စံပြကျောင်းများဖြစ်ပါစေ

 

စံပြကျောင်းများဖြစ်ပါစေ

 

    တစ်ခုသော လကုန်အစည်းအဝေး တစ်ခုတွင် စံပြကျောင်းနှင့် စပ်လျဉ်း၍ မြို့နယ်ပညာရေးမှူးက  ကျွန်တော်တို့ကိုမေးပါသည်။ တစ်နည်းအားဖြင့် စံပြကျောင်းအဖြစ် သတ်မှတ်ရာတွင်ပါဝင်ရမည့်   စာသင်ကျောင်း၏အင်္ဂါရပ်များ၊ ဆောင်ရွက်ရမည့် အချက်များကိုမေးခြင်းဖြစ်သည်။ ပညာရေးဝန်ထမ်းများ သိရှိထားသင့်သော အချက်အလက်များဖြစ်သကဲ့သို့ လိုက်နာဆောင်ရွက်သင့်သော အချက်များလည်း ဖြစ်ပါသည်။ အစည်းအဝေးတက်ရောက်သူ ဆရာ၊ ဆရာမများက   ပါဝင်သင့်သည့်အချက်များကို    အားလုံးဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။

ကျွန်တော်တို့ နတ်တလင်းမြို့နယ်တွင် စံပြကျောင်းဆုရရှိထားသော အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းအချို့ကို လေ့လာကြည့်မိသည်။ ကျောင်းသို့ဝင်လိုက်သည်နှင့် ပထမဆုံး တွေ့ရသည်မှာ ကျောင်း၏ ဥပဓိရုပ်ဖြစ်သည်။ ကျောင်း၏ ဥပဓိရုပ်ဆိုသည်မှာ အဆင့်မြင့်အဆောက်အအုံများ ဆောက်လုပ်ထားခြင်းကို ဆိုလိုသည်မဟုတ်ပါ။ ကျောင်းသည် ကျောင်းနှင့်တူပြီး ခိုင်ခံ့သန့်ရှင်း သပ်ရပ်နေခြင်းကို ဆိုလိုသည်။ထိုသို့   ခိုင်ခံ့သန့်ရှင်း သပ်ရပ်နေစေရန် အဆောက်အအုံကို အမြဲထိန်းသိမ်းပြုပြင်ရမည်။ ကျောင်းဝင်းသန့်ရှင်းရေးကို နေ့စဉ် စနစ်တကျလုပ်ရမည်။ အမှိုက်စွန့်ပစ်မှု စနစ်ကျရမည်။ စနစ်ကျသော အမှိုက်စွန့်ပစ်ခြင်းဆိုသည်မှာ အမှိုက်အမျိုးအစားအလိုက် ခွဲခြား၍ သန့်ရှင်းရေးပြုလုပ်ခြင်းဖြစ်သည်။စက္ကူ၊ သစ်ရွက်ကဲ့သို့သော ဆွေးမြည့်လွယ်သည့် အမှိုက်များ၊ ပလတ်စတစ်၊ ကော်နှင့် ဖန်ပစ္စည်းများကဲ့သို့ မဆွေးမြည့်နိုင်သော အမှိုက်များစသည်ဖြင့် ခွဲခြား၍ ဆွေးမြည့်လွယ်သော အမှိုက်များကို သီးသန့်စုကာ မြေမြှုပ်၍ဖြစ်စေ၊ အမှိုက်သိမ်းယာဉ်ပေါ် သီးသန့်စီခွဲခြားတင်၍ဖြစ်စေ စွန့်ပစ်ရမည်။

မဆွေးမြည့်လွယ်သော အမှိုက်များကိုမူ Recycle နည်းကိုသုံး၍ တစ်နည်းတစ်ဖုံ ပြန်လည်အသုံးချနိုင်သည်။ ကော်ပစ္စည်းများ၊ ပုလင်းများ၊ ဘူးများကို  အလှဆင်ပစ္စည်းများအဖြစ် တီထွင်ဖန်တီးခြင်း၊ အခြားအသုံးတည့်မည့် နေရာတွင်  ပြန်လည်သုံးစွဲခြင်းပြုနိုင်သည်။

