စည်းနဲ့ ကမ်းနဲ့  မြန်မာစာ

 

စည်းနဲ့ ကမ်းနဲ့  မြန်မာစာ

ဆည်းကျံကျံရှင်းတမ်း

အနက်သိမှ အရေးမှန်မည်၊ အရေးမှန်မှ အနက်သိမည်။ အရေးနှင့်အနက်သည်ခွဲမရ၊ တစ်ထပ်တည်းကျသည်။ အရေးဆိုသည်မှာ စာလုံးပေါင်းသတ်ပုံဖြစ်၍ အနက်ဆိုသည်မှာ အဓိပ္ပာယ်ဖြစ်သည်။ ထို့ကြောင့် အဓိပ္ပာယ်သိမှ စာလုံးပေါင်းသတ်ပုံမှန်မည်။ စာလုံးပေါင်းသတ်ပုံမှန်မှ အဓိပ္ပာယ်သိမည်ဟုလည်း ဆိုနိုင်သည်။

အနက်မသိသဖြင့် အရေးမှားခဲ့သော၊ တစ်နည်းအဓိပ္ပာယ်မသိသဖြင့် စာလုံးပေါင်းမှားခဲ့သော မြန်မာဝေါဟာရ တစ်လုံးအကြောင်းကို တင်ပြ၍ ရှင်းတမ်းထုတ်လိုပါသည်။  စာလုံးပေါင်းသတ်ပုံအမှားမှာ ဆီးကျံကျံဖြစ်သည်။ ဆည်းကျံကျံဟုရေးမှ စာလုံးပေါင်းသတ်ပုံမှန်သည်။

ဆည်းကျံကျံ-ဆီးကျံကျံ ပြဿနာမှာ လက်ဝဲသုန္ဒရဘွဲ့ခံ ဦးမြတ်စံ၏ မဲဇာတောင်ခြေ၊ သဲသာသောင်မြေ၊ ပွဲခါညောင်ရေ ချီပိုဒ်စုံရတုမှစခဲ့သည်ဟု ဆိုရပါမည်။ လက်ဝဲသုန္ဒရအမတ်ကြီးသည် အလောင်းမင်းတရား၏ သားတော် ဆင်ဖြုရှင်မင်းတရား လက်ထက်တွင် မဲဇာသို့ အပို့ခံရသည်ဟု ဆိုသည်။ ထိုအခါ လက်ဝဲသုန္ဒရ အမတ်ကြီးသည် ဆင်ဖြူရှင်မင်းတရားထံ အဆိုပါပိုဒ်စုံရတုကို ဖွဲ့ဆိုဆက်သွင်းခဲ့သဖြင့် အပြစ်မှ လွတ်ငြိမ်းခွင့်ရခဲ့သည်။ မဲဇာတောင်ခြေရတုဟု အမည်တွင် ထင်ရှားသော ထိုပိုဒ်စုံရတု၏ သဲသာသောင်မြေချီ ဒုတိယပိုဒ်တွင်-

စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း၊ ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့်၊ တောကြီးဆိတ်ညံ၊ ဆည်းကျံကျံဝယ်၊ ဓူဝံမပေါ်၊ မမြော်ပါရ၊ နေကိုတလည်း၊ ဘယ်ကရှေ့နောက်၊ ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်၊ ဖန်ဖန်အံ့သြ၊ ကြံတိုင်းမောစွ ဟုစပ်ဆိုထားပါသည်။

အဆိုပါရတုတွင် တောကြီးဆိတ်ညံ၊ ဆည်းကျံကျံ ဟူ၍လည်းကောင်း၊ တောကြီးဆိတ်ညံ၊ ဆီးကျံကျံ ဟူ၍လည်းကောင်း စာလုံးပေါင်းမူကွဲနှစ်ခုကို တွေ့ရပါသည်။ ထိုမူကွဲနှစ်ခုတွင် ဆည်းကျံကျံသည် အနက်မှန်၊ အရေးမှန်ဖြစ်၍ မူလအရေးဖြစ်သင့်သည်။ လက်ဝဲသုန္ဒရအမတ်ကြီးက ညကြီးသတ် ဆည်းကျံကျံ ဟုရေးခဲ့ပေလိမ့်မည်။ အကြောင်းမူကား လုံးကြီးတင် ဆီးကျံကျံ ဟူသောအရေးကို မဲဇာတောင်ခြေ ရတု၏ရှေ့ပျို့ကဗျာလင်္ကာများတွင်လည်း မတွေ့ရ။ မဲဇာတောင်ခြေ ရတု၏နောက် ပျို့ကဗျာလင်္ကာများတွင်လည်း မတွေ့ရသောကြောင့်ဖြစ်သည်။ လုံးကြီးတင် ဆီးကျံကျံ သည် အနက်ထင်ထင် အသုံးတွင်ရန် အကြောင်းယုတ္တိမရှိနိုင်သော ဝေါဟာရဖြစ်ပေသည်။

