ထိခိုက်လွယ်သူ ဖေးမကူ၊ အရေးပေါ်ကစောင့်ရှောက်ကြ

 

ထိခိုက်လွယ်သူ ဖေးမကူ၊ အရေးပေါ်ကစောင့်ရှောက်ကြ

 

    နှစ်စဉ် ဇူလိုင်လ ၁၁ ရက်နေ့သည် ကမ္ဘာ့လူဦးရေနေ့ဖြစ်သည်။ ကုလသမဂ္ဂသည်  ကမ္ဘာ့လူဦးရေ သန်း ၅၀၀၀ ပြည့်ခဲ့သည့် ၁၉၈၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်သည် “Helping vulnerable populations in Emergencies”    “ထိခိုက်လွယ်သူ ဖေးမကူ၊ အရေးပေါ်က စောင့်ရှောက်ကြ”  ဖြစ်သည်။ ကမ္ဘာပေါ်တွင် အရေးတကြီးဖြေရှင်းရမည့် လူဦးရေဆိုင်ရာပြဿနာများနှင့် လူသားအားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ်များကို  အာရုံစိုက်မိလာစေရန်ရည်ရွယ်လျက် ကမ္ဘာ့လူဦးရေနေ့ကို ကျင်းပခြင်းဖြစ်သည်။

နှစ်စဉ််ကျင်းပ

မြန်မာနိုင်ငံအနေဖြင့်လည်း ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားများကို ၁၉၉၀ ပြည့်နှစ်မှစ၍ နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ်အခမ်းအနားသည် (၃၅)ကြိမ်မြောက် အခမ်းအနားဖြစ်သည်။  လူသားအားလုံးကျန်းမာကြံ့ခိုင်ပြီး ဘဝအရည်အသွေး တိုးတက်ကောင်းမွန်စေရေးနှင့်  သာယာဝပြောသည့်     လူ့ဘောင်သစ်တည်ထောင်နိုင်ရေးအတွက် မျိုးဆက်ပွား ကျန်းမာရေး၏ အရေးပါမှု၊ ကျား/မ တန်းတူညီမျှမှု၊  ဆင်းရဲမှု၊ မိခင်နှင့်ကလေးကျန်းမာရေး  စသည့်လူဦးရေနှင့် ကောင်းမွန်သောအလေ့အထများ  မြှင့်တင်နိုင်ရန်၊ ပြည်တွင်းပြည်ပလူဦးရေနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ သတင်းအချက်အလက်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

လူ့သက်တမ်းပိုမိုရှည်ကြာလာ

    ကုလသမဂ္ဂသည်  ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်တွင်  ကမ္ဘာ့လူဦးရေသန်း ၈၀၀၀ ပြည့် ကြောင်း ထုတ်ပြန်ခဲ့သည်။ အမှန်တော့ ကမ္ဘာ့လူဦးရေ သည် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၇ ရက်တွင် ၈ ဒသမ ၁၁၉ ဘီလီယံပြည့်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် ၂၀၃၇ ခုနှစ်တွင် ကိုးဘီလီယံနှင့် ၂၀၅၈ ခုနှစ်တွင် ၁၀ ဘီလီယံ ရှိလာမည်ဟုမျှော်မှန်းထားရှိသည်။ ကမ္ဘာ့လူဦးရေ သန်း ၈၀၀၀ ကျော်လာခြင်းသည် လူသားတို့၏ ဖွံ့ဖြိုး တိုးတက်မှု မှတ်တိုင်တစ်ခုဖြစ်သည်။  ယခုကဲ့သို့ လူဦးရေအလျင်အမြန် တိုးပွားလာခြင်းသည် လူများ၏ ကျန်းမာရေး၊ အစာအာဟာရ၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ဆေးဝါးများ တိုးတက်ကောင်းမွန်လာခြင်း တို့ကြောင့် လူ့သက်တမ်းများ ပိုမိုရှည်ကြာလာခြင်းဖြစ်သည်။

