စိုက်ပျိုးစီးပွားပညာအားတို့ အောင်မြင်ဖြစ်ထွန်းသာယာမိတ္ထီလာ

စိုက်ပျိုးစီးပွားပညာအားတို့ အောင်မြင်ဖြစ်ထွန်းသာယာမိတ္ထီလာ

မြန်မာနိုင်ငံမှာ မင်းကြီးစွာစော်ကဲ၊ ဆင်ဖြူရှင်နဲ့ မင်းခေါင်ဆိုတဲ့ မင်းသုံးဆက်တိုင်တိုင် လေးစားအား ထားရတဲ့ ပညာရှင်ကြီးတစ်ဦး ရှိခဲ့ဖူးပါတယ်။   အဲဒီပညာရှင်ကြီးကတော့ ယနေ့တိုင်မမေ့နိုင်တဲ့ ဝန်ဇင်း မင်းရာဇာဖြစ်ပါတယ်။ ဝန်ဇင်းမင်းရာဇာလို့ဆိုလိုက်တာနဲ့ မိတ္ထီလာဆိုတဲ့ အမည်က ကပ်ပါလာပြီး သားဖြစ်ပါတယ်။ ခေတ်ကာလအပိုင်းအခြားကတော့ အင်းဝခေတ်မှာဖြစ်ခဲ့တာပါ။ မိတ္ထီလာဆိုတာ ပုဂံခေတ်ကတည်းက    ရှိနေခဲ့တဲ့   မြို့တစ်မြို့သို့မဟုတ်    ဒေသတစ်ခုဖြစ်ပါတယ်။ 

ဝန်ဇင်းမင်းရာဇာလို့  မြန်မာ့သမိုင်းမှာပေါ်ထွန်းလာတဲ့ ပညာရှင်ကြီးဟာ ဝန်ဇင်းရွာသူကြီးရဲ့ သမက်ဖြစ် ပါတယ်။  ငယ်စဉ်ကတည်းက စာပေဗဟုသုတကို ကြွယ်ဝအောင်  လေ့လာလိုက်စားခဲ့လို့ ဗဟုသုတနဲ့ ပြည့်စုံကြွယ်ဝသူဖြစ်ပါတယ်။ အရပ်ထဲမှာတော့ သူ့ကို  စာတိုငညိုလို့ ခေါ်ကြပါတယ်။ မြန်မာသက္ကရာဇ် ၇၃၀ ပြည့်နှစ်၊ (ခရစ်နှစ် ၁၃၃၈ ခုနှစ်)မှာ မိတ္ထီလာကန်တော်ကြီးကျိုးပေါက်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အင်းဝဘုရင်မင်းကြီးစွာစော်ကဲဟာ နိုင်ငံတော်အားနဲ့ချီ၍ ဆည်ဖို့ပြုပြင်တော်မူပါတယ်။ ကန်ပေါင်ရိုး ပေါ်မှာ မိန်းမရုပ်နဲ့ နတ်ကွန်းနတ်နန်းတစ်ခုတွေ့မြင်ရတဲ့အခါ  သိမီလောက်တဲ့သူတွေကို  မေးမြန်းခဲ့ပါ တယ်။ ဘယ်သူမှပိုင်ပိုင်နိုင်နိုင် တိတိကျကျမဖြေနိုင်၊ မတင်လျှောက်နိုင်ခဲ့ပါဘူး။ နောက်ဆုံးမှာ တော့ဝန် ဇင်းရွာသူကြီးရဲ့သမက်ဟာ ပညာအမှတ်အသားများပါတယ်လို့ လျှောက်ထားတဲ့အတွက်   ရှေ့တော်ကို ခေါ်ယူမေးမြန်းခဲ့ပါတယ်။ အကြောင်းအရာကိုအချက်အလက်စုံစွာနဲ့ဖြေဆိုနိုင်ခဲ့လို့ မင်းကြီးစွာစော်ကဲက   လွန်စွာသဘောကျ နှစ်ခြိုက်သွားပြီး နန်းတော်ကို ခေါ်ယူသွားခဲ့ပါတယ်။