သို့ရာတွင် မဲဇာတောင်ခြေရတုတွင် အနက်မှန်၊ အရေးမှန်ဖြစ်သော ညကြီးသတ် ဆည်းကျံကျံ နေရာတွင် လုံးကြီးတင် ဆီးကျံကျံက အင်နှင့်အားနှင့် လွှမ်းမိုးလာနေပါသည်။

ထင်ရှားသော သာဓကအနည်းငယ်ကို  ထုတ်ပြပါမည်။ မြန်မာပညာရှိ မှော်ဘီဆရာသိန်းကြီးသည် မြန်မာစာပေဗဟုသုတလွန်စွာ ပြည့်ဝပြီး မြန်မာစာပေလောကတွင် ညာကြေတစ်လွှား ထင်ရှားကျော်ကြားသည့် ပညာရှိကြီး ဖြစ်ပေသည်။ ဆရာကြီးသည် မြန်မာစာပေ လေ့လာလိုက်စားသူများ  အားကိုးအားထား ပြုကြရသည့်  ပေါရာဏဒီပနီကျမ်းကြီးကို ပြုစုခဲ့ပါသည်။ ပေါရာဏဒီပနီ ဒုတိယတွဲတွင် မဲဇာတောင်ခြေ ပိုဒ်စုံရတုကို ထည့်သွင်းဖော်ပြခဲ့ပါသည်။ သဲသာသောင်မြေ ချီ ဒုတိယပိုဒ်တွင် တောကြီးဆိတ်ညံ၊ ဆီးကျံကျံဟူ၍ ယူထားပါသည်။ လုံးကြီးတင် ဆီးနှင့်ဖြစ်ပါသည်။

ရွှေဘိုမြို့နေ  နေမျိုးမင်းထင်ကျော်ခေါင်ဘွဲ့ရအဝေးရောက်မင်းကြီးသည် မဲဇာတောင်ခြေဋီကာကိုပြုစုခဲ့ပါသည်။ ထိုဋီကာတွင်လည်း ဆီးကျံကျံဟုပင် လုံးကြီးတင်နှင့် ယူထားပါသည်။ ဆီးကျံကျံ ကိုဖျောက်ဖျောက် (ဖြောက်ဖြောက်) ကျလျက်ရှိသော ဆီးနှင်းဟု အဓိပ္ပာယ် ဖွင့်ပြထားပါသည်။

မြန်မာနိုင်ငံ သုတေသနဂျာနယ်များတွင်လည်း မှော်ဘီဆရာသိန်း၊ ဆရာကြီးဦးဖိုးဖြူ၊ ဆရာကြီးဦးဖေမောင်တင်၊ ဆရာကြီးလုစ်၊ ဆရာကြီးဒေါက်တာဘဟန်၊ ဆရာကြီးဦးခင်ဇော် စသည့်စာပေပညာရှင်ကြီးများက လက်ဝဲသုန္ဒရအမတ်ကြီး၏ နာမည်ကျော် မဲဇာတောင်ခြေရတုကြီးကို စိတ်ဝင်တစားလေ့လာ ခဲ့ကြပါသည်။ အင်္ဂလိပ် ဘာသာသို့လည်း ပြန်ဆိုတင်ပြခဲ့ကြပါသည်။ ဖော်ပြပါ ဆရာကြီးအားလုံးသည်လည်း တောကြီးဆိတ်ညံ၊ ဆီးကျံကျံဟုပင် ဖော်ပြခဲ့ကြပါသည်။ လုံးကြီးတင် ဆီးနှင့်ပင်ဖြစ်သည်။ လုံးကြီးတင်ဆီးကျံကျံသည် ဤသို့ ဤနှယ် တွင်တွင်ကျယ်ကျယ်နေရာရခဲ့ပါသည်။ ပွဲခါညောင်ရေ ချီ တတိယပိုဒ်တွင်ပါသော သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊ မိုးလောက်ပြင်းထန်ဟူသော စကား၏သြဇာ

