သင်တန်းဆင်း ပြည်သူ့စစ်မှုထမ်းများအား ၅ နှစ်တာဝန်ထမ်းဆောင်ရန် အတင်းအကျပ် လက်မှတ်ရေးထိုးခိုင်းကြောင်း မဟုတ်မမှန် သတင်းများ ဖြန့်ဝေလျက်ရှိ

သင်တန်းဆင်း ပြည်သူ့စစ်မှုထမ်းများအား ၅ နှစ်တာဝန်ထမ်းဆောင်ရန် အတင်းအကျပ် လက်မှတ်ရေးထိုးခိုင်းကြောင်း မဟုတ်မမှန် သတင်းများ ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇူလိုင် ၁၀

        ပြည်သူ့စစ်မှုထမ်း သင်တန်းပြီးစီးခဲ့သည့် သင်တန်းဆင်းပြည်သူ့စစ်မှုထမ်းများ အနေဖြင့် သင်တန်းခေါ်ယူစဉ်က ၂ နှစ် တာဝန်ထမ်းဆောင်ရမည်ဟု ခေါ်ယူထား သော်လည်း လက်တွေ့တွင် ၅ နှစ် တာဝန်ထမ်းဆောင်ရန် အတင်းအကျပ် လက်မှတ် ရေးထိုးခိုင်းကြောင်း ပြည်သူအများ စိုးရိမ်စေရန် တရားမဝင်ပြည်ဖျက်မီဒီယာများမှ မဟုတ်မမှန် သွေးထိုးလှုံ့ဆော်ဝါဒဖြန့်ဝေ ရေးသားလျက်ရှိသည်ကို တွေ့ရှိရပါသည်။

        အဆိုပါသတင်းနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ မှန်ကန်မှုမရှိကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ နိုင်ငံပိုင်မီဒီယာများ၊ လှုမှုကွန်ရက်များနှင့် Mobile ဖုန်းများသို့ SMS(စာတိုပေးပို့ခြင်း) ဝန်ဆောင်မှုများဖြင့်  အများပြည်သူထံသို့ ပေးပို့အသိပေးခြင်းများ ဆောင်ရွက်လျက် ရှိကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီသာ တာဝန်ထမ်းဆောင် နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

        သို့ရာတွင် တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်အဖွဲ့အစည်းများသည် လူငယ်၊ လူရွယ်များ လမ်းမှားရောက်စေရန်အတွက် အချိန်ကိုက် သွေးထိုးလှုံ့ဆော်ဝါဒဖြန့် ထုတ်လွှင့်လျက်ရှိပြီး လုပ်ကြံဖန်တီးထားသည့်သတင်းများ၊ ကောလာဟလသတင်း များကို အချိန်ကိုက်ဝါဒဖြန့်ချိလျက်ရှိရာ အခြေအမြစ်မရှိသည့် သတင်းအမှားများကြောင့် စိုးရိမ်ပူပန်မှု၊ အသိအမြင်လွှဲမှားမှုများမဖြစ်ပေါ်စေရန် မိဘပြည်သူများအနေဖြင့် စစ်မှုထမ်းဆိုင်ရာ သတင်းများသိရှိနိုင်စေရေး နိုင်ငံပိုင်မီဒီယာများ၊ စစ်မှုထမ်းဆိုင်ရာ အသိပညာပေးသတင်းများ၊ ထုတ်လွှင့်ချက်များနှင့် https://mod.gov.mm/node/74 တို့တွင် စဉ်ဆက်မပြတ် ထုတ်လွှင့်အသိပေးလျက်ရှိပြီး သိရှိလိုသည်များ၊ မရှင်းလင်းသည့် အကြောင်းအရာများနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်း ဗဟိုအဆင့်၊ တိုင်းဒေသကြီး အဆင့်၊ ပြည်နယ်များအဆင့် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များသို့ ရုံးချိန်များအတွင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သတင်းရရှိ ပါသည်။

 

Dates: 
Wednesday, July 10, 2024 - 16:06