မိုးသည်းမြေပြို သတိပြုစေလို

 

မိုးသည်းမြေပြို သတိပြုစေလို

 

    ကမ္ဘာကြီးသည် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ ခန့်မှစ၍ သဘာဝဘေးအန္တရာယ် အမျိုးမျိုးကြောင့် ကြီးမားသော ပျက်စီးဆုံးရှုံးမှု အများအပြားကို ခံစားနေရသည်။ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုသည် မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များ ကြီးထွားလာမှုနှင့်  ပြင်းထန်မှုတို့တွင် အဓိကအကြောင်းရင်းများ ဖြစ်သည်။ ဖြစ်ပွားမှုအများဆုံးနှင့် ငွေကုန်ကြေးကျမှု အများဆုံးမှာ မိုးလေဝသနှင့် ဇလဗေဒဖြစ်ရပ်များဖြစ်ပြီး ၎င်းတို့အနက်   ရေကြီးမှုနှင့်မုန်တိုင်းများသည်  လွန်ခဲ့သည့် နှစ် ၂၀ အတွင်း မှတ်တမ်းတင်ထားသော သဘာဝဘေးအန္တရာယ် အားလုံး၏ ၄၄ ရာခိုင်နှုန်းနှင့် ၂၈ ရာခိုင်နှုန်း အသီးသီး အထိရှိသည်။

ထို့ပြင် ကမ္ဘာ့လူသားအားလုံးကို  သဘာဝဘေးအန္တရာယ် ကိုးမျိုးက စိန်ခေါ်လျက်ရှိနေပြီး ၎င်းတို့မှာ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ လေပြင်းဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး စသည်တို့ဖြစ်ကြသည်။ ၎င်းတို့အနက် ဘေးအန္တရာယ်ခုနစ်မျိုးကို  မိုးရာသီတွင် ဖြစ်ပေါ်ခံစားရလေ့ရှိသည်။ မိုးကြီးရေလျှံသဖြင့် ရေကာတာကြီးများ ကျိုးပျက်၍ ရေလွှမ်းခြင်း၊ တောင်ပြိုခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်သလို တောင်ပေါ်ဒေသများ၏ ကုန်းပြင်မြင့်များတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်လည်းကောင်း၊ မြစ်ချောင်းပေါများသည့် ဒေသများတွင်လည်း မြစ်ရေတိုက်စားမှုကြောင့် မြေပြိုမှုဘေးအန္တရာယ်ကို မလွဲမသွေ ခံစားရတတ်ပါသည်။

မိုးသည်းမြေပြိုသတိပြုစေလို

    မြန်မာနိုင်ငံတွင် အနောက်တောင်မုတ်သုံလေ သို့မဟုတ် မွန်ဆွန်း (ခေါ်) ရာသီလေသည် နှစ်စဉ် မေလမှ အောက်တိုဘာလအထိ တိုက်ခတ်လေ့ရှိကာ ထိုအနောက်တောင်မုတ်သုံလေ ဝင်ရောက်စဉ် မိုးလွန်စွာ အားကောင်းပြီး မြေပြိုမှုဖြစ်စဉ်များ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိသည်။ ၂၀၁၉ ခုနှစ် သြဂုတ်လ ၉ ရက်တွင် မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ၏ မလတ်တောင်မြေပြိုမှုသည်    မြန်မာနိုင်ငံတွင် အကြီးမားဆုံးမြေပြိုမှုအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့သည့် သာဓကရှိသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ငါးလတာကာလအတွင်း မြေငလျင်လှုပ်ရှားခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ် ၅၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မေလ ၂၄ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး(၁/၂၀၂၄)တွင် ပြောကြားထားသည်ကို လေ့လာသိရသည်။