သက်ရောက်လွှမ်းမိုးမှုကြောင့်လည်း လုံးကြီးတင် ဆီးကျံကျံ တွင် ကျယ်ခဲ့ခြင်းလည်း ဖြစ်ပါလိမ့်မည်။

တောကြီးဆိတ်ညံ၊ ဆီးကျံကျံဟူ၍ ဆီးကျံကျံကို   လုံးကြီးတင်ဆန်ခတ်ဖြင့်   လက်ခံခဲ့ကြသော ပညာရှိ ဆရာကြီးများအနက် အထူးဖော်ထုတ် တင်ပြရမည့် ဆရာကြီးတစ်ဦးမှာ ဆရာကြီးဦးကျော်ထွန်းဖြစ်ပါသည်။ ဆရာကြီးသည် ကဝိမျက်မှန်သတ်ပုံကျမ်း၊ ကိုးခန်းပျို့ဋီကာကြီး၊ မြန်မာစာညွန့်ပေါင်းကျမ်း လေးတွဲတို့ကို ပြုစုခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ မြန်မာစာပေနှင့် ပတ်သက်၍ အထူးအလေးထား လေးစားထိုက်သော ပုဂ္ဂိုလ်ကြီး ဖြစ်ပေသည်။ ထိုဆရာကြီးကလည်း ဆီးကျံကျံဟု ပင်လုံးကြီး တင်ဆန်ခတ်ဖြင့် ပြခဲ့ပေသည်။

ထိုသို့လုံးကြီးတင်ဆန်ခတ်ဖြင့်ပြခဲ့ရုံမျှမက လုံးကြီးတင်ဆန်ခတ် ဆီးကျံကျံ သာအမှန်ဖြစ်သည်။ ညကြီးသတ် ဆည်းကျံကျံ သည် အမှားဖြစ်သည်ဟု ကိုးခန်းပျို့ ဋီကာကြီးတွင် တစ်ကြိမ်၊ မြန်မာစာညွန့်ပေါင်းကျမ်းတွင် တစ်ကြိမ် ဖော်ပြခဲ့ပါသည်။

ဆရာကြီးက ကိုးခန့်ပျို့ဋီကာကြီးတွင် (ဆည်းညံညံ)ကား (ပေါ)၊ လူသံမရှိ တိတ်ဆိတ်ခြင်း အနက်ဟောသည်။ ဤစကားသည် တိတ်ဆိတ်ခြင်း အနက်ဟောသော (သုညံ)ဟူသော ပါဠိစကားမှ ဖြစ်လှာသည်။ (သုညံ)ကို (ဆုန်ညံ)ဟု မွန်လူမျိုး၊ သီဟိုဠ်၊ ဟိန္ဒီလူမျိုးတို့ရွတ်ကြသည်။ ၎င်း(ဆုန်ညံ)ဟူသောစကားကို မြန်မာတို့က (ဆည်းညံ)ဟူ၍ လည်းကောင်း၊ ဆိတ်ညံဟူ၍လည်းကောင်း ဖတ်ရွတ်ပြောဆိုကြသည်။ (ဆိတ်ညံ)ကို ဆိတ်ညံညံ ဟူ၍လည်းကောင်း၊  ဆိတ်ဆိတ်ညံညံ ဟူ၍လည်းကောင်း လုံးထပ်ပြောဆိုသကဲ့သို့ (ဆည်းညံ) ကိုလည်း (ဆည်းညံညံ)ဟူ၍ လည်းကောင်း၊  (ဆည်းဆည်းညံညံ)ဟူ၍လည်းကောင်း ပညာရှိတို့ ရေးသား ပြောဆိုကြကုန်သည်။