အမှိုက်များသန့်ရှင်း၍ သပ်ရပ်နေသောကျောင်းကို နေချင်စဖွယ် သာယာစေရန် သစ်ပင်ပန်းမန်များ၊ တီထွင်ဖန်တီးမှု အလှများနှင့် တန်ဆာဆင်ရပါမည်။ အရိပ်ရပင်များ၊  လေကာပင်၊   နေကာပင်များကို သူ့နေရာနှင့်သူ စိုက်ပျိုးထားပြီး ကျောင်းဝင်းပန်းခြံကို လှပတင့်တယ်အောင် ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ ပြုစုပျိုးထောင်ခြင်းဖြင့် ရှုမြင်ကွင်းလှပ ကောင်းမွန်အောင် ပြုလုပ်ရမည်။ ကျောင်းစိုက်ခင်းတွင် ဟင်းသီးဟင်းရွက်များကို      အသင်းအလိုက် စနစ်တကျ စိုက်ပျိုးပြုစုစေရမည်။

ကျောင်းတွင်  သန့်ရှင်း၍လုံလောက်သော သောက်သုံးရေနှင့် လုံလောက်သော လက်ဆေးရေ၊ သန့်စင်ခန်းသုံးစွဲရေ ရရှိအောင်စီမံထားရမည်။ ကျောင်းကျန်းမာရေးအဖွဲ့ ဖွဲ့စည်းထားရှိပြီး သန့်ရှင်းသော မုန့်ပဲသရေစာများသာ စားသုံးနိုင်အောင် ကျောင်းစျေးတန်းရှိပါက   ပုံမှန်စစ်ဆေးကြပ်မတ် ညွှန်ကြား  ပညာပေးရပါမည်။

ရာသီအလိုက်ဖြစ်ပွားတတ်သော ရောဂါများနှင့် ကူးစက်ရောဂါများမဖြစ်ပွားအောင် ပညာပေးဟောပြောပွဲများ ပြုလုပ်ပေးရမည်။အပတ်စဉ် တစ်ကိုယ်ရေ   သန့်ရှင်းရေး စစ်ဆေး၍ လိုအပ်ချက်များကို ညွှန်ကြားပညာပေးရမည်။  အာဟာရတိုက်ကျွေးခြင်းကိုလည်း   ကျောင်း၏ စီစဉ်မှုဖြင့်ဖြစ်စေ၊ စေတနာအလှူရှင်ကဖြစ်စေ တိုက်ကျွေးပေးရန်လိုသည်။  အခြားနိုင်ငံများတွင် ကျောင်းသား၊ ကျောင်းသူများ အာဟာရပြည့်ဝရေးအတွက်   နို့ကိုသတ်မှတ်ရက်အလိုက် တိုက်ကျွေးသည်ဟု သိရသည်။သန့်ရှင်းသပ်ရပ်စွာ နေထိုင်ပြုမူတတ်သော လူမှုအလေ့အကျင့်များ ရအောင် ကျောင်းသား၊ ကျောင်းသူများကို  လေ့ကျင့်ပေးပြီး ထိုအလေ့အကျင့်များကို ကျောင်းတည်ရှိရာ ရပ်ရွာဝန်းကျင်သို့  စိမ့်ဝင်ပျံ့နှံ့အောင် ကျောင်းသားမိဘများနှင့် ဆက်စပ်ပညာဖြန့်ဝေရပါမည်။

ကျောင်းဝင်းသည်   လုံလောက်သော နယ်နိမိတ် အကျယ်အဝန်းရှိရမည်။ သို့မှသာ စိုက်ပျိုးရန်နေရာ၊ အားကစားကွင်းနေရာများ      ထားရှိဆောင်ရွက်နိုင်ပေမည်။

ကျောင်းသား၊ ကျောင်းသူများကို ကစားချိန်၊ ကိုယ်လက်ကြံ့ခိုင်ရေး လုပ်ချိန် ပုံမှန်ပေးရမည်။ ကိုယ်လက်လှုပ်ရှားမှုသည် ကျန်းမာရေးကို  များစွာ အထောက်အကူပြုသည့် အပြင် ဉာဏ်စွမ်းပွင့်လန်းမှုကို အားပေးသောကြောင့် ဖြစ်သည်။ နိုင်ငံတော်က ရာသီအလိုက် ကျင်းပပေးသော အားကစားပွဲတော်များတွင် မိမိတို့ကျောင်းက ပါဝင်ဆင်နွှဲနိုင်ပြီး မြို့နယ်အဆင့်၊ တိုင်းဒေသကြီးအဆင့်၊   နိုင်ငံတော်အဆင့် အားကစားထူးချွန်သူများ မွေးထုတ်ပေးနိုင်အောင် လေ့ကျင့်ပေးရမည်။ အားကစားကို မြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်နေခြင်း ဖြစ်သည်ဟူသော အချက်ကို အလေးတစ်မူ ဆောင်ရွက်ရန်လိုပေသည်။

