လစ်လပ်နေသည့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် (MFF) လူငယ်ဘောလုံးဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်းများအတွက် နည်းစနစ် ဒါရိုက်တာရာထူး လျှောက်ထားသူများအနက် နယ်သာလန်၊ ဂျာမနီနှင့် သြစတြေးလျ နိုင်ငံသားသုံးဦးကို ပဏာမအဆင့်ရွေးချယ်ထားကြောင်း MFF တာဝန်ရှိသူတစ်ဦးက ပြောသည်။
MFF သည် နည်းစနစ်ဒါရိုက်တာ ဘယ်လ်ဂျီယံနိုင်ငံသား အဲရစ်နှင့် ပြီးခဲ့သည့် မေလက နှစ်ဦးသဘောတူလမ်းခွဲခဲ့သည်။ ထို့ကြောင့် ၎င်းနေရာ၌ သင့်လျော်မည့် ပြည်ပနည်းစနစ် ဒါရိုက်တာတစ်ဦးကို ပြန်လည်ခန့်အပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
ပြီးခဲ့တဲ့ နည်းစနစ်ကော်မတီ အစည်းအဝေးမှာ နည်းစနစ်ဒါရိုက်တာရာထူးအတွက် ပဏာမအဆင့် ရွေးချယ်ထားတဲ့ နည်းပြတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ နည်းစနစ်ဒါရိုက်တာရာထူးအတွက် ပြည်ပက လျှောက်ထားသူတွေ ထဲကနေ သုံးဦးကို ပဏာမအဆင့် ရွေးချယ်ထားတာပါ ဟု ၎င်းကပြောသည်။
အသစ်ခန့်အပ်မည့် နည်းစနစ်ဒါရိုက်တာအနေဖြင့် လူငယ်ဘောလုံးဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများနှင့် အမျိုးသား ဘောလုံး အကယ်ဒမီများကို အဓိကတာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်သည်။ MFF သည် လာမည့်နှစ်မှစ၍ လူငယ်ဘောလုံးအား ကစားဖွံ့ဖြိုးရေး စီမံကိန်းများကို တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က မြန်မာနိုင်ငံအတွက် ချမှတ်ရေးဆွဲထားသည့် FIFA Football for Schools အစီအစဉ်ကို အကောင် အထည်ဖော်မည် ဖြစ်သည်။
အဆိုပါ အစီအစဉ်သည် တစ်နိုင်ငံလုံးရှိ အမျိုးသား၊ အမျိုးသမီးလူငယ်များ ဘောလုံးကစားခွင့်ရရှိရန် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် MFF တို့ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
ကိုရဲ