အင်တာမီလန်အသင်းက အီတလီစီးရီးအေချန်ပီယံဆု ဆွတ်ခူးပေးနိုင်ခဲ့သည့် နည်းပြ အင်ဇာဂီကို ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆို
အင်တာမီလန်အသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက အသင်းကို အီတလီစီးရီးအေချန်ပီယံဆု ဆွတ်ခူးပေးနိုင်ခဲ့သည့် နည်းပြ အင်ဇာဂီကို ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
အသက် ၄၈ နှစ်အရွယ် နည်းပြ အင်ဇာဂီသည် ၂၀၂၁ ခုနှစ် ဇူလိုင်လက လာဇီယိုအသင်းမှ အင်တာမီလန်အသင်းကို ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး အသင်းကို ဘောလုံးရာသီတိုင်းတွင် ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်ပေးနိုင်ကာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီက အီတလီစီးရီးအေပြိုင်ပွဲတွင် အဆင့်(၃)နေရာ၌သာ ရပ်တည်နိုင်ခဲ့သော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ကာ မန်စီးတီး အသင်းကို ရှုံးနိမ့်သည့်အတွက် ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။
နည်းပြ အင်ဇာဂီသည် ပြီးခဲ့သည့်ဘောလုံးရာသီကလည်း အသင်းကို ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး စူပါကိုပါဖလားပြိုင်ပွဲတွင် အသင်းကို ချန်ပီယံဆု ဆွတ်ခူးပေးနိုင်ခဲ့သည့်အပြင် အီတလီစီးရီးအေ ပြိုင်ပွဲတွင်လည်း ပြိုင်ပွဲမပြီးဆုံးမီ ချန်ပီယံဆု ဆွတ်ခူးပေးနိုင်ခဲ့သည့်အတွက် အင်တာမီလန်အသင်းက နည်းပြအင်ဇာဂီကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အင်တာမီလန်အသင်းကို ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြအင်ဇာဂီကို အစောပိုင်းက ပရီးမီးယားလိဂ်ကလပ် အသင်းများက နည်းပြသစ်ခန့်အပ်လိုနေသော်လည်း နည်းပြအင်ဇာဂီ က အင်တာမီလန်အသင်းနှင့်သာ ဆက်လက်လက်တွဲရန် ဆုံးဖြတ်ခဲ့သည့်အတွက် အင်တာမီလန်အသင်းနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
နည်းပြ အင်ဇာဂီသည် သက်တမ်းတိုး စာချုပ်အရ တစ်နှစ်လျှင် လုပ်ခ ယူရို ၆ ဒသမ ၅ သန်းရရှိမည် ဖြစ်ကြောင်း သိရသည်။