အမိနိုင်ငံ၏ ကျေးဇူးတရားကိုသိပါ ပေးဆပ်ပါ

အမိနိုင်ငံ၏ ကျေးဇူးတရားကိုသိပါ ပေးဆပ်ပါ

ကျေးဇူးတရားနှင့်မြန်မာ့ယဉ်ကျေးမှု

မြန်မာ့ယဉ်ကျေးမှုသည် ကျေးဇူးတရားကို များစွာအလေးအနက် တန်ဖိုးထားသည်။ ကျေးဇူးတရား ပေးဆပ်ခြင်းကို မင်္ဂလာတစ်ပါးဟုသတ်မှတ်ပြီး ကျေးဇူးတရားပေးဆပ်သူကို သူတော်ကောင်းဟု အသိအမှတ်ပြုသည်။ မြန်မာ့ယဉ်ကျေးမှုတွင် ကျေးဇူးတရားနှင့်ပတ်သက်၍ ဝေါဟာရ အမျိုးမျိုး ရှိသည်။   ဥပမာ-ကျေးဇူးရှင်ဟူ၍ရှိသည်။ အဓိပ္ပာယ်မှာ မိမိဒုက္ခရောက်နေစဉ်တွင် မိမိအားကူညီ ကယ်ဆယ်ပေး သူသည် မိမိ၏ကျေးဇူးရှင်ပင် ဖြစ်သည်။ ကျေးဇူးစားဟူ၍ရှိသည်။ အဓိပ္ပာယ်မှာ တစ်ဖက်ပုဂ္ဂိုလ်၏ ကူညီစောင့်ရှောက်မှု အမျိုးမျိုးကို  လက်ခံရယူသူဖြစ်သည်။ ကျေးဇူးတရားဟူ၍ရှိသည်။

အဓိပ္ပာယ်မှာ မိမိဒုက္ခရောက်နေစဉ်တွင် တစ်ဖက်ပုဂ္ဂိုလ်မှပေးအပ်သော ကူညီစောင့်ရှောက်မှု အမျိုးမျိုး သည် ကျေးဇူးတရားပင်ဖြစ်သည်။ ကျေးဇူးသိခြင်းဟူ၍ရှိသည်။ အဓိပ္ပာယ်မှာ တစ်ဖက်ပုဂ္ဂိုလ်၏ ကူညီစောင့်ရှောက်မှုများကို မေ့ပျောက်မပစ်ဘဲ အမြဲအသိအမှတ်ပြု အောက်မေ့သတိရနေခြင်း ဖြစ် သည်။ ကျေးဇူးဆပ်ခြင်းဟူ၍ရှိသည်။ အဓိပ္ပာယ်မှာ မိမိအားကူညီစောင့်ရှောက်ခဲ့သည့် ကျေးဇူးရှင်အား    ပြန်လည်ကူညီစောင့်ရှောက်ပေးခြင်းဖြစ်သည်။ ကျေးဇူးပြုခြင်းဟူ၍ရှိသည်။ အဓိပ္ပာယ်မှာ တစ်ဖက်သား တွင် လိုအပ်နေသော အကူအညီအမျိုးမျိုးကို စိတ်ရင်းစေတနာမွန်ဖြင့် ကူညီစောင့်ရှောက်ပေးခြင်းသည် ကျေးဇူးပြုခြင်း သဘောဖြစ်သည်။