နန်းတော်ထဲကို ရောက်တဲ့အခါ စည်းတပစ်အမည်နဲ့ သူကောင်းပြုပါတယ်။ စည်းတပစ်ဆိုတာ လရောင်ကဲ့သို့ ထွန်းလင်းတောက်ပသော အမတ်ကြီးလို့ အဓိပ္ပာယ်ရပါတယ်။ အဲဒီနောက်မှာတော့ ဘုရင်မှာ အခက်အခဲကြုံလို့မေးသမျှပြဿနာတိုင်းကို ကျေနပ်အောင်ဖြေရှင်းနိုင်တဲ့အတွက် ဘုရင်က နှစ်သက်သဘောကျပြီး မင်းရာဇာအမည်နဲ့ အမတ်ကြီးခန့်တော်မူခဲ့ပါတယ်။ ဒီကနေ့တိုင် ဝန်ဇင်း မင်းရာဇာ ဆိုတဲ့အမည်ကို သိကြပါတယ်။ သူ့ရဲ့လုံ့လ၊ ဝီရိယနဲ့ ပညာရှာမှီးမှုတွေဟာ လူငယ်မောင်မယ် တိုင်းအတွက် အတုယူစရာဖြစ်ပါတယ်။ ဝန်ဇင်းမင်းရာဇာနဲ့ပတ်သက်လို့ မြန်မာစာပေလောကမှာ မဏိရတနာပုံကျမ်း ဆိုတာရှိပါတယ်။ အင်းဝခေတ်ရဲ့ လူမှုဆက်ဆံရေး အခြေအနေတွေကို ဖော်ပြထား တဲ့ လျှောက်ထုံးတွေဖြစ်ပါတယ်။ အဲဒီခေတ်ရဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ပြဿနာတွေကို ဖြေရှင်းထားတဲ့ လျှောက်ထုံးတွေကို ဖော်ပြထားပါတယ်။

မိတ္ထီလာမြို့ဆိုတာနဲ့ မိတ္ထီလာကန်တော်ကြီးကို မျက်စိထဲမှာ ကွက်ကွက်ကွင်းကွင်း မြင်ရပါတယ်။ ကျွန်တော် လူမှန်းသိတတ်စ အရွယ်ကတည်းက မိတ္ထီလာဆိုတဲ့ အမည်ကို နားရည်ဝခဲ့ပါတယ်။    “လူကလေး ရဲ့ချော့စရာ၊ မိတ္ထီလာကန်တော်အောက်က၊ ဖားကောက်ခဲ့ပါ။ ဖားပါရင်တစ်ကောင်ပေးပါ၊ မျက်လုံးရယ်ကြောင်တောင်နဲ့၊ ဖားကောင်ကသေး” ဆိုတဲ့သားချော့တေးနဲ့အမေတိုင်းက သား၊ သမီးတိုင်း ကို ချော့သိပ်လေ့ရှိတာမို့ မိတ္ထီလာဆိုတဲ့အမည်ကို ရင်းနှီးခဲ့တာဖြစ်ပါတယ်။ အဲဒီမိတ္ထီလာ ကန်တော်ကြီး ဆိုတာက လည်း ပုဂံခေတ်ကတည်းက တည်ရှိနေခဲ့တာဖြစ်ပါတယ်။  ဒီကနေ့ခေတ်ကာလမှာတော့ မိတ္ထီလာကန်တော်ကြီးဟာ တကယ့်ကို သာယာကြည်နူးဖွယ် ကောင်းလှပါတယ်။ ကန်တော်ပတ်လည် မှာ လေကောင်းလေသန့်ရရှိဖို့ လမ်းလျှောက်သွားလာသူတွေနဲ့စည်ကားလှပါတယ်။

