စည်းနဲ့ ကမ်းနဲ့ မြန်မာစာ

စည်းနဲ့ ကမ်းနဲ့ မြန်မာစာ

ဒေါက်တာထွန်းတင့်

တို့၊ ပုတ်၊ ကက်၊ ကြ၊ ကျီ

“တို့” တွင်  (၁)အသာအယာထိသည်ဟူသော အဓိပ္ပာယ်၊ (၂) သာမန်မျှ ရေးမှတ်သည်ဟူသောအဓိပ္ပာယ်၊ (၃) (ချဉ်ဖတ်စသည်ကို ငါးပိနှင့်တွဲ၍ထမင်းတွင်)   မြှုပ်စားသည်ဟူသောအဓိပ္ပာယ်၊ (၄)တိတ်တဆိတ် သတင်းပေးသည်ဟူသောအဓိပ္ပာယ်၊ (၅) ကျီစားသည်၊ စသည်၊ နောက်သည်ဟူသောအဓိပ္ပာယ်၊(၆) ယှဉ်သည်၊ ဖက်သည်၊ စမ်းသည်ဟူသော အဓိပ္ပာယ်များရှိကြောင်း သာဓကများဖြင့် ရှင်းပြပြီးဖြစ်ပါသည်။

ဤအဓိပ္ပာယ် ၆ မျိုးသည် “တို့” ၏ကြိယာအဓိပ္ပာယ်များ ဖြစ်ကြသည်။

ထို့ပြင် “တို့” ကို ပစ္စည်းအဖြစ်လည်း သုံးနိုင်ကြောင်း၊ ပစ္စည်းအနေဖြင့် (၁) နာမ်၏နောက်၌တည်၍ ဆိုင်ရာနာမ်၏ ပေါင်းစည်းခြင်းကိုပြသောစကားလုံး၊ (၂)နာမ်စား၏နောက်၌တည်၍ ဆိုင်ရာနာမ်စား၏ ပေါင်းစည်းခြင်းကိုပြသော စကားလုံး၊ (၃)ကြိယာ၏အနက်ကို ပြုပြင်ပေးသော စကားလုံးအဖြစ် သုံးကြောင်းတို့ကိုလည်း သာဓကများပြ၍ ရှင်းပြခဲ့ပြီးဖြစ်ပါသည်။

တစ်ဖန် “တို့” သည် (၁)အပြောစကားတွင် ကျွန်တော်တို့၊ ကျွန်မတို့ အစားသုံးသော နာမ်စားဖြစ်ကြောင်း၊ (၂)အပြောစကားတွင် ကျွန်တော်၊ ကျွန်မ အစားသုံးသော နာမ်စားလည်းဖြစ်ကြောင်း၊ (၃)အပြောစကား တွင် နင်၊ သင်၊ ရှင် အစားသုံးသော နာမ်စားလည်းဖြစ်ကြောင်း ရှင်းပြခဲ့ပြီးဖြစ်ပါသည်။

ထိုမျှသာမက “တို့” ကို နာမ်အဖြစ်လည်း သုံးသေးကြောင်း ဖော်ပြခဲ့ပါသည်။ သို့ရာတွင် စာမျက်နှာကို ငဲ့သဖြင့် နာမ်အဖြစ်သုံးသော “တို့” အကြောင်းကို ရှင်းမပြသာခဲ့ပါ။ ယခု နာမ် “တို့” အကြောင်းကို ရှင်းပြပါမည်။

နာမ် “တို့” တွင် အဓိပ္ပာယ်နှစ်မျိုးရှိပါသည်။

၁။      ၄ တင်းဝင်တောင်းကြီး၊ သို့မဟုတ် ၄ တင်းဝင် ပုတ်ငယ်။

သာဓက။  ။   တို့ ပုတ် ကက် ကြ ကျီ ဝယ်၊ ယင်း ငါးသွယ်ဇယနှင့် စဉ်က မပွားတုံပါ။

၂။       ၄ တင်းပမာဏရှိ ချင့်ဝန်။

သာဓက။  ။   လေးတင်းတစ်တို့၊ လေးတို့ တစ်ပုတ်၊ လေးပုတ်တစ်ကက်၊ လေးကက် တစ်ကြ၊ လေးကြ တစ်ကျီ။