ကျေးဇူးရှင် ၆ မျိုး

ကျွန်ုပ်တို့ရိုသေ လေးစားတန်ဖိုးထားမြတ်နိုးရမည့် ကျေးဇူးရှင် ခြောက်မျိုးရှိသည်။ ပထမတစ်မျိုးမှာ မိမိအားမကောင်းမှု မှန်သမျှကို မကျူးလွန်စေဘဲ ကောင်းမှုမှန်သမျှကိုသာပြုမူစေရန် အမြဲသွန်သင် ဆုံးမနေသောဘုရား၊ တရား၊ သံဃာဟူသော ရတနာသုံးပါးဖြစ်သည်။ ဒုတိယမှာ မိမိအား ကျွေးမွေးပြုစု စောင့်ရှောက်မှုပေးနေသည့် မိဘနှစ်ပါးဖြစ်သည်။ တတိယမှာ မိမိအား အသိပညာ၊ အတတ်ပညာများကို သင်ကြားပေးသည့် မြတ်ဆရာဖြစ်သည်။ စတုတ္ထမှာ မိမိအားအကူအညီ အမျိုးမျိုးပေးနေသည့် ကလျာဏ မိတ်ဆွေကောင်းဖြစ်သည်။ ပဥ္စမမှာ မိမိအား အစဉ်အမြဲကာကွယ်စောင့်ရှောက်မှုပေးနေသည့် အမိနိုင်ငံတော်ဖြစ်သည်။ ဆဋ္ဌမမှာ မိမိ၏ အသက်ကိုကယ်တင်ခဲ့သည့် ကယ်တင်ရှင်ဖြစ်သည်။  ထို့ကြောင့်  ရတနာသုံးပါး၊ မိဘနှစ်ပါး၊ မြတ်ဆရာ၊ ကလျာဏမိတ်ဆွေ၊ အသက်ကယ်တင်ရှင်  အမိနိုင်ငံ တော် စသည်တို့သည် ကျေးဇူးရှင်ပုဂ္ဂိုလ်များဖြစ်ကြသည်။

ကျေးဇူးတရားအပေါ် မြတ်ဗုဒ္ဓ၏အဆုံးအမ

ကျေးဇူးတရားနှင့်ပတ်သက်၍ မြတ်ဗုဒ္ဓက သူ့ကျေးဇူးကိုသိတတ်ခြင်းသည် ကတညုတာ မင်္ဂလာ တစ်ပါး ဖြစ်သည်ဟု ဆုံးမထားသည်။ ကတဆိုသည်မှာ  မိမိအပေါ် သူတစ်ပါးကပြုဖူးသော ကျေးဇူးဟု အဓိပ္ပာယ်ရှိပြီး အညုတာသည် ပြန်လည်သတိရခြင်းဟူ၍ အဓိပ္ပာယ်ရသည်။ မြတ်ဗုဒ္ဓက ကျေးဇူး တရားနှင့် ပတ်သက်၍ ရခဲသူနှစ်ဦးရှိသည်ဟု ဆိုသည်။ ပထမတစ်ဦးမှာ ပုဗ္ဗကာရီဖြစ်သည်။ ရှေးဦးစွာ ကျေးဇူးပြုတတ်သူဟု အဓိပ္ပာယ်ရှိသည်။ ဒုတိယပုဂ္ဂိုလ်မှာ ကတညုတကတဝေဒီဖြစ်သည်။ သူ့ကျေးဇူး ကိုသိတတ်၊ ဖော်ထုတ်တတ်သူဟု အဓိပ္ပာယ်ရှိသည်။ ကျေးဇူးဆိုသည်မှာ များစွာရှိမှ ကျေးဇူးဟု ခေါ်ဆိုခြင်းမဟုတ်။ အနည်းငယ်မျှသော ကျေးဇူးသည်လည်း ကျေးဇူးတရားပင်ဖြစ်သည်။ ကျေးဇူးတရား များစွာရှိသည်။ ဥပမာ-အသက်ကယ်ခဲ့သော သူ့ကျေးဇူး၊ မွေးကျေးဇူး၊ ဥစ္စာပစ္စည်းကျေးဇူး၊ အသိပညာ ကျေးဇူး၊ နားခိုရာနေရာကျေးဇူး၊ အသိအလိမ္မာ ကျေးဇူးစသည်ဖြင့် ဖြစ်သည်။

