ရေချိုကိုတန်ဖိုးထာ ကမ္ဘာကြီးကိုစောင့်ရှောက်

ရေချိုကိုတန်ဖိုးထာ ကမ္ဘာကြီးကိုစောင့်ရှောက်

ယမန်နေ့မှအဆက်

အဓိကမှာ ရာသီဥတုမမျှတမှုနှင့် သောက်သုံးရေလုံလောက်စွာ မရရှိမှုသည် အခြေခံဖြစ်သည်။ မကွေးတိုင်းဒေသကြီး တစ်ခုလုံး၏ ပျမ်းမျှ မိုးရေချိန်မှာ မကွေးခရိုင်အတွင်းတွင်  ၂၀၀၆ ခုနှစ်မှ  ၂၀၁၅ ခုနှစ်ထိ ၁၀ နှစ်တာအတွင်း နှစ်စဉ်ပျမ်းမျှမိုးရေချိန် ၉၅၆ မီလီမီတာ(၃၇ ဒသမ ၆ လက်မ) သာရှိသည်။

ချောင်းငယ်များသည် နွေရာသီတွင် လုံးဝနီးပါး ရေခန်းခြောက်လေ့ရှိပြီး အဓိကချောင်းကြီးများမှာလည်း သဲထုအတွင်း အောင်းရေသာ ရှိတော့သည့်အဆင့်ထိ ခန်းခြောက်တတ်သည်။

မင်းဘူး၊ ချောက်၊ ရေနံချောင်း စသည့်မြို့နယ်များသည် တစ်နိုင်ငံလုံး၏ အပူဆုံးစံချိန်တင်ဒီဂရီများကို ပိုင်ဆိုင်ထားကြသည်။ ၂၀၁၉ ခုနှစ် မေလ ၈ ရက်နေ့ ချောက်မြို့နယ်၏ အပူချိန်သည် ၄၇ ဒသမ ၁ ဒီဂရီစင်တီဂရိတ် ရှိခဲ့ရာ စံချိန်တင်အပူချိန်ဖြစ်သည်။

မည်သည့်အတွက် လူ့သက်တမ်းတိုသနည်း၊ မည်သည့်အတွက်ကြောင့် ရေရှားရသနည်း အဖြေထုတ် ရာတွင် ရှုထောင့်မျိုးစုံမှ ဖြေကြမည်ဖြစ် သည်။

ရာသီဥတုကို သဘာဝက ဖန်တီးသည်ဟု လွယ်လွယ်ပြောနိုင်သော် လည်း မပြည့်စုံဟု စာရေးသူက ယူဆသည်။ ရာသီဥတုကောင်းမွန်လာစေရေး သဘာဝပတ်ဝန်းကျင် သစ်ပင်၊ သစ်တောများ ထူထောင် ရေးကိစ္စကို အလေးအနက်ထားဆောင်ရွက်လျှင် အတော်အသင့် ရာသီဥတု ကောင်းမွန်လာမည်ဟု ပြောနိုင်သည်။  နှစ်ရှည်ဆောင်ရွက်ရန်တော့ လိုအပ်မည်။

အဆိုပါဒေသများတွင် ထင်း၊ မီသွေးသုံးစွဲမှု  အလွန်မြင့်မားသလို သစ်၊ ၀ါးများကို တရားမဝင်ရော တရားဝင်ပါ ခုတ်ယူမှုများရှိနေကြောင်း ဒေသအသီးသီးသို့ မကြာခဏရောက်ရှိခဲ့စဉ် ကိုယ်တိုင်တွေ့ ကြုံရသည်။ စေတုတ္တရာမြို့နယ်အစွန်မှ ကျောက်ပုံနှင့် ခဲပစ်ရွာနှစ်ရွာ စိမ်းလန်းစိုပြည် ရေးအတွက် သစ်ပင် ၂၀၀၀ ကျော်ကို ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ကိုယ်တိုင်စိုက်ပေးခဲ့သည်။ ဆည်ကြောင့် ပြောင်းရွှေ့ခဲ့သော ရွာများဖြစ်သည်။

ပြောင်းရွှေ့စဉ်က ရွာသစ်နေရာရွေးချယ်မှု စဉ်းစားပုံအားနည်း၍ ရေရှားသော ကုန်းပေါ်တွင်   ရွာရောက်နေသည်။ ၎င်းတို့အတွက် ထွက်ပေါက်မှာ ရွာဝန်းကျင်တွင် စိမ့်စမ်းရေရရှိရေး၊ သစ်တော ထူထောင်ရေးနှင့် တစ်နိုင်တစ်ပိုင်ဆည်ငယ်များ ဆောင်ရွက်ရေးသာဖြစ်သည်ကို တွေ့ခဲ့သည်။ လက်ရှိ ရွာ၏ စီးပွားရေးမှာလည်း သစ်ခုတ်၊ ၀ါးခုတ်ဖြစ်နေ ပြန်သည်။