မိတ္ထီလာဟာ လမ်းဆုံမြို့ဖြစ်ပါတယ်။ ရှမ်းပြည်နယ်ဘက်ကိုသွားနိုင်သလို မန္တလေးဘက်ကိုလည်း သွားနိုင်ပါတယ်။ ထို့အတူ ပုပ္ပား၊ ကျောက်ပန်းတောင်းဘက်၊ ချောက်၊ ရေနံချောင်းဘက်ကိုလည်း သွားလို့ရတယ်။ မြင်းခြံ၊ ပခုက္ကူ၊ မြိုင်ဘက်ကိုလည်းသွားနိုင်ပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းကြီး မပေါက်မီက မိတ္ထီလာဟာ အချက်အချာကျလှတဲ့ မြို့ဖြစ်ပါတယ်။ ဒီကနေ့ကာလမှာလည်း  မိတ္ထီလာဟာ ပညာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု မြင့်မားလျက်ရှိတဲ့ ခရိုင်မြို့တစ်မြို့ဖြစ်ပါတယ်။ ဧရိယာအကျယ် အဝန်းအားဖြင့် ၂၂၃၅ ဒသမ ၂၅ စတုရန်းမိုင်ကျယ်ဝန်းပါတယ်။

မိတ္ထီလာခရိုင်အတွင်းမှာ မိုးစပါး၊ နွေစပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစင်းငုံနဲ့  ၀ါစိုက်ပျိုးကြပါတယ်။ မွေးမြူထားတဲ့တိရစ္ဆာန်တွေကတော့  ကျွဲ၊ နို့စားနွား၊ ဒေသနွား၊ ဝက်၊ သိုး/ဆိတ်၊ အသားစား ကြက်၊ ဥစားကြက်၊ ဒေသကြက်၊ ဥစားဘဲ၊ အသားစားဘဲတို့မွေးမြူပါတယ်။ မိတ္ထီလာခရိုင်အနေနဲ့  ကြက်သွန်နီ စိုက်ပျိုးထွက်ရှိမှုမှာလည်း တစ်နိုင်ငံလုံးရဲ့ ၆ ဒသမ ၉၇ ရာခိုင်နှုန်းဖြစ်ပါတယ်။ မိတ္ထီလာခရိုင်မှာ မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်၊ သာစည်မြို့နယ်တို့ပါဝင်ပါတယ်။

မိတ္ထီလာခရိုင်တစ်ခုလုံးကို ခြုံကြည့်မယ်ဆိုရင် မြန်မာနိုင်ငံသားတွေအတွက် စားသောက်ရေးနဲ့  အဝတ်အထည်တွေ ထုတ်လုပ်ပေးနေတဲ့ ဒေသတစ်ခုလို့ ဆိုနိုင်ပါတယ်။ ရှေးကမြန်မာမင်း အဆက် ဆက်တို့အနေနဲ့  မိတ္ထီလာဒေသကို  လာရောက်ကြည့်ရှုစစ်ဆေးပြီး  လိုအပ်တာတွေကို ဖြည့်ဆည်း ပေးလေ့ရှိပါတယ်။ ဆန်ရေစပါး ပေါကြွယ်ဝဖို့အတွက် ဆည်မြောင်းတာတမံတွေ တည်ဆောက်ပေး တာမျိုးရှိပါတယ်။ ယနေ့ကာလမှာလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဇွန်လ ၁၅ ရက်ကစတင်လို့ မိတ္ထီလာဒေသကို သွားရောက်ခဲ့ပါတယ်။ ဇွန်လ ၁၅ ရက်နေ့နံနက်ပိုင်းမှာတော့ မိတ္ထီလာခရိုင်အတွင်းမှာရှိတဲ့ ခရိုင်၊ မြို့နယ် အဆင့်  ဌာနဆိုင်ရာဝန်ထမ်းတွေ၊ မြို့မိမြို့ဖတွေနဲ့ ကန်တော်မင်္ဂလာခန်းမမှာ တွေ့ဆုံပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ  ကိစ္စတွေကို ဆွေးနွေးပြောကြားခဲ့ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာမှာတော့ “မိတ္ထီလာဒေသသည် မြန်မာနိုင်ငံ၏အချက်အချာကျသည့် နေရာဒေသတစ်ခုဖြစ်ပြီး  သွားလာမှုများ လွယ်ကူချောမွေ့သည့် အခြေခံကောင်းများရှိကြောင်း၊ အလားတူပညာရေးနှင့်ပတ်သက်၍လည်း စာသင် ကျောင်းများ များစွာရှိပြီးဖြစ်သဖြင့် ပညာရေး အခြေခံကောင်းများရှိကြောင်း၊ ထို့ကြောင့် မိတ္ထီလာဒေသ တိုးတက်ရေးအတွက် ရှိပြီးသားအခြေခံကောင်းများကို အသုံးချ၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသ အတွင်းရှိ ပြည်သူများအနေဖြင့် တိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ကြမည်ဆိုပါက မိတ္ထီလာဒေသ သည်တိုးတက် လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း တတ်နိုင်သမျှပံ့ပိုး ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ဒေသတစ်ခုတိုးတက်ရေးအတွက် ဒေသတွင်နေထိုင်သည့် ဒေသခံများ၏ ကြိုးပမ်း အားထုတ်မှုသည်သာလျှင် အဓိကကျကြောင်း” ထည့်သွင်းပြောကြားခဲ့ပါတယ်။