ကျေးဇူးတရားပေးဆပ်ခြင်းဆိုသည်မှာ

အောက်ဖော်ပြပါ  အချက်များသည် ကျေးဇူးတရားပေးဆပ်ခြင်း၏ သဘောကို ဖော်ပြနေသော အချက် များ ဖြစ်ကြသည်။ မိမိအားကူညီစောင့်ရှောက်ခဲ့သူ၊  မိမိအသက်အားကယ်တင်ခဲ့သူကို မိမိ၏ ကျေးဇူးရှင် အဖြစ် အသိအမှတ်ပြုပြီး ရိုသေလေးစား၊ တန်ဖိုးထားမြတ်နိုးသည်။ မိမိ၏ကျေးဇူးရှင်ကို လောက ပတ်ဝန်းကျင်သိရှိစေရန် ဂုဏ်ယူစွာ ပြောကြားအသိပေးသည်။ မိမိအား မည်သို့မည်ပုံ ကူညီစောင့် ရှောက်ခဲ့ရပုံများကို မေ့ပျောက်မပစ်ဘဲ အမြဲအောက်မေ့သတိရသည်။ ဤသို့ အောက်မေ့သတိရပြီး မပျက်မကွက် ကျေးဇူးတရားပြန်လည် ပေးဆပ်သည်။ မိမိကျေးဇူးရှင်၏ ဘဝတည်ငြိမ်အေးချမ်းရေး၊ တိုးတက်အောင်မြင်ရေးကို ကူညီဆောင်ရွက်ပေးသည်။ မိမိ၏ ကျေးဇူးရှင်ကြုံတွေ့နေရသောပြဿနာ၊ အခက်အခဲ၊ အကျပ်အတည်း၊ အန္တရာယ်ရန်စွယ်များကို ဝင်ရောက်ဖြေရှင်းသည်။ ကာကွယ်စောင့်ရှောက် ပေးသည်။ မိမိကျေးဇူးရှင်၏ ဂုဏ်သတင်းကျော်ကြားလာစေရန် ကြိုးပမ်းသည်။ မိမိ၏ကျေးဇူးရှင် အပေါ် မည်သည့်ဂုဏ်တုဂုဏ်ပြိုင်မှုမျိုးကို မျှပြုလုပ်ခြင်းမရှိဘဲ ရိုသေလေးစားသမှု အမြဲပြုသည်။ မိမိကျေးဇူးရှင် အား ကောင်းကျိုးပြုရန်နှင့် ကာကွယ်စောင့်ရှောက်ပေးရန်ကို အမြဲနှလုံးသွင်း စဉ်းစားဆင်ခြင်သည်။ ဤအချက်များသည် ကျေးဇူးတရားပေးဆပ်ခြင်း၏ သဘောများဖြစ်သည်။