ယခုကာလတွင် မြန်မာတစ်ပြည်လုံး အနောက်တောင် မုတ်သုံရာသီဝင်ခဲ့ပြီဖြစ်ရာ မြန်မာပြည်အနှံ့  မိုးထစ်ချုန်းရွာသွန်းခြင်း၏ နောက်ဆက်တွဲအဖြစ် မြစ်ချောင်းနှင့်နီးသော နေရာတော်တော်များများ၌ မြေပြိုကမ်းပြိုခြင်းများ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့နေရသည်။ သို့ပါ၍ မြေပြိုခြင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး အကြောင်းများကို   အောက်ပါအတိုင်း ရေးသားဖော်ပြလိုက်ရပါသည်။

မြေပြိုခြင်းအတွက် ကြိုတင်ပြင်ဆင်ရန်များ

-     မိမိပတ်ဝန်းကျင်ရှိ ဆင်ခြေလျှောများ၊ ချောင်းစပ်ရေစပ်များတွင် မြေဆီလွှာထိန်းသိမ်းရန်နှင့် မြေဆီလွှာ တိုက်စားမှုတွေကို ကာကွယ်ရန်အတွက် သစ်ပင်များ စိုက်ပျိုးပါ။

-     မြေထိန်းနံရံများ တည်ဆောက်ထိန်းသိမ်းမှုများတွင် မိမိတတ်စွမ်းသရွေ့ပါဝင်ပါ။

-    ရွှေ့ပြောင်းတောင်ယာစနစ်အစား လှေကားထစ် စိုက်ပျိုးရေးစနစ်ကို ကျင့်သုံးပါ။

-    သစ်တောထိန်းသိမ်းခြင်း လုပ်ငန်းများတွင် အစိုးရ ရပ်ရွာလူမှုအဖွဲ့အစည်းများနှင့် အတူ   ပူးပေါင်းဆောင်ရွက်ပါ။

-    တောင်ကုန်းတောင်စောင်းများတွင် နေထိုင်သူများအနေဖြင့် မိမိပတ်ဝန်းကျင်ရှိ မြေပြိုမှုဘေးအန္တရာယ် ဖြစ်နိုင်ခြေနှင့် အိမ်၏ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးပါ။

-    မြေပြိုမှု၊ တောင်ပြိုမှု ဖြစ်ပွားလေ့ရှိသော နေရာများကို ကြိုတင်လေ့လာထားပါ။  မြေပြိုမှုဘေးအန္တရာယ် သတိပေး ဆိုင်းဘုတ်များ၊  အမှတ်အသားများကိုသတိပြုပါ။

-    မြေပြိုနိုင်သောနေရာများ(မတ်စောက်သော တောင်စောင်းများ၊ မြေပျော့သောနေရာများ၊ ရေဝပ်သော နေရာများ) တောင်စွယ်ရေစီးရာလမ်းကြောင်း မိုးရေတိုက်စားသော လျှိုအနီးတွင်   အဆောက်အအုံ ဆောက်လုပ်ခြင်းမပြုရ။

-    မြေပြိုမည့်ရှေ့ပြေး လက္ခဏာများဖြစ်သည့် မိမိတို့၏နေအိမ်တံခါးများ ဖွင့်ပိတ်ရာတွင် ကျပ်လာခြင်း၊ အိမ်၏ အုတ်နံရံများ၊ သမံတလင်းများတွင် အက်ကြောင်းပေါ်လာခြင်း၊ လှေကားထစ်၊ လူသွားလမ်းများ၊ ကွန်ကရစ်လမ်း သို့မဟုတ် မြေမာလမ်းများ အိမ်နှင့်ကွာဝေးလာခြင်း၊ ခြံစည်းရိုးများ နေရာရွေ့လာခြင်း၊ မိုးသည်းထန်စွာရွာနေစဉ်    မိုးရေစီးကြောင်း ပြောင်းလဲလာခြင်း၊  သစ်ပင်များနေရာရွေ့ခြင်း၊   စောင်းလာခြင်း၊ တောင်စောင်းကုန်းလျှောများ  မြေရွေ့လျားခြင်း သို့မဟုတ် မြေမို့တက်လာခြင်း၊ မသိမသာမြေမျက်နှာပြင် နိမ့်ကျခြင်း၊ ဝင်းခြံတံတိုင်းများ၊  ခြံစည်းရိုးများ၊ ဓာတ်တိုင်များ၊ သစ်ပင်များ  တဖြည်းဖြည်းယိုင်နဲ့လာခြင်း၊ မြေများအက်ကွဲခြင်း စသည်တို့ကို သတိပြုမိပါက အမြန်ရွှေ့ပြောင်းရန် လိုအပ်သည်။ ၎င်းသွင်ပြင် လက္ခဏာများကို သိနားလည်အောင် လုပ်ထားဖို့ လိုအပ်သည်။

