မိုးရာသီနှင့် အရေပြားရောဂါ
ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်သော အရေပြားယားနာ ဖြစ်ပွားခြင်းမှကာကွယ်ရန်
ခြင်ကိုက်ခံရခြင်းကြောင့် ခြင်ကိုက်ဖုလေးများကို ကုတ်ဖဲ့ရင်း လက်မှတစ်ဆင့်ပိုးဝင်ပြီး အရေပြားရောဂါများ ဖြစ်ပေါ်လာသည်။ ထို့ကြောင့် ကလေးများ ခြင်ကိုက်မခံရအောင် ခြင်ထောင်ဖြင့် သိပ်သင့်သည်။ နေ့ဘက်တွင်လည်း အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် များဝတ်ဆင်ပေးသင့်ပြီး လိုအပ်ပါက ခြင်မကိုက်စေသော လိမ်းဆေးခရင်မ် လိမ်းပေးသင့်သည်။ ခြင်ကိုက်ဖုလေးများကို ခပ်ကြမ်းကြမ်းမကုတ်သင့်ဘဲ အယားပြေအောင် သနပ်ခါး ထူထူလိမ်းပါ သို့မဟုတ် သနပ်ခါးထဲ ဆားရည်ကြည် အနည်းငယ်ထည့် လိမ်းပေးပါ။
ရေစီးရေလာကောင်းပြီး ခြင်မပေါက်ပွားစေရန် ရေဆိုးမြောင်းများ ရှင်းလင်းခြင်း၊ လေဝင်လေထွက် ကောင်းမွန်ပြီး ခြင်များမခိုအောင်းနိုင်အောင် အိမ်တွင်း၊ အိမ်ပြင်သန့်ရှင်းရေးပြုလုပ်ခြင်း၊ ချုံနွယ်များ ရှင်းလင်းခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းတို့ ပြုလုပ် သင့်သည်။
မသန့်ရှင်းသော ရေများအတွင်း သွားလာမှုများကြောင့်ဖြစ်သော အရေပြားယားနာရောဂါမှ ကာကွယ်ရန် မိုးရာသီတွင် ကလေးများ ပွေး၊ ဝဲစို၊ ဝဲခြောက်၊ ရေဝဲ၊ သဲဝဲ၊ ညှင်း၊ နှင်းခူ စသည့်အရေပြားရောဂါများ အဖြစ်များသည်။ ထို့အတူ အပြင်မှပြန်လာပြီးတိုင်း ခြေလက်ဆေးကြောသန့်ရှင်းမှုအားနည်းသော လူကြီး များတွင်လည်း အလားတူ အရေပြားယားနာများဖြစ် လာနိုင်သည်။ သွေးမသန့်၍ အရေပြားမှိုစွဲလေ့ရှိသူ များတွင်လည်း မိုးရာသီ၏စိုထိုင်းဆမြင့်မားမှုကြောင့် လက်ချောင်းများ သို့မဟုတ် ခန္ဓာကိုယ်အနှံ့ ယားနာဖြစ်တတ်သည်။ အထူးသဖြင့် မသန့်ရှင်းသော ဗွက်ရေ၊ နုန်းရေများ ထိတွေ့နေရသူများနှင့် မသန့်ရှင်းသော ရေမြောင်းများ၌ ဆော့ကစားလေ့ရှိသည့် ကလေးငယ်များတွင် အများဆုံး ဖြစ်ပွားကြသည်။
ရေဝဲ၊ သဲဝဲဖြစ်ခြင်းမှ ကြိုတင်ကာကွယ်သည့်အနေ ဖြင့် ကတ္တီပါဖိနပ်များစီးခြင်းကို ရှောင်ကြဉ်ပါ။ မိုးတွင်း စီးဖိနပ်ကိုသာစီးပါ။
ယားနာများဖြစ်ပွားခြင်းမှ ကာကွယ်ရန်
ရာသီဥတုစိုစွတ်သော မိုးရာသီတွင် လျှော်ဖွပ်ထားသောအဝတ်များ အလွယ်တကူ မခြောက်နိုင်သကဲ့သို့ လျှော်ဖွပ်၍ သေတ္တာ၊ ဗီရိုများအတွင်း သိမ်းဆည်းထားသော အဝတ်အစားများမှာလည်း အစိုပြန်ခြင်း၊ ဖားဥစွဲခြင်းနှင့် မှိုတက်ခြင်းများ ဖြစ်ပွားနိုင်သည်။
