ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ယမန်နေ့မှအဆက်

သို့သော်   ဆောင်ရွက်ဆဲရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ ကျန်ရှိနေခဲ့သည်။ အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းကြီးများကို ဆောင်ရွက်ဆဲလွှဲပြောင်းပေးခဲ့သည်။ လက်ဆင့်ကမ်းလိုက်မည်ဆိုလျှင် မြန်မာနိုင်ငံအတွက်  ရေရှည်အလားအလာကောင်းများကို   မျှော်လင့်နိုင်မည် ဖြစ်သည်။

၂၀၁၆ ခုနှစ်တွင် လွှဲပြောင်းပေးခဲ့သည့် ဆောင်ရွက်ဆဲရေအားလျှပ်စစ် စီမံကိန်းများ

ပူတာအိုမြို့နှင့်  မချမ်းဘော့မြို့များ၏   လျှပ်စစ်အခက်အခဲကိုဖြေရှင်းရန် ပူတာအိုမြို့နှင့် ၅  မိုင်သာကွာသည့်  နန့်ထွမ်ချောင်းပေါ်တွင်  တည်ဆောက်သည့်စက်ရုံဖြစ်သည်။

ခန္တီးမြို့အနောက်ဘက်ကမ်း ဆင်သေမြို့မှ မိုင် (၂၀) ကျော်ခန့်အကွာ၊ နာဂဒေသအတွင်းရှိ ဟုံးညှိချောင်းပေါ်တွင် ရေအားလျှပ်စစ်စက်ရုံ နှစ်ဆင့်တည်ဆောက်၍  ထွက်ရှိလာမည့်ဓာတ်အားကို  ချင်းတွင်းမြစ် အနောက်ဘက်ကမ်း နာဂဒေသများနှင့် ခန္တီးမြို့ထိ ဓာတ်အားပေးနိုင်ရန် ရည်ရွယ်သည်။ ၂၀၁၅ ခုနှစ်တွင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုအရ စာရေးသူကိုယ်တိုင် ကွင်းဆင်းခဲ့သည်။ ၂၀၂၁ ခုနှစ်ထိ စတင်ဆောင် ရွက်နိုင်ခြင်းမရှိသေးပါ။

၂၀၁၆ ခုနှစ်တွင် ဆောင်ရွက်ဆဲလွှဲပြောင်းပေးခဲ့သော ရေအားလျှပ်စစ် စီမံကိန်းများကို အရှိန်မပြတ် ဆက်လက်ဆောင်ရွက်ပါက သူဌေးချောင်း၊ အထက်ရဲရွာ၊ အထက်ကျိုင်းတောင်း၊ အထက်နန့်ထွမ်၊ ဒီးဒုတ်၊ အလယ် ပေါင်းလောင်း စီမံကိန်းခြောက်ခုမှာ  ၂၀၂၀  ပြည့်နှစ်အတွင်း ရာနှုန်းပြည့် ပြီးစီးနိုင်သည့် စီမံကိန်းများဖြစ်သည်။

ဖော်ပြခဲ့သည့် စီမံကိန်းများအပြင်  ယခင်တပ်မတော်အစိုးရကာလ ၂၀၁၁ ခုနှစ်မတိုင်မီက သဘောတူ စာချုပ်များဖြင့် စတင်ခဲ့သော ပြည်တွင်းပြည်ပ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုများကိုလည်း လွှဲပြောင်းပေးခဲ့သည်။

အဆိုပါ စီမံကိန်းများအနက်မှ   တချို့သော စီမံကိန်းများသည် နိုင်ငံအတွက်ရော  ဒေသအတွက်ပါ  များစွာအကျိုးပြုစေမည့်စီမံကိန်းများ ပါဝင်နေသည်။    တချို့ဖက်စပ်စီမံကိန်းများမှာမူ   လူမှုဝန်းကျင်နှင့် ပတ်ဝန်းကျင်သက်ရောက်မှုများ  ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် လိုအပ်နေသေးသည်။