မိတ္ထီလာဒေသမှာဆည်များ၊ ချောင်းများရှိပြီးဖြစ်လို့ ဥတုရာသီ တောကိုမှီဆိုတဲ့အတိုင်း သစ်တောသစ်ပင် တွေကို သတ်မှတ်ချက်နဲ့အညီ ဆောင်ရွက်ကြမယ်ဆိုပါက ဒေသတွင်းစိမ်းလန်းစိုပြည်မှုနဲ့ စိုက်ပျိုးရေ ရရှိရေးကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဆည်တွေမှာ ရေဝေရေလဲသစ်တောတွေ စိုက်ပျိုးသွားမယ်ဆိုပါ ကလည်း ရေများမပြတ်ရရှိအောင် ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်ချက် လေးခုအနက်မှာ ရေရရှိရေးကလည်း တစ်ချက်ဖြစ်ပါတယ်။

စိုက်ပျိုးမွေးမြူရေးတွေ ဖြစ်ထွန်းအောင်မြင်ဖို့ ရေရရှိရေးအတွက် ဆောင်ရွက်နိုင်မယ့် နည်းလမ်း တွေကိုလည်း နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ခဲ့တာဖြစ်ပါတယ်။ ပညာရေးနဲ့ပတ်သက်လို့လည်း  မိမိတို့ရဲ့သားသမီးတွေ တန်းစဉ်ကူးပြောင်းမှု မြင့်မားစေရေး ၀ိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ပညာရေးကိုအားပေးမှသာ စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်တဲ့ပညာတတ်တွေ မွေးထုတ်နိုင်ပြီး ဒေသရဲ့ လူမှုစီးပွားဘဝများလည်း များစွာဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိတ္ထီလာခရိုင်အတွင်းမှာရှိတဲ့ ပုဂ္ဂလိက မွေးမြူရေးလုပ်ငန်းများနဲ့ ဒေသထုတ်ကုန်လုပ်ငန်းဆောင်ရွက်နေမှုတွေကို သွားရောက် ကြည့်ရှု အားပေးခဲ့တာလည်း တွေ့ရှိရပါတယ်။ မိတ္ထီလာ-သာစည်လမ်းမှာရှိတဲ့ ဦးမြဟန် ဆိတ်နှင့် သိုးမွေးမြူရေးလုပ်ငန်း၊ ဆူးဖြူခက်ကျေးရွာရှိ GARDEN FAMILY ဆိတ်မွေးမြူရေးလုပ်ငန်း၊ တောမ ကျေးရွာရှိ ကောင်းထက်စံ နို့စားနွားမွေးမြူရေးခြံတို့ကို သွားရောက်ကြည့်ရှု  အားပေးခဲ့ပါတယ်။ ဒါ့အပြင် ဝမ်းတွင်း၊ သာစည်၊ မိတ္ထီလာ၊ ရွှေတောင်၊ အမရပူရမြို့နယ်တွေက ရက်ကန်းလုပ်ငန်းရှင်တွေ  စုပေါင်း တည်ထောင် ထားတဲ့ Leader of  Textile Public  Co.,Ltd.  နဲ့ ဝမ်းတွင်းမြို့ရှိ  ရွှေသဲတောကုမ္ပဏီ၊  ကိန္နရီ ချည်ချော လုံချည်ထုတ်လုပ်ရေး လုပ်ငန်းစုတို့ကို သွားရောက် ကြည့်ရှုအားပေးခဲ့ပါတယ်။ ဒီလုပ်ငန်းတွေ အားလုံးရဲ့  အောင်မြင်တိုးတက်မှုတွေကို ဇွန်လ ၁၅ ရက်ညပိုင်းမှာ ထုတ်လွှင့်ပြသခဲ့တဲ့ ရုပ်မြင်သံကြား သတင်းမှာ  ပြည်သူတွေ မြင်တွေ့ခဲ့ပြီးဖြစ်ပါတယ်။ အားရဖွယ်လည်းကောင်းလှပါတယ်။

