စစ်ဆင်ရေး ဝင်ဖို့အတွက် အသင့်အနေအထားနဲ့ ထွက်ပေါ်လာတဲ့ တရုတ်ရဲ့ပဉ္စမမျိုးဆက် J-31B
တရုတ်နိုင်ငံရဲ့ ရှန်ယန်း လေယာဉ်ထုတ်လုပ်ရေး ကော်ပိုရေးရှင်းက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဗီဒီယိုတစ်ခုကို ထုတ်ဖော်ပြသလိုက်ပါတယ်။
အဲဒီဗီဒီယိုထဲမှာဖော်ပြထားတာက သူတို့ရဲ့ပဉ္စမမျိုးဆက် တိုက်လေယာဉ်ဖြစ်တဲ့ J-31B အမျိုးအစား ကိုယ်ပျောက်တိုက်လေယာဉ်ရဲ့ စွမ်းပကားတချို့ပါ။
ဇူလိုင်လ ၁ ရက်က ထုတ်ဖော်ပြသလိုက်တဲ့ အဲဒီဗီဒီယိုထဲက J-31B ဟာ သူ့ရဲ့မူလ အမျိုးအစားဖြစ်တဲ့ FC-31 ထက် အရွယ်အစားအားဖြင့် ပိုမိုကြီးမားနေတာကိုတွေ့ရပါတယ်။
J-31B ဆိုတာ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က စတင်မိတ်ဆက်ခဲ့တဲ့ လေယာဉ်အမျိုးအစားပါ။
ဒီအချက်ကိုကြည့်ခြင်းအားဖြင့် တရုတ်တို့ဟာ အလတ်စားတိုက်လေယာဉ်မှသည် အကြီးစားတိုက်လေယာဉ်များအထိ ဆင့်ကဲပြောင်းလဲပြီး အသုံးပြုလာနိုင်တာကို တွေ့ရမှာပါ။
J-31B ကိုအနီးကပ်ကြည့်မယ်ဆိုရင် လေယာဉ်ရဲ့ ရှေ့ဘက်ပိုင်းမှာ J-31B လို့စာတန်းပါရှိပြီး ပင်မလေယာဉ် လက်နက်ခန်းရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာလည်း ဒုံးကျည်နှစ်စင်းစီ ပါဝင်နေတာကိုတွေ့ရပါတယ်။
ဒီလေယာဉ်ကို ရှန်ယန်းလေယာဉ် ထုတ်လုပ်ရေး ကော်ပိုရေးရှင်းက ကိုယ်ပိုင်နည်းပညာနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး အလတ်စား ကိုယ်ပျောက်တိုက်လေယာဉ်အဖြစ် သတ်မှတ်ထားပေမယ့် သူ့မှာပါတဲ့ လေယာဉ်လက်နက်ခန်းများကို ကြည့်ခြင်းအားဖြင့် အကြီးစား တိုက်လေယာဉ်များနည်းတူ လက်နက်တွေကို သယ်ဆောင်နိုင်ဖွယ်ရှိပါတယ်။
ဒီလိုမျိုးလက်နက်တွေကို သယ်ဆောင်နိုင်ဖို့အတွက် ဒီဇိုင်းပိုင်းမှာသာမက အင်ဂျင်စွမ်းဆောင် ရည်ပိုင်းမှာပါ အဆင့်မြှင့်တင်မှုတွေ လုပ်ထားတာတွေ့ရပါတယ်။
သူ့အနေနဲ့သယ်ဆောင်နိုင်တဲ့ လက်နက်ခဲယမ်းတွေက ဘေးနှစ်ဖက်မှာ ဒုံးကျည်နှစ်စင်းစီနဲ့ လက်နက်ခန်းထဲမှာ PL-12 ဒုံးကျည်လေးစင်းဖြစ်ပါတယ်။ ဒါကတော့ J-20 အတိုင်းပါပဲ။
ဏူ-၁၂ ဒုံးကျည်ဆိုတာကတော့ တာလတ်ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များဖြစ်ပါတယ်။ တကယ်လို့များ လိုအပ်လာမယ်ဆိုရင် အဲဒီဒုံးကျည်တွေနေရာမှာ ဝေဟင်မှမြေပြင်ပစ် ဒါမှမဟုတ် သင်္ဘောဖျက် ဒုံးကျည်များကိုလည်း အစားထိုး တပ်ဆင်နိုင်ပါသေးတယ်။
ဒီလိုသာ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေနဲ့ အစားထိုးနိုင်တယ်ဆိုရင် J-31B ဆိုတာ ကိုယ်ပျောက်စွမ်းရည်ပါရှိတဲ့ ဘက်စုံသုံး ပဉ္စမမျိုးဆက် တိုက်လေယာဉ်ဖြစ်လာမှာပါ။
J-31B တိုက်လေယာဉ်ရဲ့ အပြင်ပိုင်းကိုကြည့်မယ်ဆိုရင် နောက်ထပ်လေယာဉ် လက်နက်ခန်းခြောက်ခု ပါဝင်နေတာကိုတွေ့ရမှာပါ။