အဆိုပါ စိုထိုင်းထိုင်း အဝတ်အစားများနှင့် မှိုစွဲ နေသောအဝတ်အစားများကို ဝတ်ဆင်မိသူများအနေဖြင့် အရေပြား ယားယံခြင်းများနှင့် ယားနာရောဂါများ ဖြစ်ပွားနိုင်သည်။ ယားနာများဖြစ်ပွားပါက ပျောက်ကင်းအောင်ကုသရန် ခက်ခဲနိုင်သကဲ့သို့ ပျောက်ကင်းသွားပါကလည်း ထပ်မံဖြစ်ပွားရန် အလွန်
လွယ်ကူသဖြင့် ယားနာရောဂါနှင့်ပတ်သက်၍ အရေပြားယားနာများမဖြစ်ပွားစေရေး ဆောင်ရန်၊ ရှောင်ရန်များကို ဖော်ပြပေးလိုပါသည်။
• လျှော်ဖွပ်ပြီးအဝတ်များကို ခြောက်သွေ့အောင်နေလှန်းပြီး မီးပူသေချာတိုက်ပြီးမှ ဝတ်ဆင်ပါ။
• အိပ်ရာခင်း၊ ခေါင်းအုံးစွပ်၊ ဖက်လုံးစွပ်၊ မျက်နှာ သုတ်ပဝါ စသည်တို့ကို အစိုပြန်ခြင်းမရှိဘဲ ခြောက် သွေ့အောင်ထားပါ။ အနည်းဆုံး တစ်လလျှင်နှစ်ကြိမ် ခန့် လျှော်ဖွပ်ပေးပါ။
• သေတ္တာ၊ ဗီရိုများအတွင်း အချိန်ကြာမြင့်စွာ ထည့်သွင်းသိမ်းဆည်းထားသော အဝတ်များကို အစိုပြန်နေခြင်း ရှိ၊ မရှိ မကြာမကြာထုတ်ကြည့်၍ လိုအပ်ပါက ထပ်မံလျှော်ဖွပ်ပြီးမှ ဝတ်ဆင်ပါ။
• သေတ္တာ၊ ဗီရိုများအတွင်း မှိုနံ့မထွက်စေရန်နှင့် ရေငွေ့ခိုအောင်းနေခြင်းမရှိစေရန် လုံခြုံအောင်ပိတ်ထားပါ။ ပရုတ်လုံးများ၊ အမွှေးခဲများ သို့မဟုတ် ရေငွေ့စုပ်သည့် Silicon အထုပ်ငယ်လေးများ ထည့်သွင်းပေးထားပါ။
• အသစ်ဝယ်ယူလာသော အဝတ်များကိုလည်း သေသေချာချာလျှော်ဖွပ်၊ မီးပူတိုက်ပြီးမှ ဝတ်ဆင်ပါ။
• ကလေး၊ လူကြီး မည်သူမဆို အပြင်မှပြန်လာ တိုင်း ခြေ၊ လက်များကို ဆပ်ပြာဖြင့်ဆေး၍ အဝတ်ခြောက်ဖြင့် ခြောက်သွေ့အောင်သုတ်ပေးပါ။
• အတွင်းခံအဝတ်များကို နေ့စဉ် အသစ်လဲဝတ်ခြင်း၊ ခြေအိတ်များကို အစိုပြန်ခြင်းမရှိစေရန် တစ်ရက်လျှင် တစ်စုံခန့် အလဲအလှယ်ဖြင့် အသုံးပြု ပေးပါ။ မျှဝေသုံးစွဲခြင်းကို အထူးဂရုပြုရှောင်ကြဉ်ပါ။
• ညအိပ်ရာဝင်ခါနီးတိုင်း ခြေဆေး၍ ခြောက် အောင်သုတ်ပြီးမှအိပ်တတ်သည့် အလေ့အကျင့်ကောင်း ပြုလုပ်ထားပါ။
• မြစ်များ၊ ချောင်းများတွင် ရေကူးတတ်သူများ အနေဖြင့်လည်း ရေကြည်၊ ရေသန့်ဖြင့် ရေပြန်ချိုး တတ်သည့်အကျင့် ပြုလုပ်ထားပါ။
• အရေပြားယားနာများသည် အလွယ်တကူ ဖြစ်ပွားနိုင်သော်လည်း အရှင်းပျောက်ရန်ခက်ခဲသဖြင့် ဖြစ်ပွားလာပါက ဆရာဝန်နှင့်ပြသ၍ ကုသမှုခံယူပါ။