နိုင်ငံတော်အကြီးအကဲအနေနဲ့ နိုင်ငံတော်ကို ဘက်စုံထောင့်စုံ ကဏ္ဍစုံမှာ ဖွံ့ဖြိုးတိုးတက်ဖို့ စိတ်ရော ကိုယ်ပါ ဦးဆောင်လျက်ရှိပါတယ်။ ဒါ့ကြောင့်လည်း “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေး တို့အတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက် အောင်တည်ဆောက်ရေး” ကို စီးပွားရေးဦးတည်ချက် တစ်ရပ်အဖြစ် ချမှတ် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံဆိုတာ လူတစ်ယောက်ရဲ့ဘဝလိုပါပဲ။ ငွေကြေးဥစ္စာ ပေါများ ချမ်းသာပြီး အခြွေအရံများများ ရှိနေမှသာ လူရိုသေရှင်ရိုသေဖြစ်မှာပါ။ နိုင်ငံလည်းထို့အတူပါပဲ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေမြင့်မားနေမှသာ ကမ္ဘာ့အလယ်မှာတင့်တင့်တယ်တယ် ဝင့်ဝင့်ထည် ထည်ရပ်တည်နေနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အရပ်ဘက်၊ စစ်ဘက်သဘောထားညီမျှစွာ ပူးပေါင်းဆောင်ရွက်တဲ့ အချိန်တွေဟာ  နိုင်ငံတည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်သလို အရပ်ဘက်၊ စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုမရှိရင်လည်း နိုင်ငံ ဖွံ့ဖြိုးရေးအရှိန်တွေ လျော့ကျမှာဖြစ်ပါတယ်။ တပ်မတော်က တည်ထောင်ထားတဲ့ စက်ရုံ၊ အလုပ်ရုံတွေ၊ စိုက်ပျိုးမွေးမြူရေးတွေဆိုတာ တပ်မတော်အတွက်သာမက ပြည်သူလူထုအတွက်ပါ ရည်ရွယ်ပြီး ဖွင့်လှစ်လုပ်ကိုင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲအနေနဲ့    ကုန်ထုတ်လုပ်မှု စွမ်းအားတွေမြင့်မားတိုးတက်ဖို့၊ အရည်အသွေးကောင်းကောင်းနဲ့ ထုတ်လုပ်ဖို့နဲ့ စျေးနှုန်း ချိုသာစွာ၊ သက်သက်သာသာနဲ့ ပြည်သူတွေကိုရောင်းချပေးဖို့  အမြဲတမ်း လမ်းညွှန်လေ့ရှိပါ တယ်။ ဒါဟာပြည်သူတွေအပေါ်ထားရှိတဲ့ သဘောထားဖြစ်ပါတယ်။ အရည်အသွေးကောင်းကောင်း၊ စျေးနှုန်းချိုချိုသာသာနဲ့ ပြည်တွင်းက ထုတ်လုပ်နိုင်အောင် လုပ်ဆောင်နိုင်မယ်ဆိုရင် ပြည်ပကနေ တင်သွင်းမှုတွေ လျော့နည်းသွားပြီး   နိုင်ငံ့စီးပွားမြင့်မားလာမှာ ဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ဇွန်လ ၁၇ ရက်နေ့မှာ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ)ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ တင်ပြချက်အပေါ်မှာ “ပြည်ပသို့ဝါများကို ရောင်းချ မည့်အစား ပြည်တွင်း၌လိုအပ်လျက်ရှိသည့် အဆင့်မီချည်များကို  ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်ခြင်ထောင်၊ စောင်၊ အိပ်ရာခင်းအပါအဝင် အခြေခံချည်ထည် အမျိုးမျိုးကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ပြီးဖြစ်သောကြောင့် ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင် ထုတ်လုပ်ပြီး ပြည်ပသွင်းကုန်လျော့ကျစေရေး ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းမှ ထွက်ရှိသည့် ဝါများဖြင့် အရည်အသွေးမြင့် ချည်ထည်နှင့် ပိတ်များ ထုတ်လုပ်နိုင်ရေး ဆက်လက် ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ပြည်တွင်းရှိ အထည် အလိပ်နှင့်ပတ်သက်သည့် အငယ်စား၊ အသေးစားနှင့်  အလတ်စားစက်မှု လုပ်ငန်းများ၌ လိုအပ်လျက် ရှိသော ချည်မျှင်နှင့်အထည်အလိပ်များကို လိုအပ်ချက် ပြည့်မီအောင်ထုတ်လုပ်၍ ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မည်ဆိုပါက ပြည်ပမှ တင်သွင်းနေရမှုများကို လျှော့ချ နိုင်မည်ဖြစ်ကြောင်း” နိုင်ငံတော်အကြီးအကဲက ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းသား၊ ကျောင်းသူများနဲ့ ပတ်သက်၍ အထူးအလေးအနက်ထား ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရေးကို အလေးထား လုပ်ဆောင်နေပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးကို  စီမံဆောင်ရွက် ပေးထားပါတယ်။ နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်တွင် “နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေး” ဟူ၍ချမှတ်ထားပါတယ်။ ပညာတတ်များ ပေါများမှ သာ ဒေသအကျိုး၊ နိုင်ငံအကျိုးကို  ပိုမိုဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်။

