ရနံ့သင်းမွှေး ပန်းကလေးတို့၏အလှ

 

ရနံ့သင်းမွှေး ပန်းကလေးတို့၏အလှ

 

မြန်မာနိုင်ငံသည် မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သဘာဝသယံဇာတပေါကြွယ်ဝသည့်နိုင်ငံဖြစ်သည်။  ရေမြေတောတောင် မြစ်ချောင်းအင်းအိုင်များကလည်း စုံလင်သည်။ ရာသီဥတုကလည်း မျှတ၍  နွေမိုးဆောင်းဥတုသုံးလီ ရာသီဆယ့်နှစ်ပါးနှင့် ပြည့်စုံသည်။   နွေတွင်နွေအလျောက် မိုးတွင်မိုးအလျောက် ဆောင်းသို့ရောက်လျှင် ဆောင်းအလျောက်  သဘာဝနှင့်လိုက်လျောညီထွေဖြစ်အောင် နေထိုင် လုပ်ဆောင်ကြရသည်။  ယခုအခါမိုးဦးကျရာသီသို့ ရောက်လာပြီ ဖြစ်သည်။   မိုးဦးကျရာသီမှာ လူသားတို့၏ စိတ်နှလုံးကို အေးမြလန်းဆန်းစေသည်။ သစ်ပင်များရွက်ဟောင်းကြွေသွားပြီး ရွက်သစ်များ ထွက်လာချိန်ဖြစ်သည်။ မည်သည့်နေရာကိုကြည့်ကြည့်  သစ်ပင်တို့ စိမ်းစိမ်းစိုစိုရှိနေသည်။

သစ်ပင်ပန်းမန်တို့သည်  ရနံ့မွှေးပျံ့သင်းကြိုင်လျက်ရှိသည်။  ထိုမြင်ကွင်းကို ထပ်ဆင့်ကြည်နူးစေသည်မှာ ကျောင်းသား၊ ကျောင်းသူတို့၏ ကျောင်းတက်နေသည့် မြင်ကွင်းများဖြစ်သည်။  ရနံ့သင်းမွှေး၊ ပန်းကလေးတို့၊ ကြည်အေးရွှင်ပျ၊ လှလည်းလှသည်၊ အလှများစုံ၊   ပန်းရဂုံသို့၊ လှပုံထူးစွာ၊ မြင်ရပါသည်၊ ခုခါကျောင်းများ ဖွင့်လေပြီဟူသော ကဗျာစာသားလေးက စာရေးသူ၏ စိတ်ထဲတွင် ပေါ်လာသည်။ အမှန်တကယ်လည်း ကျောင်းသား၊ ကျောင်းသူတို့၏ ကျောင်းတက်နေသည့် မြင်ကွင်းများ၊  ကျောင်းများတွင် အတန်းလိုက် အခန်းလိုက်ပညာသင်ကြားပို့ချနေမှုများသည်    မြင်ရသူတို့ စိတ်ဘဝင်တွင် လှလည်း လှလွန်းသည်။  လှပုံမှာလည်း နိုင်ငံအတွက် ထူးခြားစွာလှနေခြင်း ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွင် ပညာတတ်များပေါကြွယ်ဝမှုသည် အဓိကကျလှသည်။ ပညာတတ်များ၊ တစ်နည်းဆိုရလျှင်  လူသားအရင်းအမြစ်များ ထွန်းကားနေသည့်နိုင်ငံသည်  ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်တွင် ရှိနေမည်သာ ဖြစ်သည်။  လူသားအရင်းအမြစ် ဆိုသည်မှာ    မည်သည့်အခါမျှ ကုန်ဆုံးနိုင်ဖွယ်မရှိသည့်အရာဖြစ်သည်။   ထိုအရာသည် မျိုးဆက်သစ်အဆက်ဆက်တို့ ဆက်ခံကျင့်သုံးနေရမည့် အရာဖြစ်သည်။ ပညာပေါကြွယ်၊ ကမ္ဘာ့အလယ်မှာ၊ မြန်မာတို့ခေတ်၊ မြသားနှစ်သို့ တန်ဖိုးကြီးမားစွာ ရှိနေရန်မှာ  ကျောင်းသား၊  ကျောင်းသူများ၏ ပညာရေးတွင်     ကြိုးစားသင်ယူမှု၊ တတ်မြောက်မှုတို့သည် အခြေခံအုတ်မြစ် ဖြစ်သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက်   မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ၊ အဆင့်မြင့်တက္ကသိုလ်များ အားလုံးကို  ဇွန်လ  ၃  ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီ ဖြစ်သည်။   နိုင်ငံအတွက် အဓိကကျလှသော အခြေခံပညာကျောင်းများ အားလုံးအတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်အထိသတ်မှတ်ထားပြီး ကျောင်းအပ်လက်ခံပေးခဲ့သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို     နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ  အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများအားလုံး  ဇွန်လ ၃ ရက်က  စတင်ဖွင့်လှစ်ခဲ့ရာ   ဇွန်လ  ၁၀  ရက်နေ့အထိ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ ၆၉၄၆၁၄၇ ဦးဖြစ်ပြီး  ၆၇၅၇၇၀၇   ဦး  ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်မှာ  လွန်စွာမှပင် ကြည်နူးဝမ်းမြောက်ဖွယ်ကောင်းလှသည်။

