ပူတင်-မိုဒီ တွေ့ဆုံမှုမှ ကမ္ဘာကြီးကိုပါးလိုက်တဲ့ သတင်းစကား

 

ပူတင်-မိုဒီ တွေ့ဆုံမှုမှ ကမ္ဘာကြီးကိုပါးလိုက်တဲ့ သတင်းစကား

 

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီရဲ့ ရုရှားနိုင်ငံခရီးစဉ်ကနေ ကြီးမားလှတဲ့ ရလဒ်တွေထွက်လာစေဖို့ ကြိုတင်မျှော်မှန်း ခဲ့ခြင်းမရှိပါဘူး။  မိုဒီဟာ  ရွေးကောက်ပွဲအပြီး  ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး မကြာခင်မှာပဲ သူ့ရဲ့ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ရုရှားနိုင်ငံကိုအရောက်သွားခဲ့တာပါ။

ဒီလိုအရောက်သွားခဲ့ရာမှာလည်း မိုဒီရဲ့ အတွေးထဲမှာ အစိုးရအဖွဲ့အသစ် ဖွဲ့စည်းဖို့နဲ့ မပြေမလည်ဖြစ်နေတဲ့  လွှတ်တော် အတွင်းစကားအချေအတင်ဖြစ်မှုတို့က လွှမ်းမိုးနေခဲ့ဖွယ် ရှိနိုင်ပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ ရုရှားသမ္မတဗလာဒီမာပူတင်နဲ့  အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီတို့ကြားမှာ ပူးတွဲကြေညာ ချက်ကိုထုတ်ပြန်နိုင်ခဲ့တဲ့အပြင် သဘောတူညီချက်ကိုးခုကိုလည်း လက်မှတ်ထိုး နိုင်ခဲ့ပါသေးတယ်။

သူတို့နှစ်ဦး တွေ့ဆုံမှုရဲ့ ရည်ရွယ်ချက်က နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့အပြင် ဘယ်လို တွန်းအားမျိုးက သူတို့ရဲ့ဆက်ဆံရေးအတွက် ပိုပြီးအလုပ်ဖြစ်စေမလဲဆိုတဲ့ အဖြေကိုရှာဖွေဖို့ပါ။

ဒါ့အပြင် ရုရှားနိုင်ငံအပေါ်  အလွန်ပြင်းထန်တဲ့ပိတ်ဆို့မှုတွေ ချမှတ်ထားတာကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲ အကျပ်အတည်းတွေကို  ဘယ်လိုမျိုးရင်ဆိုင်ဖြေရှင်း ကျော်လွှားမလဲ ဆိုတာကိုလည်း သူတို့နှစ်ဦးက ဆွေးနွေးခဲ့ကြပါသေးတယ်။

နောက်ထပ်တစ်ခုက  နှစ်နိုင်ငံကြားအရှိန်ရလာတဲ့ ကုန်သွယ်ရေးကို ခိုင်မာတိုးတက်အောင် ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာကိုလည်း  သူတို့က ဆွေးနွေးကြပါတယ်။

ရုရှားနိုင်ငံက ဒီနှစ်နှောင်းပိုင်းမှာ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မယ့် BRICS ထိပ်သီးညီလာခံ အရေးနဲ့ပတ်သက်ပြီး  ဆွေးနွေး ကြတာကလည်း အရေးကြီးတဲ့ ကိစ္စတစ်ခုအဖြစ် ပါဝင်ပါတယ်။

သူတို့နှစ်ဦး တွေ့ဆုံဆွေးနွေးမှုကို ပူတင်ရဲ့ကိုယ်ပိုင်အိမ်ရာမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အချိန်အားဖြင့် စုစုပေါင်းလေးနာရီခွဲကြာပါတယ်။ တခြားဘယ်သူမှမပါဘဲ သူတို့နှစ်ယောက်တည်း တွေ့ဆုံမှုကတင်ပဲ နှစ်နာရီခွဲကြာပါတယ်။

သူတို့နှစ်ယောက်ရဲ့   တွေ့ဆုံမှုကို အနောက်နိုင်ငံများက မျက်တောင်မခတ်တမ်းစောင့်ကြည့်ခဲ့သလို အဲဒီလိုတွေ့ဆုံမှုက ကမ္ဘာကြီးအတွက်လည်း အရေးပါတဲ့ သတင်းစကားတစ်ခု ပေးလိုက်သလိုပါပဲ။