အမိနိုင်ငံအပေါ် ကျေးဇူးပေးဆပ်နေသူများ

ယခုအခါ အမိနိုင်ငံတော်၏ ကျေးဇူးတရားကို ပြန်လည်ပေးဆပ်နေသည့် ပုဂ္ဂိုလ်၊ အဖွဲ့အုပ်စုများ အမိနိုင်ငံတွင် အထင်အရှားရှိနေသည်။ ယင်းတို့၏ ကျေးဇူးပေးဆပ်ပုံ ပေးဆပ်နည်းလမ်းများကို ဖော်ပြ လိုသည်။ ပထမနည်းလမ်းမှာ အမိနိုင်ငံတော်အပေါ် ယုံကြည်လေးစားတန်ဖိုးထားမှု၊ သစ္စာစောင့်သိမှု ကြီးစွာထားရှိသည်။ ဒုတိယနည်းလမ်းမှာ မြင့်မြတ်သော ကိုယ်ကျင့်တရားကို လိုက်နာကျင့်သုံးသည်။ တတိယနည်းလမ်းမှာ မှန်ကန်သောဗဟုသုတ၊ မှန်ကန်သောအသိအမြင်များ အမိနိုင်ငံတော်အပေါ် ထားရှိသည်။ စတုတ္ထနည်းလမ်းမှာ အမိနိုင်ငံအပေါ် ရယူလိုသူ အခွင့်အရေးသမားအဖြစ် မရပ်တည်ဘဲ အမိနိုင်ငံအတွက် မိမိကိုယ်ကျိုးမှန်သမျှကို စွန့်လွှတ်အနစ်နာခံသူအဖြစ် ရပ်တည်သည်။ ပဉ္စမနည်း လမ်းမှာ အမိနိုင်ငံ၏ အရေးကိစ္စများကို လောဘ၊ ဒေါသ၊ မာန်မာနဖြင့်မဆုံးဖြတ်ဘဲ ပညာတည်းဟူသော အလင်းရောင်ဖြင့် ဆင်ခြင်ဆုံးဖြတ်ဆောင်ရွက်သည်။ ဆဋ္ဌမနည်းလမ်းမှာ မိမိ၏စိတ်ဆန္ဒရိုင်းများကို သတိတရားဖြင့် ထိန်းချုပ်ပြီး အမိနိုင်ငံအပေါ် အမှားဟူသရွေ့ လုံးဝမပြုလုပ်ဘဲ အမှန်ဟူသမျှကို မပျက်မကွက် ပြုလုပ်သည်။ သတ္တမနည်းလမ်းမှာ အမိနိုင်ငံမှ ပေးအပ်သော အမိန့်နှင့်တာဝန်များကို ပြီးမြောက် အောင်မြင်သည်အထိ ကြီးစွာသော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးပမ်းဆောင်ရွက်သည်။ အဋ္ဌမနည်းလမ်းမှာ မကောင်းမှုကျူးလွန်ရမည်ကို ရှက်သည့်စိတ်မွေးမြူပြီး အမိနိုင်ငံအပေါ် မည်သည့် မကောင်းမှုမျိုးကို မျှမပြုလုပ်ဘဲ ရှောင်ကြဉ်သည်။ နဝမနည်းလမ်းမှာ မကောင်းမှုပြုလုပ်ရမည်ကို ကြောက်သည့် စိတ်မွေးမြူပြီး အမိနိုင်ငံအပေါ်  မည်သည့်မကောင်းမှုမျိုးကိုမျှ မပြုလုပ်ဘဲ ရှောင်ကြဉ် သည်။ ဤသို့ အမိနိုင်ငံအပေါ် ကျေးဇူးတရားပေးဆပ်နေမှုကြောင့် ရရှိလာသည့် အကျိုးတရားမှာ     ကျွန်ုပ်တို့၏ အမိနိုင်ငံတည်ငြိမ်အေးချမ်း တိုးတက်သာယာလာခြင်းပင် ဖြစ်သည်။

ကျေးဇူးကန်းခြင်းဆိုသည်မှာ

အောက်ဖော်ပြပါ  အချက်များသည် ကျေးဇူးကန်းခြင်း၏သဘောကို ဖော်ပြနေသော အချက်များဖြစ်ကြ သည်။ မိမိအား ကူညီစောင့်ရှောက်ခဲ့သူ၊ မိမိအသက်အားကယ်တင်ခဲ့သူကို ကျေးဇူးရှင်အဖြစ် သဘော မထားဘဲ မိမိ၏ပြိုင်ဘက်၊ မိမိ၏ရန်သူကဲ့သို့ သဘောထားသည်။ မိမိ၏ကျေးဇူးရှင်ကို လောက ပတ်ဝန်းကျင်က မသိရှိစေရန်အတွက် နည်းလမ်းမျိုးစုံဖြင့် လိမ်ညာဖုံးကွယ်သည်။ ဘေးအန္တရာယ် တစ်ခုအတွင်း မိမိကျရောက်နေစဉ်အခါက မိမိအား ကာကွယ်စောင့်ရှောက်ကူညီခဲ့သည်များကို မေ့ပျောက်ပစ်သည်။ မိမိကျေးဇူးရှင်၏ဘဝ ထိခိုက်ပျက်ပြားရေးကိုသာ အမြဲစဉ်းစားတွေးခေါ်ပြီး  အမှန်တကယ် လက်တွေ့တိုက်ခိုက်ဖျက်ဆီးသည်။ မိမိကျေးဇူးရှင်၏ဘဝ ထိခိုက်ဆုတ်ယုတ်နေစေရန် အတွက် ပြဿနာ၊ အခက်အခဲ၊ အကျပ်အတည်း၊ အန္တရာယ်အမျိုးမျိုးကို ဖန်တီးသည်။ မိမိကျေးဇူးရှင်၏ ဂုဏ်သတင်းညှိုးနွမ်းသွားစေရန်အတွက် ကောက်ကျစ်သော ပရိယာယ်အမျိုးမျိုး အသုံးပြုပြီး နှိမ့်ချ သည်။ မိမိ၏ကျေးဇူးရှင်အပေါ် ဂုဏ်တုဂုဏ်ပြိုင်မှု အမျိုးမျိုးကို ရှက်ဖွယ်ကောင်းစွာ ပြုလုပ်သည်။ မိမိကျေးဇူးရှင်အပေါ် စောင့်သိရမည့်သစ္စာ၊ လိုက်နာရမည့် ကျင့်ဝတ်မှန်သမျှကို လုံးဝမျက်ကွယ်ပြုပြီး သစ္စာမဲ့မှုအမျိုးမျိုး၊ ကျင့်ဝတ်ဖောက်ဖျက်မှု အမျိုးမျိုးကို အရှက်အကြောက်တရားကင်းမဲ့စွာ ကျူးလွန် သည်။ ဤအချက်များသည် ကျေးဇူးကန်းခြင်း၏ သဘောများဖြစ်သည်။