-    မြေပြိုသောအခါ အသံကိုတော်သင့်ရုံကြားရပြီး တဖြည်းဖြည်းနှင့်  အသံကျယ်လာပါက  မိမိနှင့် နီးလာပြီဖြစ်သည်။

-    တောင်စောင်း သို့မဟုတ် တောင်စွန်းပေါ်ရပ်နေပါက မိမိရပ်နေသော ခြေထောက်အောက်က မြေကြီးသည်  တောင်ခြေဘက်သို့  လျှောကျသွားသည်။ ကြားလေ့ကြားထမရှိသော သစ်ပင်သစ်ကိုင်းကျိုးခြင်း၊ ကျောက်စိုင်ကျောက်ခဲ ပွတ်တိုက်သံများ ကြားရမည်။ ထိုအချိန်တွင် မိမိထံသို့ ကျောက်စိုင်ကျောက်ခဲများ လွင့်စဉ်လာနိုင်သည်။

-    ကားမောင်းနေစဉ် ကားလမ်းဘေးရှိ လူသွားစင်္ကြံလမ်း ပြိုလဲခြင်း၊ ရွှံ့နှင့် ကျောက်စကျောက်နများ လွင့်စဉ်ပြန့်ကျဲခြင်း တွေ့ပါက မြေပြိုသောလက္ခဏာဟု သိထားရမည်။

-   မြေပြိုတတ်သောနေရာများတွင် နေထိုင်သူဖြစ်ပါက အရေးပေါ်ပြောင်းရွှေ့နိုင်ရန် နေရာ၊ လမ်းကြောင်းများ နှင့် မိသားစုဆုံရပ်တို့ကို ကြိုတင်သတ်မှတ်ထားပါ။

-    တောင်စောင်းအနီးပတ်ဝန်းကျင်တွင် နေထိုင်သူများအနေဖြင့် မိမိတို့ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်းကြောင့် မြေပြိုခြင်းဖြစ်ပေါ်နိုင်သည်ကို သတိပြုပါ။

မြေပြိုမှုဖြစ်ပေါ်နေချိန်တွင် ပြုလုပ်ရန်အချက်များ

- မြေပြိုကျမှုဖြစ်နေသော   နေရာများအနီးသို့မလိုအပ်ဘဲ မသွားပါနှင့်။

- မြေပြိုကျမှုဖြစ်နေသော နေရာများတွင် ရောက်နေပါက တတ်နိုင်သမျှ အမြန်ဆုံးဘေးလွတ်ကင်းရာသို့ပြေးပါ။ အမြန်ဆုံး မရှောင်ခွာနိုင်ပါက  နီးစပ်ရာခိုင်ခံ့သောနေရာ၊ အဆောက်အအုံများတွင် ခိုလှုံပါ။ မြေပြိုမှုဖြစ်နေသော နေရာအနီးသို့လာသည့် လူနှင့်ယာဉ်များအား အသိပေးပါ။မြေပြိုမှုဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ

-    မြေပြိုပြီးသားနေရာများတွင် ထပ်မံပြိုကျနိုင်သည့်အတွက်   သတိရှိစေလိုပါသည်။  မြေပြိုပြီးသည့်နောက်တွင် ၎င်းပတ်ဝန်းကျင်တစ်ဝိုက် အက်ကွဲရာဖြစ်ပေါ်လေ့ရှိပြီး  ထိုကွဲရာ တဖြည်းဖြည်းကျယ်ပြန့်လာပါက မြေပြိုနိုင်သည့် အလားအလာရှိသည်။ ထို့ပြင် ရာသီဥတုအပေါ်မူတည်ကာ မိုးသည်းထန်ပြီး ဆိုးရွားသည့် ရာသီဥတုကြောင့်လည်း ဆင့်ကဲပြိုကျလေ့ရှိသည်ကို သတိထားစေလိုပါသည်။