မိုးရာသီတွင် အသားအရေထိန်းသိမ်းနည်း
• မျက်နှာအသားအရေပေါ်တွင် ဝက်ခြံပေါက်လေ့ ရှိသူများသည် တခြားရာသီထက် မိုးရာသီတွင် ပိုမိုဖြစ်ပေါ်လေ့ရှိသည်။ ပတ်ဝန်းကျင်လေထု၏ စွတ်စိုထိုင်းမှိုင်းမှုကြောင့် ဝက်ခြံဖြစ်ပေါ်စေသည့် ဗက်တီးရီးယားများ အလွယ်တကူပေါက်ပွားနိုင်သည်။
ထို့ကြောင့် မျက်နှာကို အနည်းဆုံး တစ်ရက်လျှင်နှစ်ကြိမ် သေသေချာချာဆေးကြောသန့်စင်ခြင်း၊ ရေများများသောက်ခြင်းပြုလုပ်သင့်ပြီး မျက်နှာသုတ်ပဝါကို မျှဝေသုံးစွဲခြင်း မပြုလုပ်သင့်ပေ။
• ပတ်ဝန်းကျင်ရာသီဥတု၏စိုစွတ်မှုသည် အရေပြား ပေါ်တွင် မှိုစွဲကပ်မှုနှင့် ခြေသည်း၊ လက်သည်းများတွင် ဗက်တီးရီးယား ခိုအောင်းမှုကို ဖြစ်ပေါ်စေနိုင်သောကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူး ဂရုစိုက်သင့်သည်။ မိမိခန္ဓာကိုယ်အတွက် အလွန်ကျပ် သောအဝတ်များသည် ခန္ဓာကိုယ်ပေါ်က ချွေးနှင့် ပြင်ပက စိုစွတ်မှုကြောင့် အသားအရေ ယားယံခြင်းကို ဖြစ်ပေါ်စေနိုင်သဖြင့် ပွပွချောင်ချောင် အဝတ်မျိုးကို ရွေးချယ်သင့်သည်။
• မိုးရာသီတွင်အဖြစ်များသည့် နောက်ထပ် အရေပြားပြဿနာတစ်ခုက ဦးရေပြားယားယံခြင်း ဖြစ်သည်။ လေထဲက အစိုဓာတ်များနှင့် မိုးရေထဲ ထီး၊ ဦးထုပ်မပါဘဲသွားလာ၍ စိုစွတ်မှုကြောင့် ဦးရေပြားယားယံခြင်း ဖြစ်ပေါ်လာပါက သံပရာရည် အနည်းငယ်ကို ဂွမ်းစနှင့်ဆွတ်ပြီး ဦးရေပြားအနှံ့ လိမ်းပေးခြင်းက ယားယံခြင်းကို သက်သာစေနိုင် သကဲ့သို့ ခေါင်းချွေးနံ့နံခြင်းကိုလည်း ပျောက်ကင်းစေနိုင်သည်။
• မုတ်သုံကာလတွင် မိုးအုံ့နေသဖြင့် Sunscreen လိမ်းရန် လိုအပ်သည်။ မုတ်သုံကာလတွင် နေရောင်ခြည်က ယခင်လောက်မပူပြင်းသော်လည်း ခရမ်းလွန်ရောင်ခြည်က ထိုးဖောက်နေဆဲဖြစ်၍ အသားအရေမပျက်စီးအောင် Sunscreen အသုံးပြုသင့်သည်။
မိုးရာသီတွင် ခြေထောက်ကိုဂရုစိုက်ပါ
မိုးရာသီရောက်လျှင် ခြေထောက်များကို ပြဿနာအပေးဆုံးက ရေဝဲ၊ သဲဝဲများဖြစ်သည်။ အထူးသဖြင့် ရေစပ်စပ်တွင် အလုပ်လုပ်ကိုင်ကြရသော အလုပ်သမားများ၊ ရှူးဖိနပ်များ၊ ခြေအိတ်များကို အချိန်ကြာမြင့်စွာ ဝတ်ဆင်ထားရသူများနှင့် တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းသည့်ကလေးငယ်များတွင် ရေဝဲ၊ သဲဝဲများ အလွယ်တကူဖြစ်ပွားနိုင်သည်။ ဖြစ်ပွားလာလျှင်လည်း အလွန်ယားယံခြင်းနှင့်အတူ ကောင်းစွာ ကုသမှုမခံယူလျှင် ပိုဆိုးလာပြီး နာကျင်ခြင်းများပါ ခံစားရနိုင်သည်။