ဤ “တို့” ဆိုသည်မှာ ၄ တင်းဝင်တောင်းကြီး၊ သို့မဟုတ် ၄ တင်းဝင်ပုတ်ငယ်ဟု မြန်မာတို့အစဉ် အလာ သတ်မှတ်ခေါ်ဆိုကြသည်ကို တစ်ချက်မှတ် ထားရန် လိုပေသည်။ ဤသည်မှာ မြန်မာတို့အစဉ် အလာ ချင့်ဝန်စံချိန်စံညွှန်းအရ သတ်မှတ်ခေါ်ဝေါ် ကြခြင်းဖြစ်သည်။ သို့ရာတွင် အရပ်သုံးတွင်မူ “တို့” သည် ၄ တင်းဝင်တောင်းကြီး သို့မဟုတ် ၄ တင်းဝင် ပုတ်ငယ်ဖြစ်ကောင်းမှ ဖြစ်ပေလိမ့်မည်။ ၄ တင်းပင် မဝင်သော်လည်း တောင်းအကြီးစားကို “တို့” ဟုခေါ်ဆိုကြသည်ကို တွေ့ရသည်။

ဆရာကြီး ဦးဖိုးစိန်က သူ၏မြန်မာစကားနက်ကျမ်းတွင် “အညာရပ်၌ ဆွမ်းပေါင်းသည့်တောင်းကို ဆွမ်းတို့တောင်း” ဟု ခေါ်သည်။ “တို့” ကို တဝမ်းပူသံ ပီပီဖတ်ရွတ်။  ဆွမ်းဒို့တောင်းဟု  မဖတ်  မရွတ်နှင့်။

၄ တင်းလျှင် တစ်တို့၊ ၄ တို့လျှင် တစ်ပုတ်၊ ၄ ပုတ်လျှင် တစ်ကက်၊ ၄ ကက်တစ်ကြ၊ ၄ ကြတစ်ကျီဟု ချင့်ဝန်သညာပင်ရှိချေသည်။ “ဆွမ်းတို့တောင်းဟူသည် ဆွမ်းပေါင်းတောင်း၊ ဆွမ်းစည်းတောင်းဟု ဆိုလိုသည်” ဟု မိန့်မှာခဲ့ပါသည်။

“တို့” ၏အနက်မှာ “ပေါင်းစည်း၊ ဆက်စပ်” ဖြစ်သဖြင့် ဆွမ်းတို့တောင်းကို ဆွမ်းပေါင်းတောင်း၊ ဆွမ်းစည်း တောင်းဟူ၍ ဆရာကြီးဦးဖိုးစိန်က ဆိုခြင်းဖြစ်သည်။ ၄ တင်းဝင်တောင်းကြီးကို “တို့” ဟုခေါ်သည်မှာ လည်း ယင်းတောင်းကြီးသည် စပါး၊ ပဲ၊ ပြောင်းကို ပေါင်းစည်းရုံးစုသိုမှီးရာ အဆောက်အဦဖြစ်၍ ခေါ်ဆိုခြင်းဖြစ်သည်ဟု ဆိုရပါမည်။

ထိုမှတစ်ဆင့် ၄ တင်းပမာဏရှိ ချင့်ဝန်ကိုလည်း “တို့” ဟု ခေါ်ဆိုကြောင်းသိရပေသည်။ “တို့” ဆိုသည်မှာ ၄ တင်းဝင်တောင်းကြီးဖြစ်သဖြင့် တစ်တို့ဟုဆိုလျှင် ယင်း “တို့” နှင့်ဝင်ဆံ့သမျှ ပမာဏဖြစ်သော ၄ တင်းကိုပါ ဟောသည်ဟု မှတ်ယူရပေမည်။ ထို့ကြောင့် ၄ တင်းလျှင် တစ်တို့၊ ၄ တို့လျှင် တစ်ပုတ် စသည်ချင့်ဝန်ပမာဏ အမှတ်သင်္ကေတရှိလေသည်။ ဤသို့လျှင် “တို့” ၏အနက် “ထိ၊ ပေါင်း၊ စည်း၊ ဆက်၊ စပ်” ကိုအခြေခံလျက် “တို့” ဟူသည် “၄ တင်းဝင် တောင်းကြီး၊ ၄ တင်းပမာဏ ချင့်ဝန်” ဟူသော အဓိပ္ပာယ်ဆောင်ကြောင်းသိရပြီးနောက် “ပုတ်၊ ကက်၊ ကြ၊ ကျီ” တို့၏အကြောင်းကိုလည်း ဆက်လက်လေ့လာသင့်ပေသည်။