အမိနိုင်ငံအပေါ် ကျေးဇူးကန်းနေကြသူများ

ယခုအခါ အမိနိုင်ငံတော်၏ ကျေးဇူးတရားများကို ရှက်ဖွယ်ကောင်းစွာ ကျေးဇူးကန်းနေကြသော သူယုတ်မာပုဂ္ဂိုလ်၊ သူယုတ်မာအဖွဲ့၊ သူယုတ်မာအုပ်စုများ အထင်အရှားရှိနေသည်။ အမိနိုင်ငံတော် အပေါ် ယင်းတို့၏ ကျေးဇူးကန်းပုံ၊ ကျေးဇူးကန်းနည်းများကို ဖော်ပြလိုသည်။ ပထမနည်းလမ်းမှာ အမိနိုင်ငံအပေါ် ယုံကြည်မှု၊ လေးစားတန်ဖိုးထားမှု၊ သစ္စာစောင့်သိမှုမရှိဘဲ ပြည်ပနိုင်ငံ၊ ပြည်ပ အင်အားစုများ အပေါ်ကိုသာ ယုံကြည်သည်။ လေးစားတန်ဖိုးထားသည်။ သစ္စာစောင့်သိသည်။ ဒုတိယ နည်းလမ်းမှာ နိမ့်ကျသော ကိုယ်ကျင့်တရားကို ကျင့်သုံးသည်။ တတိယနည်းလမ်းမှာ လွဲမှားသော ဗဟုသုတ၊ လွဲမှားသော အသိအမြင်များကိုအခြေခံပြီး အမိနိုင်ငံအပေါ် အမှားအမျိုးမျိုးကိုကျူးလွန်သည်။ စတုတ္ထနည်းလမ်းမှာ အမိနိုင်ငံထံမှ အခွင့်အရေးအမျိုးမျိုး ရယူလိုသူအဖြစ် ရပ်တည်ပြီး မိမိအတ္တ ကောင်းကျိုးအတွက် အမိနိုင်ငံကို အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် အသုံးချစတေးသည်။ ပဉ္စမနည်းလမ်း မှာ အမိနိုင်ငံ၏ အရေးကိစ္စများကို ပညာတည်းဟူသော အလင်းရောင်ဖြင့်မဆုံးဖြတ်ဘဲ လောဘ၊ ဒေါသ၊ မာန်မာနများဖြင့် ဆင်ခြင်ဆုံးဖြတ် ဆောင်ရွက်သည်။ ဆဋ္ဌမနည်းလမ်းမှာ သတိတရားကင်းလွတ်စွာဖြင့် အမိနိုင်ငံအပေါ်   လိမ်ညာလှည့်စားမှု အမျိုးမျိုးပြုလုပ်ပြီး တိုက်ခိုက်ဖျက်ဆီးသည်။ သတ္တမနည်းလမ်းမှာ အမိနိုင်ငံမှ ပေးအပ်သော အမိန့်နှင့်လုပ်ငန်းတာဝန်များ ထိခိုက်ဆုံးရှုံးမှု၊ မအောင်မြင်မှုများ ဖြစ်ပေါ် စေရန်ရည်ရွယ်ပြီး ပေါ့ဆစွာပြီး စလွယ်ဆောင်ရွက်သည်။ အဋ္ဌမနည်းလမ်းမှာ မကောင်းမှု ကျူးလွန် ရမည်ကို မရှက်သည့်စိတ်မွေးမြူပြီး အမိနိုင်ငံအပေါ် မကောင်းမှု အမျိုးမျိုးကျူးလွန်သည်။ နဝမနည်း လမ်းမှာ မကောင်းမှုကျူးလွန်ရမည်ကို မကြောက်သည့်စိတ်မွေးမြူပြီး အမိနိုင်ငံတော်အပေါ် မကောင်းမှု အမျိုးမျိုးကို ကျူးလွန်သည်။ ဤသို့ အမိနိုင်ငံအပေါ် ကျေးဇူးအမျိုးမျိုး ကန်းနေကြမှုကြောင့် ဖြစ်ပေါ် ရရှိလာသည့်ဆိုးကျိုးမှာ ကျွန်ုပ်တို့၏ အမိနိုင်ငံအနေဖြင့် ထိခိုက်ဆုတ်ယုတ်မှုနှင့် ပူလောင်မှုအမျိုးမျိုး ဖြစ်ပေါ် ခံစားလာရခြင်းပင် ဖြစ်သည်။