ကုန်ထုတ်လုပ်မှုတွေမှာ အထောက်အကူပြုနိုင်တဲ့ ပညာရှင်တွေ ထွန်းကားလာဖို့အတွက် လူတိုင်း လက်လှမ်းမီတဲ့ ဘက်စုံပညာရေးစနစ်ကို   အကောင်အထည်ဖော်လျက်ရှိပါတယ်။

စနစ်သစ်ပညာရေးအရ Grade 9 ပြီးမြောက်အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူတွေအတွက် ရွေးချယ်ပညာသင်ကြားနိုင်ဖို့ နည်းလမ်းလေးသွယ်ကိုလည်း ချမှတ်ဆောင်ရွက်ပေးထားပြီးဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတိုင်းတစ်ယောက်မကျန်  တန်းစဉ်ကူးပြောင်းနိုင်ပြီး ပညာရေးကို ဆုံးခန်းတိုင် သင်ယူနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးထားခြင်းလည်း ဖြစ်ပါတယ်။ ဒီရည်မှန်းချက်အောင်မြင်ဖို့ဆိုရင် မိဘတိုင်းက အလေးထားရမှာဖြစ်သလို ဆရာ၊ ဆရာမများအနေနဲ့ ဆရာဝတ္တရားငါးပါးမှာပါတဲ့ “သင့်ရာအပ်ပို့” ဆိုတဲ့အတိုင်း မိမိတို့တပည့်တွေရဲ့ဝါသနာပါရာ အရည်အချင်းတွေအလိုက်  Grade 9 ပြီးမြောက်က သင့်တော်တဲ့နည်းလမ်းကို ညွှန်ပြပေးကြရမှာဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဇွန်လ ၁၇ ရက်နေ့မှာ မိတ္ထီလာမြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း(ရှမ်းတဲ)သို့သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူတွေ အေးချမ်းစွာပညာသင်ကြားနေမှုကို ရင်းရင်းနှီးနှီးလိုက်လံအားပေးကြည့်ရှုပြီး ဆရာ၊  ဆရာမများရဲ့  တင်ပြချက်တွေအပေါ်  လိုအပ်တာတွေ ဖြည့်ဆည်းပေးခဲ့ပါတယ်။ ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာလှပစေရေး၊ ကျောင်းရှိပရိဘောဂနှင့် သင်ထောက်ကူပစ္စည်းများ ကောင်းမွန်ပြည့်စုံစေ ရေးနဲ့ ကျောင်းသား၊ ကျောင်းသူများစာပေပညာကိုသာမက အသက်အရွယ်နဲ့ကိုက်ညီသည့်  ဗဟုသုတ များရရှိစေရေးအတွက် ပြင်ပစာပေများကိုလည်း စာကြည့်တိုက်တွင် ဖတ်ရှုသည့် အလေ့အကျင့် ရရှိကြစေရေး တိုက်တွန်းဆောင်ရွက်ကြရန် တာဝန်ရှိသူတွေကို မှာကြားခဲ့ပါတယ်။ အဲဒီနောက် ကျောင်းစာကြည့်တိုက်အတွက် လူထုသိပ္ပံကျမ်းစာအုပ်များနဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ကြီးကလက်ခံရယူပါတယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဆရာ၊ ဆရာမများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး ကျောင်းရဲ့ လိုအပ်ချက်တွေကို