အကျိုးဆက်များ

    ကမ္ဘာ့လူဦးရေလျင်မြန်စွာ တိုးပွားလာခြင်းနှင့်အတူ နိုင်ငံများစွာတွင် ဆင်းရဲချမ်းသာကွာဟလာခြင်း၊ ကျား/မ တန်းတူညီမျှမှု မရှိခြင်း၊  စားနပ်ရိက္ခာ မပြည့်စုံခြင်း၊ ရေရှားပါးပြတ်လပ်ခြင်းနှင့် ရာသီဥတု ဖောက်ပြန်ခြင်းများကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ် ဆိုးကျိုးများကို ခံစားနေကြရသူများလည်း များပြားလာလျက်ရှိသည်။

ထို့ပြင် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် မွေးဖွားနှုန်း ကျဆင်းလာသဖြင့်   သက်ကြီးရွယ်အိုများပြားလာသည့် အတွက် လုပ်သားရှားပါးသည့် ပြဿနာကိုရင်ဆိုင်ရလျက်ရှိသလို ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံများတွင် လူဦးရေးတိုးပွားမှု မြန်ဆန်လာသည့်အတွက် နေ့စဉ််လိုအပ်ချက်များဖြည့်ဆည်းနိုင်ရေး  ပိုမိုရုန်းကန်လှုပ် ရှားရလျက်ရှိသည်။ အထူးသဖြင့် ကမ္ဘာ့လူဦးရေ ၁၀ ရာခိုင်နှုန်းခန့်သည်  တစ်ရက်လျှင်  အမေရိကန်ဒေါ်လာ နှစ်ဒေါ်လာအောက်သာရရှိသဖြင့်     ဆင်းရဲမှုမျဉ််းအောက်တွင် ရောက်ရှိနေကြသည်။  ထို့ကြောင့် ကုလသမဂ္ဂသည်  စဉ််ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (၁၇) ရပ်ရေးဆွဲချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသည်  ၂၀၃၀ ပြည့်နှစ်တွင် ဖွံ့ဖြိုးမှုပန်းတိုင်များ အပြီးသတ် အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

လူဦးရေဆုလာဘ်ခံစားနေ

    မြန်မာနိုင်ငံအနေဖြင့်လည်း စဉ််ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုပန်းတိုင်များကို    အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍများတွင် ဟန်ချက်ညီညီဖွံ့ဖြိုး တိုးတက်မှုရှိစေရေး၊   ဆင်းရဲမှုလျှော့ချရေး၊   အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ကျား/မ တန်းတူညီမျှမှု ရှိစေရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ လူဦးရေသည် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင်  ခန့်မှန်းလူဦးရေ  ၅၆ ဒသမ ၂ သန်း ရှိလာပြီး အမျိုးသမီးပါဝင်မှုသည် ၂၉ ဒသမ ၄ သန်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် လူဦးရေ ဆုလာဘ်ကို ရရှိခံစားနေချိန်ဖြစ်သည့်အတွက်  နိုင်ငံဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများတွင်  လူငယ်လူရွယ်စွမ်းအားနှင့်   အမျိုးသမီးများ၏ အင်အားကို ထိရောက်စွာ အသုံးချလျက်ရှိသည်။ ထို့ပြင် အနာဂတ်တွင် သက်ကြီးရွယ်အို  များပြားလာမည်ဖြစ်သည့် အတွက် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သက်ကြီးရွယ်အိုများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် ကြိုတင်စီမံ ဆောင်ရွက်လျက်ရှိသည်။

