မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂)တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ ဂိုးပြတ်နိုင်ပွဲကိုယ်စီရရှိ

 

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂)တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ ဂိုးပြတ်နိုင်ပွဲကိုယ်စီရရှိ

ရန်ကုန်  ဇူလိုင် ၁၃

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂)ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ကျင်းပခဲ့ရာ ရန်ကုန်ယူနိုက်တက် အသင်းနှင့် ISPE  အသင်းတို့ ဂိုးပြတ်နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂)အဖြစ်  ယနေ့  ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့  YUSC   အားကစားကွင်း၌ ရန်ကုန်ယူနိုက်တက် အသင်းနှင့်  မြဝတီအက်ဖ်စီအသင်းတို့ ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက  ၅ ဂိုး  ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၁၂ မိနစ်နှင့် ၄၅မိနစ်တွင် လမင်းထွေးကလည်းကောင်း၊ ပွဲချိန် ၁၆ မိနစ်တွင် ရန်နိုင်ဦးက လည်းကောင်း၊  ပွဲချိန်  ၅၂  မိနစ်တွင် လှိုင်းဘိုဘိုကလည်းကောင်း၊ ပွဲချိန် ၈၄ မိနစ်တွင် ဥက္ကာနိုင်ကလည်းကောင်း အသီးသီး သွင်းယူပေးနိုင်ခဲ့သည်။

အလားတူ  ညနေ ၄နာရီတွင် ရန်ကုန်မြို့  သုဝဏ္ဏအားကစားကွင်း၌   ISPE အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ISPE အသင်းက ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ISPE အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၁၂ မိနစ်နှင့် ၂၉ မိနစ်တွင် နိုင်နိုင်ကျော်က လည်းကောင်း၊ ပွဲချိန် မိနစ် ၃၀၊ ၄၈ မိနစ်နှင့် ၆၂ မိနစ်တို့တွင် သိန်းဇော်သီဟက လည်းကောင်း၊ ရခိုင်ယူနိုက်တက် အသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၇၆ မိနစ်တွင် ဂျိုးဆက်ဖ်ကလည်းကောင်း အသီးသီး သွင်းယူပေးနိုင်ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂)အဖြစ် ဇူလိုင်လ ၁၄ ရက်(ယနေ့)ညနေ ၃ နာရီခွဲတွင် ပုသိမ်မြို့ရှိ ကျောက်တိုင် အားကစားကွင်း၌ ဧရာဝတီယူနိုက်တက် အသင်းနှင့် ဒဂုံပေါ့အသင်း၊ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ဟံသာဝတီ ယူနိုက်တက်အသင်းနှင့် သစ္စာအားမာန်အသင်းတို့ ဆက်လက် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။         

စည်သူအောင်

Dates: 
Sunday, July 14, 2024 - 09:02