ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်  

 

ယမန်နေ့မှအဆက်

    ဆောင်ရွက်ဆဲ ရေအားလျှပ်စစ်စီမံကိန်းများထဲမှ ကွန်းချောင်း(၆၀ မဂ္ဂါဝပ်) စက်ရုံသည် ၉၃ ရာခိုင်နှုန်း၊ ဖြူးချောင်း (၄၀ မဂ္ဂါဝပ်) စက်ရုံသည်၇၃ ရာခိုင်နှုန်း၊ အထက်ပေါင်းလောင်း (၁၄၀ မဂ္ဂါဝပ်) စက်ရုံသည် ၄၁ ရာခိုင်နှုန်း၊ နန်ချို (၄၀ မဂ္ဂါဝပ်) စက်ရုံသည် ၆၃ ရာခိုင်နှုန်း၊ သောက်ရေခပ်(၂) (၁၂၀ မဂ္ဂါဝပ်) စက်ရုံသည် ၄၀ ရာခိုင်နှုန်း၊ ဘီလူးချောင်းအမှတ်(၃)(၅၂ မဂ္ဂါဝပ်) စက်ရုံသည် ၄၇ ရာခိုင်နှုန်း၊ အထက်ဘီလူးချောင်း (၃၀ ဒသမ ၄ မဂ္ဂါဝပ်) စက်ရုံသည် ၅၀ ရာခိုင်နှုန်း၊ ရွှေကျင် (၇၅ မဂ္ဂါဝပ်) စက်ရုံသည် ၉၀ ရာခိုင်နှုန်း စသည်ဖြင့် အသီးသီးပြီးစီးခဲ့သည်အထိ  ဆောင်ရွက်ပေးနိုင်ခဲ့သည်။ သုံးနှစ်အတွင်းပြီးစီးပါက နောက်ထပ် မဂ္ဂါဝပ် ၃၀၀ ကျော် ထပ်တိုးလာနိုင်သည်။

နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့ထားသည့်အချိန်တွင် ဤမျှကြီးမားသည့် ရေအားလျှပ်စစ်စီမံကိန်းများကို နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်၊ ဖက်စပ်ပိုင် ဆောင်ရွက်နိုင်ခဲ့မှုကြောင့် ၂၀၁၄ ခုနှစ်နောက်ပိုင်းတွင် ဓာတ်အားပြတ်တောက်မှု နည်းလာခဲ့သည်။

ဓာတ်အားထုတ်လုပ်မှု တိုးတက်စေရန်  ဆက်လက်ဆောင်ရွက်နိုင်ရေး စီစဉ်ခဲ့သော  စီမံကိန်းပေါင်း  ၆၂  ခုအနက်  ၆၀  မှာ ရေအားလျှပ်စစ်စက်ရုံများဖြစ်သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ၏   ဓာတ်အားခစျေးနှုန်း   သက်သာစေရေးအတွက် လည်းကောင်း၊ လယ်ယာစိုက်ပျိုးရေး၊ လျှပ်စစ်ရရှိရေးနှင့် ရေကြီးရေလျှံမှု ကာကွယ်ရေးအတွက် လည်းကောင်း   ဘက်စုံစဉ်းစားပြီး   ပြန်လည်ပြည့်ဖြိုးမြဲရေကို အကျိုးရှိထိရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ကာလဟုပင် ဆိုရပါမည်။

ဤကာလအတွင်း လျှပ်စစ်ကဏ္ဍတွင် ရေအရင်းအမြစ်ကို ပိုမိုသုံးစွဲထုတ်လုပ် ပေးနိုင်ခဲ့သည့်အတွက် ဓာတ်အားထုတ်လုပ်မှုစရိတ် သက်သာခဲ့သည်။ ရေအားလျှပ်စစ် စက်ရုံများမှ ဓာတ်အားတစ်ယူနစ်လျှင် ၂၀ နှုန်းဖြင့် ထုတ်လုပ်ပေးနိုင်ခဲ့သည်။ ထုတ်လုပ်မှုစရိတ်နှင့် ဖြန့်ဖြူးမှုစရိတ်ပေါင်းပြီး ပြည်သူ့ထံမှကောက်ခံသည့် ဓာတ်အားခမှာ တစ်ယူနစ်လျှင် ငွေကျပ် ၃၅ ကျပ်မှ ငွေကျပ် ၅၀  အတွင်းသာရှိခဲ့သည်။ နိုင်ငံတော်မှ အရှုံးခံစိုက်ထုတ်ခဲ့ရမှု မရှိသလောက်ပင်ဖြစ်ခဲ့သည်။

ပြန်လည်ပြည့်ဖြိုးမြဲရေကို    ထိရောက်စွာ အသုံးချလေ  လျှပ်စစ်ဓာတ်အားခစျေးနှုန်း သက်သာလေဖြစ်သည်ကို ပြနိုင်သည့်ကာလအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။

၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ဆယ်စုနှစ်ကာလအတွင်း ပြန်လည်ပြည့်ဖြိုးမြဲရေကို ထိရောက်စွာအသုံးချ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် အထူးကြိုးပမ်းခဲ့သည်။

လုပ်ငန်းများ အရှိန်မြှင့်တင်နိုင်ရန် ယခင် မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်းမှ ဌာနခွဲတစ်ခုဖြစ်သော ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဌာနကို ၂၀၀၂ ခုနှစ်တွင် ဦးစီးဌာနတစ်ခုအဖြစ် တိုးမြှင့်ဖွဲ့စည်းပေးခဲ့သည်။

ထို့ပြင်   ရေအားလျှပ်စစ်စီမံကိန်းများကို   ပိုမိုအောင်မြင်အောင် တည်ဆောက်နိုင်ရေးနှင့်    ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ စွမ်းအားပြည့်လည်ပတ်နိုင်စေရန် ကြိုးပမ်းသည့်အနေဖြင့် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနဟူ၍ နှစ်ခုခွဲပြီး ဆောင်ရွက်စေခဲ့သည်။

ရလဒ်ကောင်းများရခဲ့သည်။ နိုင်ငံတကာမှ စီးပွားရေး ပိတ်ဆို့ထားသည်ဆိုသော ကာလ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှစ၍ ရေအားလျှပ်စစ် တပ်ဆင်စက်အင်အား နှစ်စဉ် မဂ္ဂါဝပ် ၁၅၀ ခန့် တိုးတက်လာစေခဲ့သည်။

ဤဆယ်စုနှစ်အတွင်း   ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းများကို ကြီးကြပ်စေရန်နှင့် ဌာနမှပညာရှင်များကို နည်းပညာမြှင့်တင်ပေးနိုင်ရန် ဂျပန်နိုင်ငံမှ The Kansai Electric ကုမ္ပဏီ  အတိုင်ပင်ခံအဖွဲ့နှင့် NEWJEC ကုမ္ပဏီ အတိုင်ပင်ခံ အဖွဲ့ပညာရှင်များကို   ကာလအပိုင်းအခြားဖြင့် ငှားရမ်းဆောင်ရွက်စေခဲ့သည်။

ဌာနမှပညာရှင် မျိုးဆက်သစ်များကိုလည်း ပြည်ပနိုင်ငံများသို့ စေလွှတ်၍ ဘွဲ့လွန်ပညာရပ်များ သင်ကြားစေခဲ့သည်။

ထို့ပြင် ရေအားလျှပ်စစ်နည်းပညာများ တိုးတက်မြင့်မားလာစေရေးအတွက် နည်းပညာ စာတမ်းဖတ်ပွဲ (Symposium) သုံးကြိမ်ပြုလုပ်ပေးနိုင်ခဲ့သည်။

ဤပွဲတိုင်းတွင် ပြည်ပမှပညာရှင်များ၊ ပြည်တွင်းကုမ္ပဏီများမှ ပညာရှင်များ၊ ဌာနအတွင်းမှ တာဝန်ထမ်းဆဲ ပညာရှင်များ၊ အငြိမ်းစားပညာရှင်များကို စာတမ်းများ တင်သွင်းနိုင်စေရန် စီမံခဲ့သည်။ ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များကိုလည်း တက်ရောက်စေပြီး    စာတမ်းများ  တင်သွင်းဖတ်ကြားစေခြင်း၊ နည်းပညာဆိုင်ရာ ခေတ်မီပစ္စည်းများ ခင်းကျင်းပြသခြင်း စသည်တို့ကို အောက်ပါအတိုင်း နှစ်စဉ်ဆောင်ရွက်နိုင်ခဲ့သည်။

- ၂၀၀၈ ခုနှစ် သြဂုတ်လ ၉ ရက်တွင် စာတမ်း ၂၂ စောင်

- ၂၀၀၉ ခုနှစ် သြဂုတ်လ ၂၈ ရက်တွင် စာတမ်း ၂၀ စောင်

-၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၉ ရက်တွင် စာတမ်း ၁၇ စောင် အသီးသီးဖတ်ကြားနိုင်ခဲ့သည်။

ဤစာတမ်းဖတ်ပွဲသုံးခုတွင် စာရေးသူသည် 'Gate Shaft Excava-tion in Geological Complex Area of Kabaung Hydropower Project'' ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ''The Tunneling Practice in Geological Complex Area at Kun Hydropower Project Work'' ခေါင်းစဉ်ဖြင့် လည်းကောင်း၊ 'Study of Remedical Measures on Stabilization of Tunnel Portal Work'' ခေါင်းစဉ်ဖြင့် လည်းကောင်း စာတမ်းများဖတ်ကြား တင်သွင်း၍ အတွေ့အကြုံများ မျှဝေနိုင်ခဲ့သည်။