နတ်မောက်မြို့နယ်အတွင်းရှိ ရွာတစ်ရွာ၌ မိုးရာသီသစ်ပင်စိုက်ပျိုး ရေးဆောင်ရွက်ရန် ၂၀၂၀ ပြည့်နှစ် တွင် ကွင်းဆင်းစဉ်က အဆိုပါရွာ တစ်ရွာလုံးရှိ အိမ်တိုင်း၊ ခြံစည်းရိုးတိုင်းလိုလိုတွင် သစ်ပင်ကြီးငယ်များ ကို အလုံးလိုက်ပိုင်းဖြတ်ပြီး ထောင်ထားသည်ကို တွေ့ခဲ့ရသည်။

အညာဒေသ အခြားသောရွာများကဲ့သို့ အိမ်ခြံစည်းရိုးကို ၀ါးထရံထူထူ ယက်ပြီးကာလျှင် သစ်တော၊ သစ်ပင်ပြုန်းတီးမှု မသက်သာပေဘူးလား။ ၀ါးဆိုသည်မှာ နှစ်စဉ် မျှစ်စို့ထွက်၍ ပြန်လည်စည်ပင်နေသည့် အပင်ဖြစ်သည်။ သို့သော် ယခု ဤသို့မဟုတ်၊ နီးစပ်ရာတောထဲမှ လုံးပတ် ကောင်းကောင်းသစ်များကို ခုတ်ပြီး ၅ ပေ၊ ၆ ပေအတုံးများတုံးပြီး စေ့နေ အောင် ထောင်၍ကာသည်။ ပြီးမှ သစ်လုံးတန်းဖြင့် ချုပ်ထား သည်။ အခြားနည်း စဉ်းစားသင့်သည်ဟု ယူဆသည်။ အပူပိုင်းဒေသမှ တာဝန် ရှိသူများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအားသန်သူများက ပညာပေး စည်းရုံးသင့်သည်။

တစ်ချိန်က တောကြီးမျက်မည်းဟုဆိုရမည့် ဧရာဝတီမြစ်အနောက် ဘက်ကမ်း အနောက်ရိုးမ အခြေပြု ဒေသများဖြစ်သော ပွင့်ဖြူ၊ စေတုတ္တရာ၊ ကံမ၊ မင်းဘူး စသည့်ဒေသများတွင် သစ်ပင်၊ သစ်တော အများစုသည် ရွာများနှင့် အတော်ပင် အလှမ်းကွာသွားပြီဖြစ်သည်ကို တွေ့ရသည်။

နေ့စဉ်စားဝတ်နေရေးအတွက် တစ်ရွာလုံး တောတက်သစ်ပင်ခုတ်ပြီး ဝင်ငွေရှာနေကြရသည့်  ရွာသားများ၏ ဘဝကိုလည်း  အခြားစီးပွားရေးလုပ်ငန်းများ  ရွှေ့ပြောင်းလုပ်ကိုင်နိုင်ရန် တာဝန်ရှိသူ များက ကြံဆစေ လိုသည်။

ဒေသတွင်းတွင် တည်ဆောက်ထားသော ဆည်ကြီးများအတွက် နှစ်စဉ်ဝင်ရေခန့်မှန်းမှုမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက အချက်အလက်များဖြင့် တွက်ချက်ထားမှုများဖြစ်သည်။ ဆည်များ၏ ရေဝေရေလဲ ဒေသများနှင့် ဝန်းကျင်ဒေသများတွင် သစ်ပင်၊ သစ်တောများ ဤမျှနည်းပါးလာသည့်အခါ မူလတွက် ချက်မှုများနှင့် အံချော်သည့်ဝင်ရေများ ဖြစ်ပေါ်လာနိုင်သည်။ တွက်ချက်ထားမှုနှင့် လက်တွေ့ အခြေအနေ ကွာဟလာလျှင် တာတမံများ၏ ဘေးကင်းလုံခြုံမှုမှာ အန္တရာယ်ရှိလာနိုင်သည်။

