နမ့်စန်မြို့နယ်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ တရားခံများ ဖမ်းဆီးရမိ

နမ့်စန်မြို့နယ်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ တရားခံများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင်လ ၁၃ ရက်

              ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်အတွင်းမှ တရားမဝင် လက်နက်/ ခဲယမ်းများအား ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းသို့  သယ်ဆောင်ရန်ရှိကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ ပူးပေါင်းစစ်ဆေးဆောင်ရွက်မှုများကြောင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် နမ့်စန်မြို့နယ်၊ မတ်ကျန်းကျေးရွာအနီး နားရိုင်းကျေးရွာလမ်းခွဲ၌ မတ်ကျန်း ကျေးရွာဘက်မှ မောင်းနှင်လာသည့် ယာဉ်အမှတ်၊ 2K-7178 VIGO (အနက်ရောင်) ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ RCSS/SSA အဖွဲ့မှ စုမှူးအဆင့်ရှိ စိုင်းနွံမိန်း(၂၅)နှစ်၊ တပ်သားအဆင့်ရှိသူများဖြစ်သည့် စိုင်းဆု(ခ)ဆုဇေယျ(၃၁)နှစ်၊ စိုင်းကောင်(၂၆)နှစ်၊ ဘိုဘိုဟန်(၂၃)နှစ်နှင့် စိုင်းနွံလှိုင်း(၂၆)နှစ်တို့ ၅ ဦးအား KIA အဖွဲ့မှထုတ်လုပ်သည့် KA (၄၀ မမ တွဲ)၅ လက်၊ ၄၀ မမဆုံလည်(၆ လုံးတွဲ) ၅  လက်၊ ၄၀ မမ ၁ လုံးထိုး ၅ လက်၊ ၇.၆၂ ကျည် ၄၃,၇၆၅ တောင့်၊ ၄၀ မမ ဗုံးသီး ၄၅၀ လုံး၊ KA ကျည်အိမ် ၁၅ ခု၊ လွယ်ကြိုး ၁၅ ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

              ဖြစ်စဉ်တွင် တရားခံ ကျား ၅ ဦးနှင့်အတူ လက်နက်ငယ်မျိုးစုံ ၁၅ လက်၊ ကျည်မျိုးစုံ ၄၃,၇၆၅ တောင့်၊ ဗုံးသီးမျိုးစုံ ၄၅၀ ခု၊ ကျည်အိမ်မျိုးစုံ ၁၅ ခု၊ လွယ်ကြိုး ၁၅ ချောင်းတို့အား သိမ်းဆည်းရမိခဲ့သည်။

              ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ စိုင်းနွံမိန်းမှာ RCSS/SSA အဖွဲ့၊ တပ်မဟာ(၇၅၉)မှ စုမှူးအဆင့်ရှိသူဖြစ်ပြီး ကျန်တရားခံ ၄ ဦးမှာ တပ်သားအဆင့်ရှိသူ များဖြစ်ကြောင်း၊ ဖမ်းဆီးရမိ လက်နက်/ခဲယမ်းများအား ဇူလိုင်လ ၁၂ ရက် နံနက်ပိုင်း တွင် နားရိုင်းကျေးရွာလမ်းခွဲ၌ PNLA အဖွဲ့ဝင် သထိုထံမှ လက်ခံရယူ၍ PNLA အဖွဲ့နှင့် ချိတ်ဆက်ထားသည့် ကယားပြည်နယ်အတွင်းရှိ KNPP၊ KNDF အဖွဲ့များထံသို့ လည်းကောင်း၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်၌ လှုပ်ရှားလျက်ရှိသည့် KNLA အဖွဲ့ထံသို့လည်းကောင်း ပို့ဆောင်ပေးရန်အတွက် သယ်ဆောင်လာစဉ် ဖမ်းဆီး ခံရခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

              ဖြစ်စဉ်တွင် ဖမ်းဆီးရမိသည့် လက်နက်/ခဲယမ်းများမှာ KIA လက်နက်ကိုင် အဖွဲ့မှ ထုတ်လုပ်သည့် လက်နက်/ခဲယမ်းများဖြစ်ကြောင်း စိစစ်တွေ့ရှိရပြီး KIA လက်နက်ကိုင် သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာ ထားသော PDF အမည်ခံအကြမ်းဖက်အဖွဲ့များထံသို့လည်းကောင်း၊ အခြားလက်နက်ကိုင် သောင်းကျန်းသူအဖွဲ့များထံသို့လည်းကောင်း လက်နက်/ခဲယမ်းနှင့် ဖောက်ခွဲရေး ပစ္စည်းများအား ထောက်ပံ့ကူညီခြင်း၊ ရောင်းချပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် အကြမ်းဖက်အဖွဲ့များနှင့် လက်နက်ကိုင်သောင်းကျန်းသူ များမှ အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင် လမ်း၊ တံတား၊ အဆောက်အဦများအား ဖောက်ခွဲဖျက်ဆီးခြင်းများ ဆောင်ရွက်ရာတွင် အားပေးကူညီလျက် ရှိကြောင်း ဖော်ထုတ်တွေ့ရှိရသည်။

              သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုလုပ်ငန်း ဆောင်ရွက် နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ် တရားခံများအား အမြန်ဆုံးဆက်လက်ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

Dates: 
Saturday, July 13, 2024 - 16:21