-    မြေပြိုထားသော ပတ်ဝန်းကျင်၊ အဆောက်အအုံများ၊ လျှပ်စစ်မီးကြိုးနှင့် ဝေးဝေးနေပါ။

-    မြေပြိုခြင်းဒဏ်ခံထားရသော နေအိမ်အဆောက်အအုံများအား သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ခွင့်ပြုချက်ရမှသာလျှင် ဝင်ရောက်နေထိုင်ပါ။

-    မြေပြိုမှုကြောင့် ဒဏ်ရာရသူ၊ ပိတ်မိနေသူများရှိပါက ကယ်ဆယ်ရေးအဖွဲ့သို့ ချက်ချင်းအကြောင်းကြားပြီး လိုအပ်သော အကူအညီများပေးပါ။

-    မိသားစုဝင်များ ပျောက်ဆုံးကွဲကွာပါက သက်ဆိုင်ရာသို့ချက်ချင်းအကြောင်းကြားပါ။

-    မြေပြိုခြင်းကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်သော ရေလွှမ်းမိုးမှု၊ ရွှံ့နုန်းမြေများ၊ မြေသားအစိုင်အခဲများ ပြိုကျစီးဆင်းလာနိုင်မှုတို့အား အထူးသတိပြုနေထိုင်ပါ။

-    မသန့်ရှင်းသော ရေအရင်းအမြစ်များကို မသုံးစွဲပါနှင့်။

-    မြေပြိုထားသောနေရာများ၌ အဆောက်အအုံများ ပြန်လည်တည်ဆောက်ရာတွင် ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်များ၊ တာဝန်ရှိသူများ၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ပါ။

-    ဘေးအန္တရာယ်ကျရောက်ပြီးနောက် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ နို့တိုက်မိခင်များ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများအား အထူးဂရုပြု စောင့်ရှောက်ပေးပါ။

ကမ်းဝေး၊  ကမ်းနီး ငါးဖမ်းရေယာဉ်များအတွက် သတိပေးချက်

      ကမ်းဝေး၊ ကမ်းနီးငါးဖမ်းရေယာဉ်များ မုတ်သုံရာသီ အတွင်း ရာသီဥတုဆိုးရွားချိန်များတွင်  လှိုင်းဒဏ်၊ လေဒဏ်များ ခိုလှုံနိုင်ရန်အတွက် ရာသီဥတုခိုလှုံရာနေရာများကို သက်ဆိုင်ရာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနက ယခုလို သတင်းကြေညာချက် ထုတ်ပြန်ထားကြောင်း  သိရပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော နိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်းရေယာဉ်များနှင့် ကမ်းနီးငါးဖမ်း ရေယာဉ်များအနေဖြင့် မုတ်သုံရာသီအတွင်း ရာသီဥတု ဆိုးရွားချိန်များတွင် လှိုင်းဒဏ်၊ လေဒဏ်များ ခိုလှုံနိုင်ရန်အတွက် အောက်ဖော်ပြပါ တည်နေရာများအား ရာသီဥတု ခိုလှုံနိုင်ပါကြောင်းကို (၂၆-၂-၂၀၂၄) ရက်စွဲပါ ညွှန်ကြားချက်အမှတ်၊ ၁/၂၀၂၄ ဖြင့် ထုတ်ပြန်ပေးထားပြီး ဖြစ်ပါသည် -

    (က) ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ မင်းဂံချောင်းအတွင်း မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၂၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၅၈ မိနစ်။

    ( ခ) ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဖရုံဂါကျွန်း မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ  ၀၀ မိနစ်။

    ( ဂ) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ငလပွေ့ချောင်း မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၄ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၃ မိနစ်။

    (ဃ) ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းဆိပ်ကမ်း မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၃၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၃ မိနစ်။