ဤကာလအတွင်း နိုင်ငံတော်အဆင့်နှင့် ဌာနအဆင့် တာဝန်ရှိသူ အဆင့်ဆင့်တို့၏ အားထည့်ဆောင်ရွက်ခဲ့မှုများမှာ သမိုင်းမှတ်တမ်းများ အဖြစ် ထင်ကျန်ရစ်ခဲ့ပြီဖြစ်ပါသည်။

အခန်း (၂၀)

မြန်မာ့ရေအသုံးချမှုနှင့်လျှပ်စစ် (၂၀၁၁-၂၀၁၆)

    ဤကာလသည် နိုင်ငံအတွက် ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ခဲ့သည့်ကာလဖြစ်သည်။ ဥပဒေပြုမှု၊ အုပ်ချုပ်မှု၊ တရားစီရင်မှု ဟူသော ကဏ္ဍကြီးသုံးရပ်ကို တစ်ဦးတည်းက  ချုပ်ကိုင်အုပ်ချုပ်သည့်စနစ်မှ သီးခြားစီခွဲဝေ ကျင့်သုံးပြီး     အပြန်အလှန် ထိန်းကျောင်းသည့် စနစ်၏ အစကာလဖြစ်သည်။

ဤကာလတွင် ပြည်သူများကို လွတ်လပ်မှု ပိုမိုရရှိစေရေးအတွက် အချုပ်အချယ် အကန့်အသတ်များကို စတင်ဖြေလျှော့ပေးခဲ့သည့် ကာလဖြစ်သည်။  တချို့သော  ဒီမိုကရေစီနိုင်ငံများ၌  မရနိုင်သည့်  မီဒီယာလွတ်လပ်ခွင့်တချို့ပါ   ရရှိလာကြသည်။  ၂၀၁၁  နှင့်  ၂၀၁၂  ခုနှစ်ကာလများတွင် လျှပ်စစ်ဓာတ်အား မလုံလောက်၍ ဝန်အားလျှော့ချရမှုကြောင့်  ပြတ်တောက်မှုကို  အကြောင်းပြု၍  လမ်းပေါ်တက်ပြီး ဆန္ဒထုတ်ဖော်ကြသည်။ ဖယောင်းတိုင်ကိုယ်စီကိုင်၍ စီတန်းလှည့်ကြသည့် ကာလဖြစ်သည်။

မျိုသိပ်ထားခဲ့ရသော ရင်တွင်းမှအသံများ ပြင်ပသို့ ကျယ်ကျယ်လောင်လောင် တိုးထွက်လာခြင်းဖြစ်သည်။ ဒီမိုကရေစီစနစ်၏ ပြယုဂ်ဖြစ်သည်။

သို့သော် လျှပ်စစ်ဓာတ်အား ပြတ်တောက်ရခြင်းမှာ ၂၀၁၁ ခုနှစ်မှ စတင်ဖြစ်ပေါ်ခဲ့ခြင်းတော့ မဟုတ်ပေ။ ဤကာလထက်ဆိုးသော အခြေအနေကို ဤကာလမတိုင်မီကတည်းက ကြုံခဲ့ကြရပြီးဖြစ်သည်။

တာဝန်ရှိသူများက လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်နေမှုများအား သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်နေမှုများကို ကြားနေရသည်။ သို့သော် ဓာတ်အားထုတ်လုပ်မှု၊ ဓာတ်အားလိုင်းကြီးများ သွယ်တန်းရမှု၊ ဖြန့်ဖြူးရေးလိုင်းများ တည်ဆောက်နေမှုမှာ အချိန်လိုသည်၊ ပညာလိုသည်၊ ငွေကြေးများစွာရင်းနှီးမြှုပ်နှံရသည်။ နှစ်ပေါင်း ၂၀ ကျော် စီးပွားရေး ပိတ်ဆို့မှုကြားမှ တည်ဆောက်ခဲ့ကြသည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများကြောင့်သာ ခုသာခံသာဖြစ်ခဲ့သည်။

ရေအားလျှပ်စစ်စက်ရုံကြီး တစ်ရုံဖြစ်လာရန် ခြောက်နှစ်မှ ၁၀ နှစ်ခန့်အထိ လည်းကောင်း၊ ဓာတ်ငွေ့ဓာတ်အားပေး စက်ရုံတစ်ရုံဖြစ်လာရန် နှစ်နှစ်မှသုံးနှစ်ခန့်အထိ လည်းကောင်း၊ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတစ်ရုံဖြစ်လာရန် လေးနှစ်မှ ငါးနှစ်ခန့်အထိ လည်းကောင်း အချိန်ပေးရသည်။ ဓာတ်အား တစ်မဂ္ဂါဝပ်အတွက် ထုတ်လုပ်မှုမှ ဖြန့်ဖြူးပြီးသည်အထိ  လုပ်ငန်းများအစအဆုံး ကုန်ကျစရိတ်မှာ  အမေရိကန်ဒေါ်လာ သုံးသန်းခန့် ကုန်ကျသည်။             

   ဆက်လက်ဖော်ပြပါမည်။