မသမာသူတို့၏ လှုံ့ဆော်ဝါဒ ဖြန့်ချိမှုအမှားတွင်  ရောယောင်လိုက်မိကြသော  မိဘများသည်လည်း မိမိတို့၏ အမှားများကိုသိမြင်ကာ  သားသမီးများကို ကျောင်းအပ်နေကြပြီဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍ၊ ပညာသင်ကြားမှုတွင် ကျောသားရင်သားမခွဲခြားဘဲ ကျောင်းနေအရွယ်ကလေးအားလုံး  ကျောင်းအပ်နှံနိုင်ရေး  စီစဉ်ဆောင်ရွက်ပေးထားပြီးဖြစ်သည်။

၂၀၂၄-၂၀၂၅   ပညာသင်နှစ်တွင်အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့်  အထက်တန်းကျောင်းသား၊ ကျောင်းသူများကို   သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်များ၊  စာရေးကိရိယာများကို အခမဲ့ ထုတ်ပေးထားပြီး  KG    နှင့်မူလတန်းကျောင်းသား၊     ကျောင်းသူများကို ကျောင်းဝတ်စုံများလည်း အခမဲ့ပေးအပ်လျက်ရှိသည်။ စာသင်ကျောင်းများအားလုံးကို  စနစ်တကျဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက   စာသင်ခန်းများတွင် စာသင်ခုံများနေရာချထားခြင်း၊ ကျောင်းကြို/ပို့ ယာဉ်များ စီစဉ်ပေးခြင်း၊  ကျောင်းများ သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေး တို့အတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို  ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသည်မှာ ပညာရေးကဏ္ဍကို အလေးအနက်ထားခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၃၆၆ တွင် နိုင်ငံသားတိုင်းသည်  နိုင်ငံတော်က ချမှတ်ထားသော ပညာရေးဆိုင်ရာ မူဝါဒများနှင့်အညီ (က) ပညာသင်ကြားပိုင်ခွင့်ရှိသည်။ (ခ) ဥပဒေဖြင့် ပြဋ္ဌာန်းသည့် မသင်မနေရ အခြေခံပညာများကို သင်ကြားရမည်။   (ဂ) သိပ္ပံပညာစူးစမ်းရှာဖွေမှု၊   စာပေနှင့်အနုပညာ ခေတ်မီတိုးတက်စေရန် တီထွင်ကြံဆ ဖော်ထုတ်ရေးသားမှုနှင့် ယဉ်ကျေးမှုကိစ္စများတွင်  လွတ်လပ်စွာ သုတေသနပြု ဖော်ထုတ်ဆောင်ရွက်ခွင့်ရှိသည်ဟု လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၃၆၈ တွင် နိုင်ငံတော်သည် ပညာရည်ထူးချွန်သော   နိုင်ငံသားများအားလူမျိုး၊   ကိုးကွယ်ရာဘာသာ၊ အမျိုးသား၊ အမျိုးသမီးခွဲခြားမှု မထားရှိဘဲ   ယင်းတို့၏ အရည်အချင်းအလိုက်  ချီးမြှောက်ထောက်ပံ့မည်ဟု လည်းကောင်း ပြဋ္ဌာန်းထားသည်။