ကျေးရွာများတွင် လျှပ်စစ်မီးရာနှုန်း ပြည့်ရရှိရေးမှာလည်း အရေးကြီးသည်။ ထင်း၊ မီးသွေးသုံးစွဲမှု လျော့ကျသွားစေမည်။ မိသားစုတစ်စု ပျမ်းမျှတစ်နှစ်ထင်းသုံးစွဲမှုသည် ကုဗတန် ၂ ဒသမ ၅ တန်ခန့်ရှိသည့်အတွက် ဒေသတစ်ခုလုံး၏ သစ်ပင်ခုတ်ယူမှုမှာ တန်ချိန်သန်းဂဏန်းရှိ မည်မှာ သေချာ သည်။ ဒေသတွင်း ထင်း၊ မီးသွေးအတွက်သာမက တခြား သောဒေသများသို့ပါ  တင်ပို့ရောင်းချရန်  ခုတ်လိုက်သည့် သစ်နှင့်ပေါင်းလျှင်  တန်ချိန်သန်း ရာဂဏန်းထိရှိလာမည်မှာ  သေချာသည်။ ဘက်စုံ စဉ်းစားပြီး အမြန်ဆုံးကာကွယ်စောင့်ရှောက်မှုမပြုလုပ်ပါက  ရာသီဥတုပြောင်းလဲမှုဒဏ်ကို အဆိုးရွားဆုံး ခံစားရနိုင်သည့် ဒေသများ ဖြစ်လာနိုင်သည်။

မကွေးတိုင်းဒေသကြီးအတွင်းတွင် ဆည်ကြီးပေါင်းများစွာ တည်ဆောက်ထားပြီး ဖြစ်သည်။ ရေလွှဲဆည် များလည်း တည်ဆောက်ထား ပြီးဖြစ်သည်။ အထိုက်အလျောက် ရေချိုရရှိလာပြီး စီးပွားရေးဖွံ့ဖြိုးမှု မြင့်မားလာသော်လည်း ဒေသအများစုတွင် နွေရာသီသောက်သုံးရေပြတ်လပ်မှု တွေ့ကြုံနေရဆဲဖြစ် သည်။

အဆိုပါ ဆည်တာတမံကြီး ၃၉ ခုအနက် သိုလှောင်ရေပမာဏများ သောဆည်ကြီးများဖြစ်သည့် ဧကပေ ၆၇၄၄၀၀ (ကုဗမီတာ ၈၂၇ သန်း) သိုလှောင်နိုင်သော မုန်းချောင်းရေလှောင်တမံ၊  ဧကပေ  ၄၆၃၀၀၀ သိုလှောင်နိုင်သော ကြီးအုံကြီးဝရေလှောင်တမံ၊ ဧကပေ ၁၂၀၀၀၀(ကုဗ မီတာ ၁၄၇ သန်း) သိုလှောင် နိုင်သော မန်းချောင်းရေလှောင်တမံ၊ ဧက ပေ ၁၃၃၀၀၀(ကုဗမီတာ ၁၆၉ သန်း) သိုလှောင်နိုင်သော စလင်းရေလှောင်တမံ၊ ဧကပေ ၁၀၂၃၅၇ (ကုဗမီတာ ၁၂၆  သန်း) သိုလှောင် နိုင်သော နတ်မောက် ရေလှောင်တမံ၊ ဧကပေ ၇၃၁၉၂(ကုဗမီတာ ၈၉ သန်း) သိုလှောင်နိုင်သော ဘွက်ကြီးရေလှောင်တမံ၊ ဧကပေ ၅၄၀၀၀(ကုဗ မီတာ ၆၆ သန်း) သိုလှောင်နိုင်သော မဒေးရေလှောင်တမံ စသည့် ရေလှောင် တမံကြီးများကြောင့်လည်း မိုးစပါးပျိုးထောင်ရေမလုံလောက်၍ အချိန်မီမစိုက်ပျိုးနိုင်မှု၊ မိုးနှောင်းအောင် ရေ မလုံလောက်၍ စိုက်ပြီး သီးနှံများ ပျက်စီးဆုံးရှုံးမှုတို့မှ သိသိသာသာ ကင်းဝေးလာသည်။ သီးထပ် စိုက်ပျိုး၍ ဒေသခံများ ဝင်ငွေတိုးတက်လာခဲ့ကြသည်။

သို့သော် ဒေသရာသီဥတုအခြေအနေအရ ထပ်မံလိုအပ်နေသော ရေကောင်းရေသန့်၊ တစ်နည်းအားဖြင့် ရေချိုရရှိရေး ကြိုးပမ်းကြရပေဦးမည်။

လိုအပ်ပါက ဒေသတစ်ခုမှရေကို တခြားဒေသတစ်ခုထိ သွယ်ယူပြီး ဒေသတွင်းရေရရှိမှု မညီမျှမှုကို ဖြေရှင်းရန်  နည်းလမ်းရှာကြရပေဦးမည်။ 

ဆက်လက်ဖော်ပြပါမည်။