ဘာကြောင့်လဲဆိုရင်  မိုဒီအနေနဲ့ ဝန်ကြီးချုပ်အဖြစ် ထပ်မံရွေးကောက်ခံရပြီးနောက် ချစ်ကြည်ရေးခရီးသွားဖို့ ပထမဆုံးရွေးချယ်လိုက်တဲ့ ပြည်ပနိုင်ငံက ရုရှားနိုင်ငံဖြစ်နေလို့ပါ။

ဒီအချက်က ဘာကိုဖော်ပြနေလဲဆိုရင် ရုရှားနိုင်ငံဟာ   အိန္ဒိယနိုင်ငံအတွက် တကယ့်ကို အရေးပါတဲ့နိုင်ငံ ဖြစ်တယ်ဆိုတဲ့ အကြောင်းပါပဲ။

ဒီအခြေအနေကနေ အနောက်နိုင်ငံကို ထပ်မံပေးလိုက်တဲ့ သတင်းစကားက အိန္ဒိယနိုင်ငံဟာ   ရုရှားနိုင်ငံနဲ့ ဆက်ဆံရေးကို ဘယ်လိုနည်းနဲ့မှ  ပျက်ယွင်းမခံနိုင်ဘူး ဆိုတာပဲ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အနောက်အုပ်စုမှ နိုင်ငံခြားရေးမူဝါဒ  ကျွမ်းကျင်သူများက မိုဒီအပေါ် အမြင်မကြည်တဲ့ အကြောင်းကို လူမှုမီဒီယာတွေမှာ ရေးလာကြပါတယ်။

ပူတင်နဲ့မိုဒီတို့တွေ့ဆုံမှုက NATO တပ်ဖွဲ့ရဲ့ ထိပ်သီးညီလာခံနဲ့  တိုက်ဆိုင်နေတာကလည်း  သူတို့အမြင် မကြည်ရတဲ့ အကြောင်းရင်းတစ်ခု အနေနဲ့ ပါပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူများက အမေရိကန်ဟာ အိန္ဒိယနဲ့ ပွင့်လင်းမြင်သာမှုရှိစွာ  ဆွေးနွေးခဲ့တယ်ဆိုတဲ့အကြောင်း၊ အဲဒီထဲမှာ ရုရှားနဲ့ဆက်ဆံရေးလည်းပါတဲ့အကြောင်း ထုတ်ပြန်လာပါတယ်။

အမေရိကန်နဲ့ အိန္ဒိယတို့ကြား ဆွေးနွေးမှုက အဓိကအားဖြင့် ယူကရိန်းအပေါ်စစ်ဆင်နွှဲနေမှုရပ်တန့်စေဖို့အတွက် အိန္ဒိယအနေနဲ့ ရုရှားနိုင်ငံနဲ့ ရင်းနှီးကျွမ်းဝင်မှုကို အသုံးချပြီး ပူတင်ကို တိုက်တွန်းပေးဖို့ဆိုပြီး ပြောကြတာပါ။

ဒါပေမဲ့လည်း   ယူကရိန်းသမ္မတက အိန္ဒိယဝန်ကြီးချုပ်အပေါ် တော်တော်လေး ပြင်းပြင်းထန်ထန် ဝေဖန်တာကို တွေ့ရပါတယ်။ ဘယ်လိုဝေဖန်တာလည်းဆိုတော့ ကမ္ဘာပေါ်ကအကြီးဆုံးသော ဒီမိုကရေစီနိုင်ငံက  ရုရှားလိုနိုင်ငံအပေါ်  လိုလိုလားလား ဖြစ်နေတယ်ဆိုတဲ့အကြောင်း၊ ဒါဟာ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်ကို ပျက်စီးစေကြောင်းတို့ပါပဲ။

အနောက်အုပ်စုအနေနဲ့ ပူတင်နဲ့မိုဒီတို့ရဲ့တွေ့ဆုံမှုအပေါ် အလိုမကျဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ ရုရှား-အိန္ဒိယ နှစ်နိုင်ငံကြား စီးပွားရေး သဘောတူညီချက်တွေ ရရှိခဲ့ခြင်းကလည်း  အကြောင်းရင်းတစ်ရပ် အနေနဲ့ ပါဝင်နေပါတယ်။

ပူတင်နဲ့မိုဒီတို့ တွေ့ဆုံမှုအပြီး ကြေညာလိုက်တဲ့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ နှစ်နိုင်ငံကြားစီးပွားရေးအရ ဆက်ဆံရေးကို တိုးမြှင့်ဖို့နဲ့  အနှောင့်အယှက်အဟန့်အတားတွေကို ဖယ်ရှားဖို့အတွက်  ဖြစ်နိုင်သမျှ သောဆောင်ရွက်ချက်တွေကို လုပ်ဆောင်သွားမယ်ဆိုတဲ့ အချက်က အဓိကအချက်အနေနဲ့ ပါဝင်နေပါတယ်။