နိုင်ငံတော်အနေဖြင့် ပညာရေးနှင့်ပတ်သက်လာလျှင်  အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဆရာ၊ ဆရာမများကိုလည်း  အဆင့်လိုက်ထောက်ပံ့မှု များပေးလျက်ရှိသည်။ ပညာရေးဆိုသည်မှာ ဆရာများ၏ အခန်းကဏ္ဍက အထူးပင်အရေးပါလှသည်။  ဆရာကောင်းတပည့် ပန်းကောင်းပန်ဆိုသကဲ့သို့ လမ်းကောင်းလမ်းမှန်ရောက်ကာ   တိုးတက်ကြီးပွားသွားသော ကျောင်းသား၊ ကျောင်းသူများ များစွာ ပေါ်ထွက်ဖို့ လိုအပ်လှသည်။  ပညာရေးကို   တန်ဖိုးထားမြတ်နိုးသောတပည့်များ၊ ဆရာများရှိနေမှသာ နိုင်ငံတော်သည်  ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ နိုင်ငံ၏  ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌  လူငယ်များအနေဖြင့်   အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးကို နိုင်ငံတော်က ဦးတည်ချက် ချမှတ်ဆောင်ရွက်နေသည်။

ဗလငါးတန်ဆိုသည်မှာ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့်ဘောဂဗလတို့ဖြစ်သည်။ ထိုဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရန် အနီးကပ်သွန်သင်ပြသပေးနိုင်သူမှာ ဆရာ၊ ဆရာမများဖြစ်သည်။ ဆရာ၊ ဆရာမအားလုံး၏စိတ်တွင်   နိုင်ငံရေးဆိုသည်ထက်  နိုင်ငံ့အရေးကိုသာရှုမြင်ကြရမည်ဖြစ်သည်။  သို့မှသာဖြူစင်သန့်ရှင်းအရောင်အစွဲကင်းသောပညာရေးကို      ကျောင်းသား၊ ကျောင်းသူတို့  သင်ယူတတ်မြောက်နိုင်ကြမည်ဖြစ်သည်။

ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက်  မိမိတို့ဒေသရှိ ကလေးငယ်များ၏ အနာဂတ်ကောင်းမွန်ရေးမှာ နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာ သိမြင်ကြရန် လိုအပ်သည်။    ထိုသို့သိမြင်နေရန်အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်သည်။  အသိပညာ၊   အတတ်ပညာများ ကြွယ်ဝသည့် ပညာတတ်များ များပြားမှ သာလျှင်  ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။  အသိပညာနည်းပါးနေပါက  ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို     များစွာထိခိုက်စေမည်ဖြစ်သည်။  နိုင်ငံတော်အစိုးရအနေဖြင့်  ကျောင်းနေပညာရေးကို အားပေး ဆောင်ရွက်လျက်ရှိသကဲ့သို့ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အသိပညာများ တိုးပွားစေရေးအတွက်လည်း အားပေးဆောင်ရွက်လျက်ရှိသည်။ ထိုအခြေအနေများကို ဒေသခံ ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်သည်။