အမျိုးသမီးများကဏ္ဍမြှင့်တင်ရေး

    ထို့ပြင် အမျိုးသမီးများ၏ ဘဝလုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို   ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် နိုင်စေရန် အမျိုးသမီးများကိုယ်တိုင် ဦးဆောင်သော မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်ကို ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ  ၂၀  ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကုလသမဂ္ဂ၏ ထောင်စုနှစ်ပန်းတိုင် (၁၇) ရပ်အနက် ပန်းတိုင် (၅) “ကျား/မ တန်းတူညီမျှမှုရရှိရေးနှင့် အမျိုးသမီးများအားလုံး စွမ်းပကား တိုးမြှင့်စေရေး”  ((Goal 5-Achieve gender equality and empower all women and girls.)   ဟူသည့်အချက်အရ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားရေး အတွက် ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများတွင် အကူအညီများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။ မြန်မာနိုင်ငံသည် မဲခေါင်ဒေသတွင်း နိုင်ငံများအနက် လူကုန်ကူးမှုတားဆီးရေး ဥပဒေကို ပထမဆုံးရေးဆွဲ ပြဋ္ဌာန်းနိုင်သည့်နိုင်ငံလည်းဖြစ်သည်။ အထူးသဖြင့် အမျိုးသမီးရေးရာ ကော်မတီသည် အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့် အညီရေးဆွဲရေး၊ အမျိုးသမီးများ အခွင့်အရေးနှင့် ကျား/မတန်းတူညီမျှမှုဆိုင်ရာ အသိပညာပေးမှု အစီအစဉ်များ၊ အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ကွန်ဗင်းရှင်းတွင် ပါဝင်သည့်ပြဋ္ဌာန်းချက်များ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းတွင် ပါဝင်သည့်ပြဋ္ဌာန်းချက်များကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။

သန်းခေါင်စာရင်းကောက်ယူ

    ကမ္ဘာ့နိုင်ငံများတွင် လူဦးရေဆိုင်ရာ ပြောင်းလဲမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို လွတ်မြောက်အောင် နည်းလမ်းရှာဖွေရင်း အခွင့်အလမ်းများအဖြစ် ပြောင်းလဲရယူနိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း    လူဦးရေဆိုင်ရာ ပြောင်းလဲလာမှုများမှ အခွင့်အလမ်းများအဖြစ် ပြောင်းလဲရယူလျက်ရှိသည်။ အထူးသဖြင့် လူဦးရေဆိုင်ရာ အပြောင်းအလဲများ ရယူနိုင်ရန်သန်းခေါင်စာရင်း ကောက်ယူခဲ့ရာ ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းများ ကောက်ယူနိုင်ခဲ့သည်။ 

ယခုအခါ ၁၀ နှစ်တစ်ကြိမ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူလျက်ရှိရာ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိဆောင်ရွက်သွားမည်ဖြစ်သည်။ အရေးကြီးသည့် လူဦးရေ အချက်အလက်များနှင့် မှန်ကန်သည့် ကိန်းဂဏန်းများရရှိမှသာ နိုင်ငံ၏ဘက်စုံ၊    ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများ ပေါ်ထွက်လာမည်ဖြစ်သည်။ ထို့ပြင် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ပေါ်လာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖြစ်ပေါ်လာစေရေး အတွက် ကောင်းမွန်သည့်အနာဂတ်   တည်ဆောက်နိုင်ရေး   ဦးတည် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ထိခိုက်လွယ်သူ ဖေးမကူ၊ အရေးပေါ်က စောင့်ရှောက်ကြ

