ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ် ၁ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၃၀၀ တုံး၊ အလေးချိန် ၁၀၅ ကီလို ဖမ်းဆီးရမိ
နေပြည်တော်၊ ဇူလိုင် ၁၁ ရက်
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် သတင်းအရ စောင့်ဆိုင်းနေစဉ် ကြိုတင်သတင်းရရှိထားသည့် စိုင်းဝဏ္ဏ၊ ညီလင်း(ခ)အိုက်ထွန်း နှင့် အောင်ဝင်း တို့ ၃ ဉီးသည် TOYOTA CROWN မော်တော်ယာဉ် ၂ စီးဖြင့် ရောက်ရှိလာ၍ ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းတို့ သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၅၇၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး ၃၀၀ တုံး၊ အလေးချိန် ၁၀၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူဘလောက်တုံးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန် မှ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။