်းခြင်း၊ အာဟာရဖြစ်စေမည့် ဟင်းသီးဟင်းရွက်သီးနှံများ    မပေါကြွယ်ခြင်း စသည်တို့သည်လည်း အသက်တိုခြင်း၏ အဓိကအချက်ဖြစ်သည်မှာ ငြင်း၍မရပေ။

ဥပမာအားဖြင့် မိမိတို့နိုင်ငံ၌ ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ ရေချိုရရှိမှု နည်းပါးသည့်ဒေသတချို့၏ ပျမ်းမျှ လူ့သက်တမ်းသည် ပို၍တိုသည်ကို လက်တွေ့လေ့လာသိရှိခဲ့ရသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ

ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် မျှော်မှန်းလူ့သက်တမ်း

စဉ်။    ဒေသ                              မျှော်မှန်းလူ့သက်တမ်း

၁။      မကွေး                                       ၆၀.၆

၂။       ဧရာဝတီ                                    ၆၁.၀

၃။      ချင်း                                          ၆၃.၆

၄။      တနင်္သာရီ                                  ၆၄.၇

၅။      ရခိုင်                                         ၆၆.၁

၆။      နေပြည်တော်မြို့နယ်များ            ၆၆.၆

၇။      ပဲခူး                                          ၆၆.၇

၈။      ကယား                                     ၆၆.၇

၉။      စစ်ကိုင်း                                    ၆၇.၁

၁၀။    ရှမ်း                                          ၆၇.၂

၁၁။    ကရင်                                       ၆၇.၃

၁၂။    မန္တလေး                                    ၆၈.၀

၁၃။    ကချင်                                       ၆၈.၉

၁၄။    ရန်ကုန်                                     ၇၁.၂

၁၅။    မွန်                                           ၇၁.၇

ဖော်ပြခဲ့သည့်ဒေသအလိုက် မျှော်မှန်း လူ့သက်တမ်းထဲတွင် သက်တမ်း အတိုဆုံးပြည်သူများမှာ မကွေးတိုင်းဒေသကြီးမှဖြစ်ပြီး အမြင့်ဆုံးမှာ မွန်ပြည်နယ်ဖြစ်နေသည်။ ကွာဟချက်သည် ၁၀ နှစ်ခန့် ဖြစ်နေသည်။

မြန်မာတစ်နိုင်ငံလုံး၏ပျမ်းမျှသက်တမ်းမှာ ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်းအရ ၆၆ ဒသမ ၈ ဖြစ်သည့် အတွက် မကွေးတိုင်းဒေသကြီးရှိ ပြည်သူများ၏ ပျမ်းမျှသက်တမ်းသည် တစ်နိုင်ငံလုံး ပျမ်းမျှသက်တမ်း ထက် ခြောက်နှစ်ကျော်တိုနေသည်။          

ဆက်လက်ဖော်ပြပါမည်။