    ကုလသမဂ္ဂအနေဖြင့် နှစ်စဉ်ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်များချမှတ်လျက်ရှိရာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ကျန်းမာရေးနှင့် အခွင့်အရေးများ ကာကွယ်စောင့်ရှောက်နိုင်ရေး၊   မျိုးဆက်ပွားကျန်းမာရေးကို အလေးပေးဆောင်ရွက်ရေး၊ ကျား/မ တန်းတူညီမျှမှုရှိစေရေး၊ မိသားစုစီမံကိန်း အကောင်အထည်ဖော်ရေး စသည်တို့ကိုပိုမိုတိုးမြှင့် လုပ်ဆောင်နိုင်ရေး တွန်းအားပေးသည့်အနေဖြင့်  ဆောင်ပုဒ်များသတ်မှတ်လေ့ရှိသည်။ ၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်သည် “Helping vulnerable populations in emergencies” “ထိခိုက်လွယ်သူဖေးမကူ၊ အရေးပေါ်က စောင့်ရှောက်ကြ”  ဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် ထိခိုက်လွယ်အုပ်စုများဖြစ်ကြသည့် အမျိုးသမီးများ၊ မိန်းကလေးငယ်များ၊ သက်ကြီးရွယ်အိုများသည်   အကြောင်းအမျိုးမျိုးကြောင့် အတိဒုက္ခရောက်လျက်ရှိသည်။ ကမ္ဘာတစ်ဝန်း၌ စစ်ပွဲများနှင့် ပဋိပက္ခများကြောင့် ထိခိုက်လွယ်အုပ်စုများသည် ဒုက္ခသည်စခန်းများတွင် ခိုလှုံရလျက်ရှိပြီး ကလေးငယ်များမှာလည်း  ပညာသင်ယူခွင့် အခွင့်အလမ်းများ ဆုံးရှုံးရလျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း PDF အကြမ်းဖက် သောင်းကျန်းသူများနှင့် EAO  အချို့၏ အဖျက်အမှောင့်လုပ်ငန်းများကြောင့် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့်  ကလေးငယ်များသည် ယာယီတိုက်ပွဲရှောင် စခန်းများတွင် ခိုလှုံရလျက်ရှိသည်။ ထို့ကြောင့် ထိခိုက်လွယ်အုပ်စုများကို ဖေးမကူညီနိုင်ရေးသည် နိုင်ငံသားအားလုံး၏ တာဝန်ပင်ဖြစ်သည်။

နိုင်ငံအလိုက်ကြုံတွေ့နေရသည့် အခက်အခဲများကို အချိန်မီကုစားဖြေရှင်းနိုင်ရေး ကြိုးပမ်းရာတွင် ထိုနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေကိုသုံးသပ်ကာ ဖော်ဆောင်ရမည့် ကိစ္စရပ်များကို ကဏ္ဍအလိုက် ဦးစားပေးအဆင့်များ သတ်မှတ်၍ ဆောင်ရွက်သွားရန် လိုအပ်သည်။ ထိုသို့ဆောင်ရွက်နိုင်ရန် အတွက် နယ်မြေအလိုက် လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ အခြေခံ အချက်အလက်များ တိကျမှန်ကန်ရေးသည် များစွာအရေးကြီးလှသည်။

ဆိုရလျှင် ၁၀ နှစ်တစ်ကြိမ်   ကောက်ယူခဲ့သော သန်းခေါင်စာရင်း အချက်အလက်များအရ လူဦးရေ၊ ပညာရေးနှင့်   ကျန်းမာရေးဆိုင်ရာ လွှမ်းခြုံနိုင်မှု၊ သက်ကြီးရွယ်အိုစောင့်ရှောက်နိုင်မှု၊   အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှု၊   ပြည်တွင်း ပြည်ပရွှေ့ပြောင်းသွားလာမှုနှင့် နေထိုင်မှုပုံစံများကို သိရှိပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးများအခွင့်အရေး၊ ကလေးသူငယ်များ ကျန်းမာဖွံ့ဖြိုးရေး၊ လူငယ်များအနာဂတ်ဘဝ လှပသာယာရေး၊ သက်ကြီးရွယ်အိုများ ကူညီစောင့်ရှောက်ရေး စသည့်ထိခိုက်လွယ်အုပ်စုများအတွက် အရေးပေါ် လိုအပ်ချက်များကို ဝိုင်းဝန်းဖေးမ ကူညီသွားကြပါစို့ဟု အကြံပြုတိုက်တွန်းရင်း ၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ကို ဂုဏ်ပြုရေးသား လိုက်ရပါသည်။   ။