သင်ကြားရေးနှင့် ပတ်သက်၍ အတတ်ပညာတစ်ခုကို     သင်ယူတတ်မြောက်အောင်  လေ့ကျင့်သင်ကြား ပေးခြင်းနှင့်  ၎င်းအတတ်ပညာကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်သူများ ဖြစ်အောင် လေ့ကျင့်သင်ကြား ပေးမှုဟူ၍ရှိသည်။ ဆရာ၊  ဆရာမများအနေဖြင့် လေ့ကျင့်သင်ကြားရာတွင်    စာပေပိုင်းဆိုင်ရာ ပညာရပ်ကို  သင်ကြားပေးခြင်းနှင့်အတူ   လူငယ်တို့၏ စိတ်ဓာတ်ကောင်းမွန်ရေးကိုလည်း ပြုပြင်ပေးကြရမည်ဖြစ်သည်။ ထို့အတူ  မိမိတို့၏ ရင်ဝယ်သားသမီးများကဲ့သို့ ကျောင်းသား၊ ကျောင်းသူတို့၏  ကျန်းမာရေးကိုလည်း အလေးထား စောင့်ရှောက်ပေးကြရမည် ဖြစ်သည်။ လူငယ်ဆိုသည်မှာ အနာဂတ်တွင်နိုင်ငံတော်အတွက် ကျရာတာဝန်များကို ထမ်းဆောင်ကြရမည့်သူများ ဖြစ်သည်။   ထိုလူငယ်များအားလုံး   ပညာပြည့်ဝပြီး နှလုံးလှသူများ ဖြစ်နေမှသာ နိုင်ငံတော်၏ အနာဂတ်သည်လည်း လှပနေမည်ဖြစ်သည်။ ထို့ကြောင့် မိဘဆရာပူးပေါင်း ကလေးပညာကောင်းဆိုသည့်အတိုင်း မိဘများကလည်း ဆရာများနှင့် ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူတိုင်းသည် အတန်းပညာများကို တတ်မြောက်အောင် သင်ယူကြရမည်ဖြစ်သည်။ ကျောင်းပညာကို ဆုံးခန်းတိုင်သင်ယူကြမှသာ  မိမိတို့၏ဘဝလမ်းခရီးမှာ ချောမွေ့အဆင်ပြေမည်ဖြစ်သည်။   နိုင်ငံတော်အစိုးရအနေဖြင့်  နှစ်စဉ်ကျောင်းသား၊  ကျောင်းသူများအတွက်   အခမဲ့ပညာရေးစနစ်ကိုကျင့်သုံးကာ    ထောက်ပံ့ပေးလျက်ရှိသည်။ ပညာကိုဆုံးခန်းတိုင်သင်ယူခြင်းမရှိပါက မိမိဘဝအတွက်  အကျိုးမဲ့စေသကဲ့သို့  မိဘနှင့်နိုင်ငံတော်အတွက်လည်း နစ်နာဆုံးရှုံးမှုဖြစ်စေသည်။  နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု၏  အဓိကအခြေခံသည်    ပညာတတ်များပေါများခြင်းဖြစ်သည်ဟူသော စကားရပ်မှာ  လူငယ်တိုင်း စွဲစွဲမြဲမြဲမှတ်ထားသင့်သည့် စကားရပ်ဖြစ်သည်။

၂၁  ရာစုသည်   ပညာခေတ်ဖြစ်ပေရာ  အရာရာတိုင်းကို    ပညာကသာဦးဆောင်လျက်ရှိသည်။ ပညာဆိုသည့် နယ်ပယ်မှာ ကျယ်ဝန်းလှသည့်အတွက် ပညာသင်ကြားပေးရာတွင် ၂၁ ရာစု ကျွမ်းကျင်မှုများနှင့် ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုများ ရရှိအောင်  သင်ကြားပေးကြရမည်ဖြစ်သည်။   

နိုင်ငံတော်က ချမှတ်ထားသော မြန်မာ့ပညာရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် သင်ရိုးသစ် ပညာရေးနှင့်အတူ ဆရာနှင့်ကျောင်းသား၊  မိဘနှင့်ဆရာအတူတကွ  လက်တွဲညီညီ  လျှောက်လှမ်းကြရမည် ဖြစ်သည်။

တန်းစဉ်အလိုက် ကူးပြောင်းအောင်မြင်ရန်၊  သင်ချင်တတ်ချင်စိတ်များရှိလာရန်၊  ကလေးများအားလုံး ကျောင်းမှန်မှန်တက်နေရန်မှာ   ဆရာ၊   မိဘ၊ ကျောင်းသားအားလုံးက   ကြိုးပမ်းကြရမည်ဖြစ်သည်။