(ဆည်းညံညံ)လျှင်   လူသံတိတ်ဆိတ်၊ ထိတ်ထိတ်မောမော၊ ဤရပ်တော၌၊  ဖော်နှောမယှိ။  (ဘူရိဒိတ်လင်္ကာ)။   (ဆည်းဆည်းညံညံ)လူသံဆိတ်ဆိတ်၊ ထိတ်ထိတ်ပွေပွေ၊ လေတဟုန်းဟုန်း၊ တမှုန်းမှုန်းနှင့်၊ (ဟံသာဝတီ ရောက်မင်းဆို၊ အဝမြို့ဘွဲ့တမ်းခြင်း)။  ။တောကြီးဆိတ်ညံ၊ (ဆီးကျံကျံ)ဝယ်၊ ဓူဝံမပေါ်၊ မမြော်ပါရဟူသော မဲဇာတောင်ခြေချီ မင်းလက်ဝဲသုန္ဒရဆိုသော ရတု၌ပါသော(ဆီးကျံကျံ)ဟူသော စကားနှင့်ယောင်မှားပြီးလျှင် ကိုးခန်းပျို့မှာ ဤနေရာ၌ ဆည်းကျံကျံလျှင် ဟူ၍ မှားယွင်းစွာ ရေးသားဖတ်ရွတ်တတ်ကြသည်။ (ဆီးကျံကျံ) ဟူသည်ကား ဆီးနှင်းတဖြောက်ဖြောက်မြည်၍ ကျသည် ဆိုလိုသည်။

ထို့ကြောင့် ထိုရတု၌ ဆီးနှင်းပေါက်လည်း၊ မိုးလောက်ပြင်းထန်၊ သွန်းချပြန်သော် ဟူ၍ စပ်ဆိုသည်။(ကျံကျံ)လည်း (ပေါ)မြည်သံဆိုလိုသည်။

...ဤသို့ မမှားကြစေလင့်ဟူ၍ ရှင်းပြထားပါသည်။

ထို့ပြင်လည်း ဆရာကြီးက မြန်မာစာညွန့်ပေါင်းကျမ်းတွင် မဲဇာတောင်ခြေချီရတုကို ဖော်ပြထားပြီး ဝေါဟာရအချို့ကို ခက်ဆစ်အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။ ဆီးကျံကျံ ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်နှင့်ပတ်သက်၍အောက်ခြေမှတ်ချက်တွင်-

အချို့မူတို့၌ (ဆည်းကျံကျံဝယ်)ဟူ၍ (ဆ)တွင်ညသတ်နှင့် ယှိသည်ကား အမှားဖြစ်သည်။ (ဆီးကျံကျံ)ဟူ၍ (ဆ)တွင် ဤသရဝိသဇ္ဇနီနှင့် ယှိရမည်။ ဆီးနှင်းတဖြောက်ဖြောက်မြည်၍ ကျနေသည်ဟူ၍ဆိုလိုသည်။ (ကျံကျံ) ဟူသော ပေါရာဏစကားသည် မြည်သံအနက်ကိုဟောသည်။ ဤသို့ အဓိပ္ပာယ်ယူခြင်းသည် သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊ မိုးလောက်ပြင်းထန်၊ သွန်းချပြန်သော် ဟူသော တတိယပိုဒ်ပါစကားနှင့်လျော်သည်။ ဤ(ဆီးကျံကျံဝယ်)ဟူသောပုဒ်ဖြင့် ဆီးနှင်းတဖြောက်ဖြောက်နှင့်  ပိတ်မှောင်အောင်ကျနေ၍  ဓူဝံကြယ်နှင့်နေတို့ကို  မမြင်ရကြောင်းကို ဖော်ပြသည်။ တိတ်ဆိတ်ခြင်းအနက်ကို မဖော်ပြဟုမှတ်ရမည် ဟူ၍ ရှင်းပြထားပါသေးသည်။