ပုတ်

“ပုတ်၊ ကက်၊ ကြ၊ ကျီ” ၏အနက်သည်လည်း “ထိ၊ ပေါင်း၊ စည်း၊ ဆက်၊ စပ်” ပင်ဖြစ်ကြောင်း စိတ်ဝင်စားဖွယ် သိမှတ်လာရပေမည်။ “ပုတ်” နှင့် “ပိတ်” လည်း လဲနိုင်လှယ်နိုင်သော ဝေါဟာရဖြစ် သဖြင့် အနက်တူပေရာ “ပုတ်ပေါင်း” နှင့် “ပိတ်ပေါင်း” အနက် တူ၊ အဓိပ္ပာယ်တူပြန်သည်။ ခရီးဆောင် မြန်မာအဘိဓာန်တွင် “ထူထပ်သောချုံပင်နွယ်စု” ဟု အဓိပ္ပာယ်ဖွင့်သည်။

ဤသို့လျှင် “ပုတ်” သည် “ပေါင်းစည်း၊ ဆက်စပ်” အနက်ရှိသည်ဖြစ်ရာ “ပုတ်” ဟူသည် စပါး၊ ပဲ၊ ပြောင်း ပေါင်းစည်းရုံးစုသိုမှီးရာ အဆောက်အဦပင်ဖြစ်ပေသည်။ မြန်မာတို့အစဉ်အလာ ချင့်ဝန်အမှတ်သညာ အားဖြင့်သော် “ပုတ်” သည် ၁၆ တင်းဝင်တောင်းကြီး ဖြစ်ပေသည်။ “ပုတ်” သည် ၁၆ တင်းဝင် တောင်းကြီးကို ဟောသဖြင့် ယင်းပုတ်တွင် ဝင်ဆံ့သောစပါးပဲပြောင်းစသည့် ၁၆ တင်းမျှပမာဏကိုလည်း ဟောကြောင်း အထူးဖော်ပြရန်လိုမည်မဟုတ်တော့ပေ။

ကက်

“ကက်” ၏အနက်လည်း “ပေါင်းစည်း ဆက်စပ်” ပင်ဖြစ်သည်။ “ကက်” ၏ အနက််မူပေါ်လွင်သော် စုတူသတ်စနစ်အရ “ကင်” နှင့်လည်းဆက်နွှယ်၍ အနက်ဖော်သင့်သည်။ သုဒ္ဓကာရိုက်သဘောအရ “ခက်” နှင့်ဆက်နွှယ်၍လည်း အနက်ဖော်သင့်သည်။

“ကင်” ၏အနက်မှာ “ဆက်စပ်၊ နီးကပ်” ဖြစ်၍ “ကင်” သည်ဆိုသည်မှာ (အပူရှိန်ထိရောက်ပျံ့နှံ့စေရန် ကျက်နေစေရန်) မီးနားမှာထားသည်ဟူသော အဓိပ္ပာယ်ရပေသည်။ “ခက်သည်” ဆိုသည်မှာလည်း  ဖွဲ့ယှက်စည်းနှောင်သည့်အနက်ပင်ဖြစ်ရာ ကာရိုက် “ခက်” ၏သုဒ္ဓဖြစ်သော “ကက်” ၏အနက်ကိုလည်း  “ဖွဲ့ယှက်ပေါင်းစည်း” ဟုပင် ဆိုရန်ရှိပါသည်။

(ဆက်လက်ဖော်ပြပါမည်)