စံပြကျောင်းသည် စိတ်ဓာတ်ကောင်းမွန်သော၊ စည်းကမ်းလိုက်နာသော လူငယ်မျိုးဆက်သစ်များဖြစ်အောင် လေ့ကျင့်သင်ကြားပေးနိုင်ရမည်။  စိတ်ဓာတ်နှင့် စည်းကမ်းပြည့်ဝသော  ကျောင်းသည် ပညာရေးတွင်လည်း  အောင်မြင်မှုရရှိကြောင်း တွေ့ကြရမည်ဖြစ်သည်။ တပည့်များ စည်းကမ်းရှိရန် ဆရာ၊ ဆရာမများ ကိုယ်တိုင်ကလည်း စည်းကမ်းတိကျစွာ လိုက်နာခြင်းဖြင့်   စံပြဖြစ်စေရသည်။စိတ်ဓာတ်၊ စည်းကမ်း၊  ပညာပြည့်ဝ၍ ဟန်ချက်ညီညီ တိုးတက်စေရန် ဆရာအင်အားနှင့် ကျောင်းသားအင်အား ညီညွတ်မျှတရန်လည်း လိုသည်။   သို့မဟုတ်ပါက စည်းကမ်းပိုင်းရော ပညာသင်ကြားရေးပိုင်းပါ မနိုင်မနင်းဖြစ်ကာ အောင်မြင် တိုးတက်မှု မရနိုင်ဘဲ ရှိတတ်သည်။

စံပြကျောင်းတစ်ကျောင်းသည် ပညာရေးတွင် ထူးချွန်ထက်မြက်သော လူရည်ချွန်လူရည်မွန်များ မွေးထုတ် ပေးနိုင်ရသည်။တက္ကသိုလ်ဝင်တန်း အောင်ချက်ကောင်းသော၊ ဂုဏ်ထူးရှင်ကျောင်းသားများ မွေးထုတ်ပေးနိုင်သော၊ ဘက်စုံလူရည်ချွန်များ မွေးထုတ်ပေးနိုင်သော ကျောင်းဖြစ်အောင် ကိုယ်စွမ်းဉာဏ်စွမ်းပြနိုင်ရမည်။ ပညာရေးတွင် ကျောင်းနေပျော်၍ စာတော်ရမည်ဟူသော အချက်သည် အဓိကကျ၍ ဦးစားပေးဆောင်ရွက်ရသည်။  ပြဋ္ဌာန်းစာများကို သင်ကြားရုံ၊ ကျက်မှတ်စေရုံ၊  ပြန်လည်ရေးသားစေရုံနှင့်သင်ကြားမှု ရည်ရွယ်ချက် မပေါက်မြောက်ပေ။ ပညာရပ်တစ်ခုတည်းကိုသာ သင်ကြားနေလျှင်လည်း ဘက်စုံဖွံ့ဖြိုးမှုကို  ရရှိမည်မဟုတ်ပေ။ ကဏ္ဍစုံပြည့်စုံမျှတအောင်  သင်ကြားလေ့ကျင့် ပေးနိုင်မှသာ ဗလငါးတန်နှင့် ပြည့်စုံသော ပညာကိုရရှိမည်ဖြစ်သည်။ ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသားလူငယ်များကသာ အနာဂတ်နိုင်ငံတော်ကို တိုးတက်စည်ပင်အောင်   ဆောင်ရွက်နိုင်မည်ဖြစ်သည်။ထို့ကြောင့် လူငယ်များကို ပြုစုပျိုးထောင်နိုင်ရန် ကျောင်းနေပျော်၍ စာတော်သောသူများ ဖြစ်စေရေးနှင့်  ဗလငါးတန်ပြည့်ဝသော လူငယ်များဖြစ်စေရေးအတွက် ကျောင်းများက စံပြပြုစုပျိုးထောင် ပေးနိုင်ရမည်။

