MNL ပြိုင်ပွဲတွင် ရတနာပုံအက်ဖ်စီအသင်းက မဟာယူနိုက်တက်အသင်းကို အနိုင်ရရှိ
ရန်ကုန် ဇူလိုင် ၁၂
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂)အဖြစ် ယနေ့ညနေ ၃နာရီခွဲတွင် ရန်ကုန်မြို့ YUSC အားကစား ကွင်း၌ ရတနာပုံအက်ဖ်စီအသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ အပြန်အလှန် သွင်းဂိုး များနှင့်အတူ ရတနာပုံအက်ဖ်စီအသင်းက ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက အပြန်အလှန်ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ကာ ပွဲချိန် ၃၅ မိနစ်တွင် ကျော်စွာမင်းက မဟာယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီးသော်လည်း ပထမပိုင်း ပွဲချိန် ၄၅ မိနစ်အပြီး အချိန်ပို နှစ်မိနစ်တွင် စိုးမင်းဦးက ရတနာပုံအက်ဖ်စီအသင်းအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ပထမပိုင်းအပြီးတွင် တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့သည်။
ထို့နောက် ဒုတိယပိုင်းပြန်လည် စတင်ချိန်တွင်လည်း နှစ်သင်းလုံးတိုက်စစ်မြှင့်ပြီး အပြန်အလှန် ဖိအားပေး ကစားခဲ့ကာ ပွဲချိန် ၅၃ မိနစ်တွင် တီငြိမ်မင်းက ရတနာပုံအက်ဖ်စီအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ၄ မိနစ်အကြာ ပွဲချိန် ၅၆ မိနစ်တွင် ပက်ထရစ်က မဟာယူနိုက်တက်အသင်းအတွက် ချေပဂိုး ပြန်လည်သွင်းယူ နိုင်ခဲ့သည်။ ဆက်လက်ပြီး ပွဲပြီးဆုံးခါနီးတွင် ရတနာပုံအက်ဖ်စီအသင်း ပြန်လည်ဖိအားပေး ကစားခဲ့ရာမှ ပွဲချိန် ၇၉ မိနစ်တွင် မိုးဆွေက ရတနာပုံအက်ဖ်စီအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် ရတနာပုံအက်ဖ်စီအသင်းက မဟာယူနိုက်တက် အသင်းကို ၃ ဂိုး ၂ ဂိုး ဖြင့်အနိုင်ရရှိခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂)အဖြစ် ဇူလိုင်လ ၁၃ ရက် ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ YUSC အားကစားကွင်း၌ ရန်ကုန်ယူနိုက် တက်အသင်းနှင့် မြဝတီအက်ဖ်စီအသင်း၊ ညနေ ၄နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် ISPE အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ဆက်လက် ကစားသွား မည် ဖြစ်ကြောင်း သိရသည်။
စည်သူအောင်