ဤသို့လျှင် မြန်မာစာပေလောကတွင် ထင်ရှားသော ပုဂ္ဂိုလ်ကြီးက ဆည်းကျံကျံကို အမှား၊ ဆီးကျံကျံမှ အမှန်ဟု ဆိုထားသဖြင့်လည်းကောင်း၊ ယခင်ဖော်ပြခဲ့သော မြန်မာစာပေပညာရှင်ကြီးများကလည်း ဆီးကျံကျံ (ဆလိမ်လုံးကြီးတင်ဆန်ခတ် ဝစ္စပေါက်)ကို လက်ခံကြသဖြင့်လည်းကောင်း လုံးကြီးတင်ဝစ္စပေါက်နှင့် ဆီးကျံကျံသည် အင်နှင့်အားနှင့် တွင်ကျယ်လာရခြင်း ဖြစ်သည်ဟု ယူဆရန်ရှိပါသည်။

ဤတွင် ဆလိမ်လုံးကြီးတင်ဆန်ခတ် ဝိသဇ္ဇနီ ဆီးကျံကျံ နှင့်ပတ်သက်၍ ဆရာကြီးဦးကျော်ထွန်း၏ အယူအဆ၊ အစွဲအလမ်းကို ရှင်းပြလိုပါသည်။ စင်စစ်အားဖြင့် ဆရာကြီးသည် ဆလိမ်ညကြီးသတ်ဝိသဇ္ဇနီ ဆည်းကျံကျံ ၏ အဓိပ္ပာယ်ကိုလည်းကောင်း၊ ဆည်းညံညံ၏ အဓိပ္ပာယ်ကိုလည်းကောင်း အသေအချာ သိထားသူဖြစ်ကြောင်း ဆရာကြီး၏ ရှင်းလင်း ချက်များအရ သိရပါသည်။ ဆည်းညံညံနှင့် ဆည်းကျံကျံသည် အဓိပ္ပာယ်အတူတူဖြစ်သည်။ လူသံ၊ အသံမရှိတိတ်တိတ်ဆိတ်ဆိတ်ဟု အဓိပ္ပာယ်ရသည်။ တောကြီးဆိတ်ညံ၊ ဆည်းကျံကျံဝယ် ဟူသော စကား၏ အဓိပ္ပာယ်မှာ ဆိတ်ညံသော၊ ဆည်းကျံကျံဖြစ်သော တောကြီးဝယ်ဟူ၍ဖြစ်သည်။ ဆိတ်ညံ၏ အဓိပ္ပာယ်သည်လည်း တိတ်ဆိတ်၊ ဆည်းကျံကျံ ၏  အဓိပ္ပာယ်သည်လည်း တိတ်ဆိတ်ဟူ၍ဖြစ်သည်။ ဆီးကျံကျံ ဟူသောအသုံးမျိုး သုံးရိုးအစဉ်အလာမရှိခဲ့ပါ။ အကယ်၍ ဆီးကျံကျံကို ဆီးနှင်းတဖြောက်ဖြောက်ကျသည်ဟု အဓိပ္ပာယ်ယူလျှင်လည်း ဆိတ်ညံနှင့် ဆီးကျံကျံ အနက်နှစ်ခု ဝိရောဓိဖြစ်နေပေလိမ့်မည်။ ဆိတ်ညံ က အသံတိတ်ဆိတ်၊ ဆီးကျံကျံက အသံမြည်၊ အသံဖြောက်ဖြောက်ကျဆိုသဖြင့် အဓိပ္ပာယ်ဝိရောဓိဖြစ်သည်။

ဆရာကြီးဦးကျော်ထွန်းက လုံးကြီးတင်ဆီးကျံကျံကို တပ်တပ်မက်မက်၊ စွဲစွဲလမ်းလမ်းဖြစ်နေသည်မှာ ယင်းရတုတတိယပိုဒ်တွင် ပါသော သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊ မိုးလောက်ပြင်းထန်၊ သွန်းချ ပြန်သော် ဟူသောအဆိုကို အားကိုးထောက်ထားမိ သောကြောင့်ဖြစ်သည်။ အခြေအနေမတူ၊ အဖြစ်သနစ်မတူ၊ အကြောင်းခြင်းရာမတူပေ။ ဤပိုဒ်စုံရတုသည်ရတုတစ်ပိုဒ်နှင့်တစ်ပိုဒ် ဆက်စပ်သည်ဟု ယူဆရန် အချက်လည်း မရှိဟု ဆိုရပါသည်။

(ဆက်လက်ဖော်ပြပါမည်)