မေးမြန်းကာ လိုအပ်တာတွေ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါတယ်။ ကျောင်းစာကြည့်တိုက်တွေမှာ ကျောင်းသား၊ ကျောင်းသူတွေစာဖတ်မှသာ အကြားအမြင်ဗဟုသုတ များပြားလာမှာဖြစ်ပါတယ်။ အထူးသဖြင့် မိတ္ထီလာဒေသဟာ နိုင်ငံတော်ရဲ့ သမိုင်းမှာ ပညာရှင်(ပညာရှိ)ကြီး တစ်ဦးထွန်းကားခဲ့တာကို အတုယူပြီး သူ့လိုမျိုးဒေသဂုဏ်၊ နိုင်ငံ့ဂုဏ် ဆောင်နိုင်ဖို့ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကျောင်းသား၊ ကျောင်းသူတွေ သိထားသင့်တာ ကတော့ သမိုင်းကြောင်းဖြစ်ပါတယ်။ နိုင်ငံ့သမိုင်းကြောင်း၊ ဒေသသမိုင်းကြောင်းကို နှံ့နှံ့စပ်စပ် သိထား သင့်ပါတယ်။ အရေးအကြောင်းကြုံခဲ့ရင် ဝန်ဇင်းရွာသူကြီးသမက် စာတိုငညိုလို ဖြေဆိုနိုင်ကြဖို့ လိုပါတယ်။

မင်းကြီးစွာစော်ကဲက မိတ္ထီလာကန်ပေါင်မှာတွေ့တဲ့ နတ်ကွန်းနဲ့ ပတ်သက်လို့ မေးတဲ့အခါမှာ  စာတိုငညိုက  ရဲဝံ့စွာနတ်ကွန်းမဟုတ်ကြောင်း ဖြေဆိုခဲ့ပြီး သမိုင်းကြောင်းအမှန်ကို လျှောက်ထားနိုင်ခဲ့ပါ တယ်။ ပုဂံခေတ်က ဘေးလောင်းတော် အနော်ရထာမင်းစောဟာ ကန်ကိုဆည်လုပ်တော်မူတဲ့အခါ သူချစ်တဲ့ မိဖုရားတွေလည်း လိုက်ပါခဲ့ပါတယ်။ အဲဒီအထဲမှာ သူအချစ်ရဆုံးမိဖုရားငယ်ဟာ ရောဂါဖြစ်ပြီး သေဆုံးခဲ့ပါတယ်။ မိဖုရားရဲ့ အဆင်းသဏ္ဌာန်မှာ တပ်မက်မူးယစ်ပြီး မစွန့်ပစ်နိုင်ဘူးဖြစ်နေပါတယ်။ ဒါ့ကြောင့်အမတ်တွေက မိဖုရားငယ်နဲ့တူတဲ့ ရွှေစင်သွန်းလုပ်ပြီးဆက်သကာ မိဖုရားအလောင်းတော် အစားကြည့်ရှုဖို့ ဆက်သခဲ့ပါတယ်။  ပုဂံနေပြည်တော်ကိုပြန်တဲ့အခါမှာ အဲဒီရွှေရုပ်ကိုမင်းကြီးက ယူဆောင်ချင်ပေမယ့်  မသင့်တော်တာကြောင့် အဲဒီမှာပဲထားခဲ့ပါတယ်။ ရွှေသားအစစ်ဖြစ်လို့ နောင်အခါ မှာ ဖျက်ယူမှုမရှိအောင်  ကျောက်ခန်း ကျောက်ကာအကြီးအကျယ်နဲ့ သွင်းထားပြီး မြေကြီးမှာ ထည့် သွင်းထားခဲ့ပါတယ်။ အပေါ်မှာတော့ရွှေရုပ်နဲ့ သဏ္ဌာန်တူတဲ့ သစ်သားရုပ်ကို ကန်ရိုးပေါ်မှာ တန်ဆောင်း ပြာသာဒ်နဲ့ ကောင်းမွန်စွာထားရှိခဲ့ပါတယ်။ ယခု မင်းကြီးစွာစော်ကဲတွေ့မြင်ရတာ သစ်သားရုပ် ဖြစ်ပါတယ်။ စာတိုငညိုလျှောက်ထားတဲ့အတိုင်း မြေကြီးကို တူးဖော်တဲ့အခါမှာ ရွှေရုပ်ကို တွေ့မြင်ခဲ့ပါ တယ်။  ဒါ့ကြောင့်လည်း  ဘုရင်ကချီးမြှောက်ခဲ့ပြီး ဝန်ဇင်းမင်းရာဇာအဖြစ်  ယနေ့တိုင်ထင်ရှား နေတာ ဖြစ်ပါတယ်။

