နေပြည်တော် သြဂုတ် ၁၂
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးနှင့် အတူရှမ်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကိစ္စရပ်များကို ကွင်းဆင်း ကြည့်ရှု စစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သြဂုတ် ၁ဝ ရက်တွင် အောင်ပန်းမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းသို့ရောက်ရှိခဲ့ရာ သင်တန်းကျောင်း တာဝန်ရှိသူက ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လေးထပ်အလုပ်ရုံစာသင်ခန်း၊ သုံးထပ်သင်တန်းသား အိပ်ဆောင်၊ လေးခန်းတွဲ သုံးထပ်ဝန်ထမ်းအိမ်ရာ၊ စတိုဆောင်နှင့် စားဖိုဆောင် တည်ဆောက်နေမှုများနှင့် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းထားရှိမှုများအား ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အောင်ပန်း နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းအသစ်ကို မကြာမီ ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ဒေသခံလူငယ်များအတွက် ခေတ်စနစ်နှင့် လျော်ညီသည့် မော်တော်ယာဉ်နှင့် စက်ပြင်သင်တန်း၊ ပန်းရန်/လက်သမား သင်တန်း၊ လျှပ်စစ်နှင့်အဲကွန်းပြင်သင်တန်း၊ ဂဟေသင်တန်း၊ လက်ကိုင်ဖုန်းပြင် သင်တန်းများ သင်ကြားလေ့ကျင့် ပေးသွားမည်ဖြစ်ကြောင်း၊ လေ့ကျင့်သင်ကြားရာတွင် အဆင့်မီ သင်ထောက်ကူပစ္စည်းများ ပြည့်စုံစွာ ကျွမ်းကျင်ဆရာများဖြင့် လေ့ကျင့်သင်ကြားပေးနိုင်ရေး လိုအပ်သည်များကို ပြည့်စုံအောင် ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ TVET ပညာရပ်များသည် အမှန်တကယ်သာ တတ်ကျွမ်းနားလည်ပါက ဘဝရပ်တည်ရေး အတွက် အသက်မွေးဝမ်းကျောင်း ပြုနိုင်သည့် တန်ဖိုးမြင့် ပညာရပ်ပင်ဖြစ်ကြောင်း၊ အဆိုပါ သင်ထောက်ကူပစ္စည်းများကို စွမ်းအားပြည့် ကိုင်တွယ်လေ့ကျင့် သင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာ နည်းပြများ၏ သင်ကြားနည်းစနစ်နှင့် အရည်အသွေးများကိုလည်း မြင့်မားစေရေး ဌာနတွင်းစွမ်းရည်မြှင့် သင်တန်းများ ပြုလုပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့ပြီး သင်တန်းကျောင်းဝင်း အတွင်းရှိ တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးနေမှုနှင့် သင်တန်းကျောင်းဖွင့်လှစ် ဆောင်ရွက်နိုင်ရေး အတွက် ပြင်ဆင်ဖြည့်ဆည်း ဆောင်ရွက်ထားရှိ မှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သြဂုတ် ၁၁ ရက်တွင် ပင်းတယမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူ၏ သင်တန်းကျောင်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းတင်ပြချက်များ အပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးခဲ့ပြီး ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများကို ဆုချီးမြှင့်ပေးပြီး သင်တန်းကျောင်းဝင်းအတွင်းရှိ ကျောင်းသားအိပ်ဆောင်၊ကျောင်းသူအိပ်ဆောင်များနှင့် စားရိပ်သာတို့တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ COVID-19 ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု များကို လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ ပင်းတယမြို့နယ် ကူးကော်-ရေချမ်းစင် (၃/ဝ) မိုင် ကျောက်ခင်းခြင်း၊ ကုန်းသာ-ပဲယင်းတောင် (၄/၂) မိုင် အပြီးသတ်မြေလမ်း ဖောက်လုပ်ခြင်း၊ ရွာငံမြို့နယ် ရေချမ်းပြင်-ကျောက္ကူတိ (၅/၅)မိုင် မြေလမ်းပေါ်ရှိ (၃/၃)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းခွင်များသို့ရောက်ရှိခဲ့ရာ သက်ဆိုင်ရာ တာဝန်ခံအင်ဂျင်နီယာ အသီးသီးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ သတ်မှတ်စံချိန်စံညွှန်းနှင့် လုပ်ငန်းအရည်အသွေး၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ သတ်မှတ်ချိန်အတွင်း ပြီးစီးစေရေး Time Frame ရေးဆွဲဆောင်ရွက်နေမှု၊ လုပ်ငန်းစတင် ဆောင်ရွက်ချိန်မှစ၍ ပြီးစီးသည့် အခြေအနေအထိ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့် မှတ်တမ်းဓာတ်ပုံများနှင့် ဆောင်ရွက်ဆဲ အခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များ အပေါ် ပြည် ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန အနေဖြင့် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများကို COVID-19 ကာလအတွင်း ကန့်သတ်ချက်များ ရှိခဲ့သော်လည်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်သည့် အနေအထားကို တွေ့ရှိရကြောင်း၊ တာဝန်ရှိသူများ အနေဖြင့် COVID-19 ကာလအတွင်း လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တို့၏ COVID-19 ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ တိတိကျကျလိုက်နာပြီး မိမိတို့ဒေသအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို စနစ်တကျ စဉ်ဆက်မပြတ် စစ်ဆေးကြပ်မတ်ဆောင်ရွက် သွားကြရန်၊ မိမိတို့ဝန်ကြီးဌာန၏ တည်ဆောက်ရေး လုပ်ငန်းများကို တာဝန်ယူ ပူးပေါင်း၊ တွဲဖက်လုပ်ကိုင်ဆောင်ရွက်လျက် ရှိသော ကုမ္ပဏီများ အနေဖြင့်လည်း နိုင်ငံတော် ခွင့်ပြုရန်ပုံငွေနှင့် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများ ပြည့်မီရေး၊ အချိန်မီပြီးစီးရေး တို့ကို အလေးထား ဆောင်ရွက်ပေးကြရန်၊ ဒေသခံပြည်သူများ အနေဖြင့်လည်း ယခုကဲ့သို့ဆောင်ရွက်ပေးခဲ့သည့် လုပ်ငန်းများပြီးစီးပါက ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ပူးပေါင်းပါဝင် ထိန်းသိမ်းဆောင်ရွက် သွားကြရန် မှာကြားခဲ့ပြီး လိုအပ်သည်များညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။