၂၀၂၁ ခုနှစ်အတွင်းကျင်းပမည့် အာရှအဆင့် ဘောလုံးပြိုင်ပွဲများနှင့် ပတ်သက်၍ ဒီဇင်ဘာ ၉ ရက်တွင် ပြုလုပ်မည့် AFC ကွန်ဂရက်၌ အတည်ပြု ဆုံးဖြတ်မည် ဖြစ်ကြောင်း အာရှဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်သည်။
အကြိမ် (၃၀) မြောက် AFC ကွန်ဂရက်တွင် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်မည်ဖြစ်ပြီး လာမည့်နှစ်အတွင်း ကျင်းပမည့် အာရှ
အဆင့်ပြိုင်ပွဲနှင့် ခြေစစ်ပွဲများ၏ ပွဲစဉ်များကို အပြီးသတ်ထုတ်ပြန်မည်ဖြစ်သည်။
အာရှဘောလုံး အဖွဲ့ချုပ်သည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲ၊ အာရှဖလား ယူ-၁၉ ပြိုင်ပွဲ၊ အာရှဖူဆယ်ပြိုင်ပွဲ၊ ၂၀၂၂ အာရှဖလား ယူ-၂၀ နှင့် ယူ-၁၇ အမျိုးသမီး ခြေစစ်ပွဲကျင်းပမည့် ကာလတို့ကို ထုတ်ပြန်ပြီးဖြစ်သော်လည်း COVID-19 ရောဂါအခြေအနေကြောင့် ပွဲစဉ်အတိအကျကို သတ်မှတ်နိုင်ခြင်း မရှိသေးပေ။
ထို့ပြင် ၂၀၂၁ ခုနှစ်အတွင်း ပြုလုပ်မည့် အာရှအဆင့် အမျိုးသမီးနှင့် သက်တမ်းအလိုက် လူငယ်ပြိုင်ပွဲတချို့ ကျင်းပမည့် ကာလကို အတိအကျ ထုတ်ပြန်နိုင်ခြင်း ရှိသေးပေ။ ထို့ကြောင့် အာရှဘောလုံးအဖွဲ့ချုပ် အနေဖြင့် ဒီဇင်ဘာ ၉ ရက်တွင် ကျင်းပမည့် AFC ကွန်ဂရက်၌ လာမည့်နှစ်အတွင်း ကျင်းပမည့် အာရှအဆင့် ပြိုင်ပွဲအားလုံးနှင့် ပတ်သက်၍ အတည်ပြု သတ်မှတ်မည် ဖြစ်သည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်အတွင်း ကျင်းပရန် စီစဉ်ထားသည့် ပြိုင်ပွဲများအနက် အနည်းငယ်ကိုသာ ကျင်းပနိုင်
ခဲ့ပြီး ပြိုင်ပွဲအများစုကို ရွှေ့ဆိုင်းခဲ့ရသည်။
အာရှဘောလုံးအဖွဲ့ချုပ်က ကျင်းပသည့် ပြိုင်ပွဲအများစုကို မြန်မာအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သော်လည်း လာမည့်နှစ်တွင် ဖူဆယ်ကလပ်နှင့် AFC Cup ကလပ်အသင်းပြိုင်ပွဲများမှ လွဲ၍ ကျန်ပြိုင်ပွဲများတွင် ခြေစစ်ပွဲအဆင့်မှ စတင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ကိုရဲ