အဲဒီလက်နက်ခန်းခြောက်ခုက ဗုံးသီးများ၊ ဒုံးကျည်များအပါအဝင် စုစုပေါင်း အလေးချိန် ကီလိုဂရမ် ၈၀၀၀ အထိရှိတဲ့ ခဲယမ်းများကို သယ်ဆောင်နိုင်ပါတယ်။
ဒီနေရာမှာထူးခြားတာ တစ်ခုက ဘေးဘက်လက်နက်ခန်းရဲ့ တံခါးပေါက်က တစ်ချပ်တည်း ပါဝင်နေတာဖြစ်ပါတယ်။ အဲဒီဒီဇိုင်းကလည်း J-20 ကိုယ်ပျောက် တိုက်လေယာဉ်မှာပါတဲ့ လက်နက်ခန်းရဲ့ တံခါးပေါက်ဒီဇိုင်းနဲ့ အတူတူပါပဲ။
J-20 နဲ့နှိုင်းယှဉ်နိုင်တဲ့ အမေရိကန်တို့ရဲ့ F-22 တိုက်လေယာဉ်မှာဆိုရင် လက်နက်ခန်း တံခါးပေါက်က နှစ်ဖက်ဖွင့်ပုံစံပါ။ လက်နက်ခန်း တံခါးတစ်ဖက်ဖွင့်ပုံစံရဲ့အားသာချက်က ဒုံးကျည်ကို ပစ်လွှတ်ပြီးနောက် ချက်ချင်းပြန်ပိတ်နိုင်တာဖြစ်ပါတယ်။
အဲဒီလိုပြန်ပိတ်နိုင်တဲ့အတွက် လေယာဉ်ရဲ့ ကိုယ်ပျောက်စွမ်းဆောင်ရည်နဲ့ လေခွင်းအားတို့အပေါ် သက်ရောက်မှုကို တော်တော်လေး လျော့နည်းစေမှာဖြစ်သလို တိုက်ခိုက်ရေးလုပ်ရာမှာလည်း တခြားလေယာဉ်များထက် ကြီးမားတဲ့ အရေးသာမှုကို ရရှိစေနိုင်ပါတယ်။
J-31B ကိုယ်ပျောက်တိုက်လေယာဉ်ကို အဓိကမောင်းနှင်ပေးတာကတော့ Klimov RD-93 တာဘိုဖန်အင်ဂျင်နှစ်လုံး ဖြစ်ပါတယ်။ အဲဒီအင်ဂျင်တွေက ရုရှားရဲ့ MiG-29တိုက်လေယာဉ်မှာ တပ်ဆင်ထားတဲ့ အင်ဂျင်တွေနဲ့အတူတူပါပဲ။
ဒီအင်ဂျင်တွေကြောင့် J-31B တိုက်လေယာဉ်ဟာ တိုက်ခိုက်ရေးနယ်နိမိတ် ကီလိုမီတာ ၁၂၀၀ ပတ်လည်ကို ပျံသန်းသွားလာနိုင်မှာဖြစ်ပြီး အလေးချိန်ကီလိုဂရမ် ၂၅၄၀၀ နဲ့အတူ လေပေါ် ပျံတက်နိုင်စွမ်းရှိပါတယ်။
သူ့ရဲ့အမြန်နှုန်းက ၁ ဒသမ ၈ မက် (အသံထက် ၁ ဒသမ ၈ ဆမြန်)ရှိတယ်လို့ ဆိုပါတယ်။ ဒါမှမဟုတ် တစ်နာရီကို ကီလိုမီတာ ၂၂၀၀ နှုန်းနဲ့ အမြင့်ဆုံးကီလိုမီတာ ၄၀၀၀ အထိပျံသန်းနိုင်ပါတယ်။
အခု လက်ရှိမှာ J-31B ရဲ့ပုံစံကို ထုတ်ဖော်ပြသထားတာဖြစ်ပြီး တကယ်တမ်းသူ့ကို ထုတ်လုပ်မယ့် အချိန်ကျရင် Klimov RD-93 တာဘိုဖန်အင်ဂျင်နှစ်လုံးအစား ပိုမိုစွမ်းအားပြင်းတဲ့ ပြည်တွင်းဖြစ် Guizhou WS-19 တာဘိုဖန်အင်ဂျင်ကို တပ်ဆင်ပေးသွားမှာပါ။
သူ့ရဲ့သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ရှန်ယန်းလေယာဉ် ထုတ်လုပ်ရေး ကော်ပိုရေးရှင်းက ပြည်ပတင်ပို့ရောင်းချမှုအတွက် ရည်မှန်းထားတဲ့ ပဉ္စမမျိုးဆက် FC-31 Gyrfalcon ဘက်စုံသုံးတိုက်လေယာဉ်ရှေ့ပြေး ပုံစံကို ဖန်တီးခဲ့ပါတယ်။
ဒါပေမဲ့လည်း တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်(ရေတပ်)က အဲဒီတိုက်လေယာဉ်မျိုးကို ဝယ်ယူဖို့အတွက် စိတ်ဝင်စားလာပါတယ်။
ဒီအတွက် J-31 သို့မဟုတ် J-35 လို့လူသိများတဲ့ FC-31 ရဲ့ဒုတိယမျိုးဆက်ကို တရုတ်ရဲ့လေယာဉ်တင် သင်္ဘောအသစ်ဖြစ်တဲ့ Type 003 အပေါ်မှာ အခြေစိုက်နိုင်အောင် ဖန်တီးခဲ့ပါတယ်။
ဒါကြောင့် အခုလက်ရှိဗီဒီယိုမှာမြင်တွေ့လိုက်ရတဲ့ J-31B ဟာ လေယာဉ်တင်သင်္ဘောအတွက် အဓိထားထုတ်လုပ်တဲ့ မျိုးကွဲတစ်ခုအဖြစ် ထွက်ပေါ်လာနိုင်ဖွယ် ရှိပါတယ်။