လူတိုင်းပညာသင်ယူခွင့် ရှိသည်နှင့်အညီ မိဘတိုင်းက မိမိတို့၏သားသမီးတိုင်းအား အခမဲ့ပညာရေးဖြစ်သည့် အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့်များ ပြီးမြောက်အောင် သင်ယူပြီးပါက ပညာရေးနှင့် သက်မွေးပေါင်းကူး ပညာရေးစနစ်ကို   ဆက်လက်ရွေးချယ်နိုင်ကြသည်။    မိမိတို့ဝါသနာပါရာကို ရွေးချယ်ပြီး မိမိအခြေအနေနှင့် ကိုက်ညီသည့် ပညာရပ်များကို  စနစ်တကျလေ့လာ သင်ယူကြရမည်ဖြစ်သည်။   လူငယ်မောင်မယ်များ အနေဖြင့်   ပညာသင်ယူရရှိသည့်   အခွင့်အလမ်းကို   ကောင်းစွာ အသုံးပြုနိုင်ရမည် ဖြစ်သည်။ ဆိုလိုသည်မှာ   ပညာသင်သည့် အရွယ်တွင်   ပညာကိုတတ်မြောက်အောင်၊ ကျွမ်းကျင်အောင် လေ့လာ သင်ယူမှတ်သားကြရမည် ဖြစ်သည်။

နိုင်ငံတော်အတွက် သားကောင်း၊ သမီးကောင်းများ  ပေါ်ထွန်းလာစေရေးနှင့်    မျိုးဆက်သစ်များ၏ အနာဂတ်ကို ပုံဖော်ရာတွင်   စာသင်ကျောင်းများ၊ သင်ရိုးညွှန်းတမ်းအရည်အသွေးများ၊ ဆရာ၊ ဆရာမများ၏ ဘာသာရပ် တတ်ကျွမ်းမှုများ၊  သင်ကြားရေးကျွမ်းကျင်မှုများ၊ နာသုံးနာနှင့်ပြည့်ဝသည့်  ဆရာ့ဂုဏ်နှင့် အသက်မွေး ဝမ်းကျောင်းပြုသည့်  အလုပ်အပေါ်ထားရှိသည့် သဘောထားများနှင့် တန်ဖိုးထားမှုများက အရေးပါနေမည် ဖြစ်သည်။  ဆရာ၊  ဆရာမတို့၏ ပြုစုပျိုးထောင်မှုကောင်းလေလေ    တပည့်များ၏ အရည်အသွေး တောက်ပြောင်လာလေလေ ဖြစ်ပေရာ ဆရာများ၏ အရေးပါမှုကို   မြန်မာမှုနယ်ပယ်တွင် အနန္တော အနန္တငါးပါးတွင် တစ်ပါးအဖြစ် ထည့်သွင်းထားခြင်းဖြစ်သည်။

မိုးဦးကာလ  လှပသောပတ်ဝန်းကျင် ရှုခင်းများနှင့်အတူ ကျောင်းသား၊ ကျောင်းသူတို့၏ ကျောင်းတက်မှု မြင်ကွင်းများ၊ ကျောင်းသား၊ ကျောင်းသူတိုင်း  မိမိတို့ကျောင်းသို့  မိနစ် ၃၀ စော၍ရောက်ရှိနေခြင်းများ၊ ထိုမှတစ်ဖန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုခြင်းများ၊ နိုင်ငံတော် သီချင်း သီဆိုခြင်းများ၊  စာသင်ခန်းများအတွင်း  စာပေသင်ကြားနေခြင်းများ  စသည့် မြင်ကွင်းများ အားလုံးမှာ   နိုင်ငံတော်အတွက် အလှပဆုံးမြင်ကွင်းများဖြစ်သည်။    ထိုမြင်ကွင်းများကိုကြည့်၍  ဝမ်းသာကြည်နူးရသည်။ နိုင်ငံတိုင်းတွင်၊ ပညာရှင်များ၊ များပြားလွန်စွာ၊ ရှိနေပါမှ၊ ထူးစွာတိုးတက်၊ အစွမ်းထက်မည်၊ အခက်တွေကင်း၊ ဖွံ့ဖြိုးခြင်းတို့၊ လင်းလက်ကြယ်သွင်၊ ရှိလိမ့်မည်ဟု တွေးမိရင်း ရနံ့သင်းမွှေးပန်းကလေးတို့၏ အလှများ ပိုမိုလှပပါစေကြောင်း ညွှန်းဆို ရေးသားလိုက်ရပေသည်။   ။

ဘုန်းမောင်ဝင်း(ဖျာပုံ)