ကမ္ဘာ့နိုင်ငံကြီးများ၌     မိမိနိုင်ငံအတွင်းစီးဆင်းနေသောရေချိုကို အကျိုးရှိစွာအသုံးချရာတွင် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် လုပ်သင့်လုပ်ထိုက်ပါက ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများသည် မိမိနိုင်ငံဖွံ့ဖြိုးရေးအတွက် မိမိခြေထောက်ပေါ် မိမိရပ်၍ ကြီးမားသော စီမံကိန်းကြီးများကို ဆောင်ရွက်ရန် အခက်အခဲရှိသည်။ ချမ်းသာသော ဖွံ့ဖြိုးပြီးနိုင်ငံများထံမှဖြစ်စေ၊ ကမ္ဘာ့အဖွဲ့အစည်း များထံမှဖြစ်စေ၊ မိတ်ဆွေနိုင်ငံများထံမှဖြစ်စေ ငွေကြေးအကူအညီနှင့် နည်းပညာ အထောက်အပံ့များ ယူကြရသည်။

သို့သော် နိုင်ငံကြီးတချို့နှင့် အဖွဲ့အစည်းတချို့၏ အကူအညီပေးရေး ခြေလှမ်းများကလည်း ပုံမှန်ခြေလှမ်းများ မဟုတ်။ နိုင်ငံဖွံ့ဖြိုးမှုအထောက် အပံ့ပေးမှုထက် နိုင်ငံ့အရေးကိစ္စများတွင် နှောင်ကြိုးများပါနေသည်။ ယနေ့ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ရေချိုနှင့်စားရေရိက္ခာအခက်အခဲကို ဖြေရှင်းရာတွင် ဤပြဿနာသည် အရေးအကြီးဆုံးဖြစ်နေသည်။

မိမိတို့နိုင်ငံကို ပြန်လည်သုံးသပ်ပါက နှစ်ပေါင်း ၁၀၀ ကျော် ကိုလိုနီ နယ်ချဲ့လက်အောက် ပြန်လည်ပြည့်ဖြိုးမြဲရေအသုံးချမှုတွင် ရန်ကုန်ရေပေး ဝေရေး ရေလှောင်ကန်တချို့တည်ဆောက်ခဲ့မှု၊ စိုက်ပျိုးရေရရှိရေးအတွက် ရေလွှဲဆည်နှင့် တူးမြောင်းတချို့တူးဖော်ခဲ့မှုသာ ပြည်သူတချို့ အကျိုးခံစား ခွင့်ရရှိစေခဲ့သည်။

သူ့ကျွန်ဘဝတွင် ဆောင်ရွက်ခဲ့သော ရေအားလျှပ်စစ်အသေးစားများမှာလည်း ကိုလိုနီနယ်ချဲ့ အကျိုးစီးပွားအတွက် သယံဇာတများတူးဖော်ရေးအတွက် ဆောင်ရွက်ခဲ့သည်များသာဖြစ်သည်။ ကိုလိုနီ ခေတ်ကာလ လျှပ်စစ်ကဏ္ဍမှာ    ပြည်သူအများစုအတွက်   ဆောင်ရွက်မှုပြစရာ ပြောပလောက်အောင် မရှိခဲ့ပေ။

 

လွတ်လပ်ရေးရပြီးနောက် တိုင်းပြည်သည် စစ်မြေပြင်ဟောင်းကြီးအဖြစ် ကျန်ခဲ့သည်။ အပျက်အစီးပုံကြီးများ၊ မီးလောင်ပြင်ကြီးများနှင့် ယဉ်ကျေးမှုအမွေအနှစ်များပါ ရစရာမရှိအောင် ပျက်စီးကျန်ရစ်ခဲ့သည်။ ဝမ်းနည်းစရာကောင်းလှသည်။

ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရမည့်အချိန်၊ ပြည်သူများ ညီရမည့်အချိန်တွင် ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ အကွဲကွဲအပြဲပြဲဖြစ်ကြပြီး တောခိုလက်နက်ကိုင် အကြမ်းဖက်မှုများ ပေါ်ပေါက်လာခဲ့သည်။ နွားကွဲတော့ ကျားဆွဲ

ဆိုသလို ဖြစ်ရပြန်သည်။

ဆက်လက်ဖော်ပြပါမည်။