ကျေးဇူးတရားပေးဆပ်မှ အမိနိုင်ငံသာယာမည်

ကျွန်ုပ်တို့သည် အမိနိုင်ငံအပေါ်တွင် မှီခိုနေထိုင်ကြရသည်။ အမိနိုင်ငံ၏ ကျေးဇူးတရားများ ကျွန်ုပ်တို့ အပေါ်တွင် များစွာရှိသည်။ ယင်းကျေးဇူးတရားများကို ကျွန်ုပ်တို့ပေးဆပ်နေကြမှသာ အမိနိုင်ငံ တည်ငြိမ် အေးချမ်းတိုးတက် သာယာမည်။ အမိနိုင်ငံ တည်ငြိမ်အေးချမ်း တိုးတက်သာယာပြီဆိုသည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်တို့ နိုင်ငံသားများ၏ ဘဝသည်လည်း တည်ငြိမ်အေးချမ်းတိုးတက်သာယာမည်။ အကယ်၍ ကျွန်ုပ်တို့နိုင်ငံသားများ အမိနိုင်ငံအပေါ် ကျေးဇူးကန်းနေကြပါက အမိနိုင်ငံထိခိုက် ဆုတ်ယုတ်ပြီး ပူလောင်မှုအမျိုးမျိုး ဖြစ်ပေါ်လာမည်။ အမိနိုင်ငံထိခိုက်ဆုတ်ယုတ်ပြီး ပူလောင်မှုအမျိုးမျိုး ဖြစ်ပေါ်လာပြီဆိုသည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်တို့နိုင်ငံသားများ၏ ဘဝသည်လည်း  ထိခိုက်ဆုတ်ယုတ် ပြီး ပူလောင်မှုအမျိုးမျိုးကို မလွဲမသွေခံစားကြရသည်။ ဤအချက်ကို အလေးအနက်ဆင်ခြင်ပြီး အမိနိုင်ငံ တည်ငြိမ်အေးချမ်း တိုးတက်သာယာရေးကို အစဉ်ကြိုးပမ်း ဆောင်ရွက်နေကြမည်။ အမိနိုင်ငံ တည်ငြိမ် အေးချမ်းတိုးတက်သာယာရေးအတွက် ကျွန်ုပ်တို့၏တာဝန်မှာ အမိနိုင်ငံ၏ ကျေးဇူးတရားများကို ပြန်လည် ပေးဆပ်နေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့နိုင်ငံသားများအားလုံး အမိနိုင်ငံ၏     ကျေးဇူး တရားများကို သိလည်းသိ၊ သိသည့်အတိုင်းလည်း ပေးဆပ်နေကြရမည်ဖြစ်ပါကြောင်း တင်ပြ အပ်ပါသည်။  ။

ကျော်ကျော်သန်း(မဟာဝိဇ္ဇာ)