မိတ္ထီလာခရိုင်အတွင်းမှာ ပညာသင်ကြားနေကြတဲ့ကျောင်းသား၊ ကျောင်းသူတွေ၊ နိုင်ငံတစ်ဝန်းလုံးမှာ ရှိကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ကျောင်းသင်ခန်းစာမှာသာမဟုတ်ဘဲ ကျောင်းစာကြည့် တိုက်တွေမှာ စာပေဖတ်ရှုရင်း ဗဟုသုတဖြည့်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲအနေနဲ့ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စာဖတ်ရှိန်မြှင့်တင်ရေးတွေကိုလည်း ဆောင်ရွက်ပေးလျက်ရှိပြီး စာအုပ်စာစောင်တွေလည်း လှူဒါန်းလျက်ရှိပါတယ်။ ဒါ့အပြင် ငွေကြေးဆိုင်ရာလှူဒါန်းမှု၊ ထောက်ပံ့မှု တွေလည်း  ဆောင်ရွက်ပေးနေပါတယ်။ ဒါတွေဟာအနာဂတ်မှာ နိုင်ငံတာဝန်ထမ်း ဆောင်ကြမယ့် လူငယ် တိုင်း ဘက်စုံအရည်အချင်း ပြည့်ဝနေစေဖို့ ဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ မိတ္ထီလာခရိုင် ခရီးစဉ်အတွင်းမှာ တွေ့မြင်ရတဲ့ မြင်ကွင်းတွေမှာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အောင်မြင်မှု၊ တပ်မတော်ချည်မျှင်နဲ့ အထည်စက်ရုံရဲ့ အောင်မြင်မှု၊ ကျောင်းသား၊ ကျောင်းသူတွေ အေးချမ်းစွာ ပညာသင်ကြားနေမှု မြင်ကွင်းတွေကို ကြည့်ပြီး စာရေးသူရင်ထဲမှာ နိုင်ငံအတွက်တကယ့်ကို ဝမ်းသာပီတိဖြစ်မိလို့ ဒီဆောင်းပါးကို ရေးသားလိုက်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မြို့ပြဒေသတွေ၊  ကျေးလက် ဒေသတွေအားလုံးမှာ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင်၊ အလုပ်အကိုင်အခွင့်အလမ်း တွေများပြား အောင်လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ အဲဒီလို လုပ်ဆောင်နိုင်ဖို့အတွက် နိုင်ငံတော်အစိုးရ၊   တပ်မတော်နဲ့အတူ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် အောင်မြင်တိုးတက်မှုတွေ ပိုမိုရရှိလာမှာ ဖြစ်ပါတယ်ခင်ဗျာ။  ။

ဘုန်းမောင်ဝင်း (ဖျာပုံ)