ထို့ပြင် ကျောင်းများက ရင်သွေးငယ်ကျောင်းသား၊ ကျောင်းသူများကို အရည်အသွေးမြင့်မားလာအောင်၊ တန်ဖိုးမြင့်မားသည့် လူသားမျိုးဆက်များဖြစ်အောင် လေ့ကျင့်ပေးနိုင်ပါသည်။ ကျောင်းများက လေ့ကျင့်သင်ကြားပေးမှုဖြင့် လူ့စွမ်းရည်များဖြစ်သည့် ကိုယ်ခန္ဓာကျန်းမာ ဖွံ့ဖြိုးမှု၊ အခြေခံကျန်းမာရေး အသိရှိမှု၊   လူမှုဆက်ဆံရေးကောင်းမွန်မှု၊ စိတ်ခံစားမှုကို ထိန်းသိမ်းစွမ်းရည်မြင့်မားမှု၊ ကိုယ်ကျင့်တရား ကောင်းမွန်မှုနှင့် ယင်းကို လေးစားတန်ဖိုးထားမှု၊ တစ်ဖက်သားကို စာနာတတ်မှု၊ လိမ္မာယဉ်ကျေးစွာ  ပြုမူပြောဆိုမှုနှင့် စိတ်ထားနူးညံ့မှု၊ အနုပညာခံစားလိုစိတ် ဖွံ့ဖြိုးမှု၊ ကျိုးကြောင်းညီညွတ်စွာ အခက်အခဲကို ချဉ်းကပ်ကျော်လွှားနိုင်မှု၊ လူ့အဖွဲ့အစည်း၏   စည်းကမ်းနှင့်ဥပဒေများကို တန်ဖိုးထားလေးစား လိုက်နာမှု၊ မတူကွဲပြားမှုများကို နားလည်လက်ခံ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း စသည်တို့ကို သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်သည်။

စံပြကျောင်းများသည် ကျောင်းသား၊ ကျောင်းသူများကို   ပြည့်ဝဒီမိုကရေစီ စိတ်ထားပိုင်ရှင်များဖြစ်အောင် လေ့ကျင့်ပေးရသည်။  ဒီမိုကရေစီသည် ကိုယ်တိုင်ကျင့်နိုင်မှ    သူရောကိုယ်ပါရသည့် အလုပ်ဖြစ်သည်။ ကိုယ်မကျင့်ဘဲ မလိုချင်ပါနှင့်ဟု ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်(ငြိမ်း) ဦးသန့်က ဆိုခဲ့သည်။    ထိုဒီမိုကရေစီအလုပ်ကို ကျောင်းများက စံပြလမ်းညွှန် သင်ကြားပေးနိုင်သည်။ ပန်းတနော်မြို့တွင် ဦးသန့် အမျိုးသားကျောင်းအုပ်ကြီး တာဝန်ထမ်းခဲ့စဉ်က “ကျုပ်ကျောင်းက ထွက်သွားတဲ့သူတစ်ယောက်မှ လူဆိုးသူခိုး မဖြစ်စေရဘူး၊ ကျုပ်အာမခံတယ်”ဟု ပြောဆို   အာမခံချက်ကို   ယနေ့ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ စံထားအတုယူလိုက်နာကျင့်သုံးသင့်ပေသည်။

ကျောင်းများတွင် ကျောင်းကောင်စီကို စနစ်တကျဖွဲ့စည်း၍ ကျောင်းကောင်စီ ကတိသစ္စာဖြစ်သည့်-

“မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်”

“မိမိအတန်းကို ကောင်းအောင် ကြိုးစားမည်”

“မိမိကျောင်းကို   ကောင်းအောင် ကြိုးစားမည်”

“မိမိတိုင်းပြည်အတွက်ကောင်းအောင် ကြိုးစားမည်”

ဟူသည့် ကတိသစ္စာ အတိုင်းလိုက်နာ ကျင့်သုံးနိုင်သူများဖြစ်အောင်  ပုံသွင်းပြုပြင်ပေးနိုင်ရမည်။  ပထမဦးစွာ မိမိကိုယ်တိုင်ကောင်းအောင် ကြိုးစားနိုင်ရမည်။ မိမိသာမက မိမိအတန်း၊ မိမိကျောင်း၊ မိမိတိုင်းပြည်အထိ ကောင်းအောင် ကြိုးပမ်းနိုင်သည့်သူများဖြစ်အောင် ကြိုးစားနိုင်ရမည်။ ဤခံယူချက်များကို လေးစားလိုက်နာပြီး  တာဝန်ယူစိတ်ရှိသည့် လူငယ်များဖြစ်အောင် လေ့ကျင့်မွေးထုတ်ပေးနိုင်ရမည်။တစ်ပြည်လုံးရှိ ကျောင်းတိုင်းသည် လူငယ်များကို ထိုသို့ စံပြမွေးထုတ်ပေးနိုင်ကြမည်ဆိုလျှင် နိုင်ငံ၏အနာဂတ်သည် ရွှေရောင်အတိလွှမ်းသော လူ့ဘောင်ဘဝကို ပိုင်ဆိုင်လျက် ငြိမ်းချမ်းသာယာမည်မှာ မလွဲပါပေ။ထို့ကြောင့် ကျွန်ုပ်တို့ ကျောင်းများအားလုံး စံပြကျောင်းများဖြစ်အောင် ကြိုးစားကြပါဟုသာ    တိုက်တွန်း နှိုးဆော်လိုက်ပါသည်။   ။