• မိုးရေထဲလျှောက်သွားသည့်အခါ ခြေသည်း၊ လက်သည်းများနှင့် ခြေချောင်းများကြားတွင် မှိုစွဲပြီး သဲဝဲစားခြင်း ဖြစ်ပေါ်နိုင်၍ မိုးရေထဲမှ အိမ်ပြန် ရောက်တိုင်း ခြေထောက်များကို သေချာစွာ ဆေးကြောပေးသင့်သည်။
• ရေချိုးခါနီးအချိန်တွင် ရေခပ်နွေးနွေးထဲကို သံပရာရည်အနည်းငယ်ညှစ်ထည့်ပြီး ခြေထောက် ထည့်စိမ်ကာ သန့်ရှင်းရေးပြုလုပ်ပေးခြင်းက ခြေထောက်အနံ့ဆိုးထွက်ခြင်းကို ကာကွယ်ပေးနိုင်သည့်အပြင် ခြေထောက်တွင် ကပ်ငြိနေသည့် ဗက်တီးရီးယားပိုးမွှားများကို သေစေနိုင်သည်။ (သံပရာရည် အလွယ်တကူမရနိုင်ပါက ဆား သို့မဟုတ် ရှလကာရည်သုံးပါ)
• စိုစွတ်ထိုင်းမှိုင်းသည့်မိုးရာသီတွင် ခြေသည်းတိုတိုညှပ်ထားခြင်းက ခြေသည်းအတွင်းပိုးဝင်ခြင်းကို ကာကွယ် ပေးနိုင်သကဲ့သို့ မတော်တဆထိခိုက်ဒဏ်ရာများ ဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။
• ဆားရည်ခပ်နွေးနွေးဖြင့် ခြေထောက်စိမ်ပေးခြင်းက ညောင်းညာကိုက်ခဲမှုများကို ပြေပျောက်စေနိုင် သည့်အပြင် ခြေထောက်အရေပြားယားယံခြင်းကို ဖြစ်စေနိုင်သော ဗက်တီးရီးယားများကိုလည်း ဖယ်ရှား ပေးနိုင်သည်။
• မိုးရာသီတွင် ခြောက်သွေ့ရန်ခက်သည့် ရှူးဖိနပ်၊ ဒေါက်ဖိနပ်၊ ကတ္တီပါဖိနပ်များအစား မိုးရေစိုလာချိန် တွင် လျင်လျင်မြန်မြန်ခြောက်သွေ့နိုင်သည့် မိုးတွင်းစီး ဖိနပ်မျိုးကို ရွေးချယ်စီးသင့်သည်။
• အပြင်ကပြန်လာပြီး မိုးစိုလာသည့်အခါတိုင်း ခြေထောက်ယားယံခြင်းနှင့် ခြေချောင်းတွင် အနာဖြစ် ခြင်းမှကာကွယ်ရန် ခြေချောင်းတစ်ချောင်းချင်းစီကို သေချာစွာဆေးကြောပြီး ခြောက်သွေ့အောင်ထားပေး သင့်သည်။
အချုပ်အားဖြင့်ဆိုသော် ယခုကဲ့သို့ မိုးရာသီတွင် ဖြစ်ပွားတတ်သော အရေပြားယားနာရောဂါများသည် အပေါ်ယံအလွှာတွင်သာ ဖြစ်ပွားသောကြောင့် စနစ် တကျကုသပါက ရက်သတ္တပတ် သို့မဟုတ် ၁၀ ရက် ခန့်အကြာတွင် ပျောက်ကင်းနိုင်သည်။ သို့သော် ဆိုးဆိုးရွားရွား ယားနာရောဂါများသည် ကူးစက်ပျံ့နှံ့မှုများ ဖြစ်လာစေတတ်၍ ပေါ့ပေါ့ဆဆမနေသင့်ဘဲ စနစ်တကျကုသမှု ခံယူသင့်ပါကြောင်း အကြံပြု တိုက်တွန်း လိုက်ရပါသည်။
ပေါက်ပေါက်