    ( င) ရခိုင်ပြည်နယ်၊  သံတွဲမြို့နယ်၊  သဗြုချိုင်(ANDREW BAY) မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၂၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၀ မိနစ်။

    ( စ) ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ သင်္ဘောဆိပ် မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၁၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄  ဒီဂရီ ၁၃ မိနစ်။

    (ဆ) ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ တင်းတောကျေးရွာအုပ်စု၊ အမော်ချိုင် မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၃၇ မိနစ်၊  အရှေ့လောင်ဂျီတွဒ်  ၉၄  ဒီဂရီ  ၃၄ မိနစ်။

    (ဇ) ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း(HAINGYI ISLAND)မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၅၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၀ မိနစ်။

    ( စျ) ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ပြင်ခရိုင်၊ ချောင်းဝကျေးရွာ မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၄ ဒသမ ၄၀ မိနစ်။

    (ည) ဧရာဝတီတိုင်းဒေသကြီး၊   ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာ  မြောက်လတ္တီတွဒ်  ၁၅ ဒီဂရီ ၄၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅  ဒီဂရီ ၁၆ မိနစ်။

    ( ဋ) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ၀ါးကျွန်း မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၁၁.၃၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ်၉၇ ဒီဂရီ ၄၄  မိနစ်။

    (ဌ)  တနင်္သာရီတိုင်းဒေသကြီး၊  လောင်းလုံမြို့နယ်၊ မောင်းမကန် ဘုတ်ကျွန်း(MIDDLE MOSCOS) မြောက်လတ္တီတွဒ်  ၁၄ ဒီဂရီ ၀၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၈ မိနစ်။

    (ဍ) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ လောင်းလုံ ဘုတ်ကျွန်း (SOUTH MOSCOS) မြောက်လတ္တီတွဒ် ၁၃  ဒီဂရီ ၄၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၅၄ မိနစ်။

    (ဎ) တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ တနင်္သာရီကျွန်း (THANINTHARYI ISLAND) မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ  ၃၄ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၅၂ မိနစ်။

    (ဏ) တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ပြင်စဘုကျွန်း(PYIN SA BU ISLAND) အရှေ့ဘက်ရေပြင် မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၄၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီ ၀၅ မိနစ်။

 နိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်းရေယာဉ်များနှင့် ကမ်းနီးငါးဖမ်း ရေယာဉ်များအား ရာသီဥတု ခိုလှုံခွင့်ပြုရာနေရာ သတ်မှတ်ပေးထားခြင်းမှာ မုတ်သုံရာသီရာသီဥတု ဆိုးရွားချိန်အတွင်း ငါးဖမ်းရေယာဉ်များနှင့် ရေလုပ်သားများ အန္တရာယ်ကင်းရှင်း လုံခြုံစွာ ကျွန်းခိုရပ်နားနိုင်ရန်အတွက် သတ်မှတ်ပေးထားခြင်း ဖြစ်ပြီး ရာသီဥတုခိုလှုံသည်ကို အကြောင်းပြ၍ ကမ်းနီးဒေသအတွင်း  ငါး/ပုစွန်  ဖမ်းဆီးနေသည်ကို  စစ်ဆေးတွေ့ရှိရပါက ထိရောက်စွာ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း သိရသည်။

အချုပ်အားဖြင့်ဆိုသော် ၂၀၁၅ ခုနှစ်က ထုတ်ပြန်ထားသည့် Climate Risk Index, German Watch အစီရင်ခံစာများအရ ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြား အနက် မြန်မာနိုင်ငံသည် ဘေးအန္တရာယ် ကျရောက်ခံရမှုတွင် ဒုတိယအများဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။ အချိန်အခါမရွေး ကျရောက်လာနိုင်သော သဘာဝဘေးအန္တရာယ်က မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ အိမ်တံခါးကို ခေါက်လျက်ရှိသဖြင့်  မိုးရာသီကာလတွင် ကြုံတွေ့ရနိုင်သည့် မိုးသည်းမြေပြိုခြင်းကို သတိရှိကြစေလိုပါသည်။   ။