၂၀၂၃ ခုနှစ်တုန်းက ရုရှားနဲ့အိန္ဒိယနိုင်ငံတို့ကြားကုန်သွယ်မှုပမာဏဟာ သူတို့အနေနဲ့ ၂၀၂၅ ခုနှစ်အရောက်မှာ ရရှိစေဖို့ ရည်မှန်းထားတဲ့ သတ်မှတ်ချက်ထက် နှစ်ဆရှိခဲ့ပါတယ်။

သူတို့အနေနဲ့  ကနဦးသတ်မှတ်ထားတာက နှစ်နိုင်ငံကြားကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ရှိလာစေဖို့ပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်မှာ ကုန်သွယ်မှု ပမာဏက ဒေါ်လာ ၆၅ ဘီလီယံအထိ ရရှိခဲ့ပါတယ်။

သို့သော်လည်း ဘက်ညီမျှမှုတော့မရှိခဲ့ပါဘူး။ ဒီအတွက် အိန္ဒိယအနေနဲ့ ရုရှားနိုင်ငံကို ပို့ကုန်တွေ တိုးမြှင့်တင်ပို့ပေးရမှာပါ။ ဒါမှလည်း  ကုန်သွယ်ရေးမှာ  နှစ်ဦးနှစ်ဖက်ညီမျှမှုရှိမှာ ဖြစ်ပါတယ်။

အခုရရှိခဲ့တဲ့ သဘောတူညီချက်ထဲမှာ ၂၀၃၀ ပြည့်နှစ်ရောက်ရင် နှစ်နိုင်ငံကြား ကုန်သွယ်မှုက ဒေါ်လာဘီလီယံ ၁၀၀ ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။

သူတို့နှစ်နိုင်ငံကြား  စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုအတွက် နယ်ပယ်ကိုးခုကို သတ်မှတ်ထားပါတယ်။   အဲဒီနယ်ပယ်တွေထဲမှာ  ဆေးဝါးနဲ့ဆေးပစ္စည်းကဏ္ဍ၊ ရုရှားနိုင်ငံမှာ အိန္ဒိယဆေးကျောင်းများဖွင့်လှစ်မှု၊  အရည်အချင်းပြည့်မီတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို ခေါ်ယူမှုတို့ ပါဝင်ပါတယ်။

နှစ်နိုင်ငံကြား  ကုန်သွယ်မှုအတွက် ငွေပေးချေရာမှာလည်း ပိတ်ဆို့မှု ချမှတ်ထားတာတွေကြောင့်   ရှုပ်ထွေးမှုတွေ ရှိနေပါတယ်။ ဒီအတွက် နှစ်နိုင်ငံစလုံးက ပြည်တွင်းသုံးငွေကြေးများနဲ့သာ အပြန်အလှန် ကုန်သွယ်မှုကို တိုးမြှင့်ဖို့ သဘောတူ ထားပါတယ်။

ဒါ့အပြင် ရုရှားက အိန္ဒိယကို ဓာတ်မြေသြဇာများ ကာလရှည်ထောက်ပံ့ပေးရေး၊ စွမ်းအင်ကဏ္ဍမှာဆိုရင်လည်း ကာလရှည်သဘောတူညီချက်များ   ရရှိစေရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ဖို့ နှစ်နိုင်ငံက သဘောတူထားပါတယ်။

သူတို့ရဲ့နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောတူညီချက်တွေထဲမှာ နျူကလီးယားဓာတ်အားပေး စက်ရုံ ထပ်မံတည်ဆောက်ရေး၊ အာကာသနယ်ပယ်မှာ နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်ရေး၊ ကာကွယ်ရေးပစ္စည်းများကို ပူးတွဲထုတ်လုပ်ရေးနဲ့  နည်းပညာကို  အိန္ဒိယနိုင်ငံသို့ လွှဲပြောင်းပေးရေးတို့လည်း ပါဝင်ပါတယ်။

သံတမန်ရေးကဏ္ဍနဲ့   ပတ်သက်ပြီးကြည့်မယ်ဆိုရင် အိန္ဒိယဝန်ကြီးချုပ်မိုဒီက  ဗဟုဝင်ရိုးကမ္ဘာကြီးနဲ့ ပတ်သက်ပြီး ထောက်ခံအားပေးထားတာ တွေ့ရပါတယ်။

ဒီလိုမျိုးဗဟုဝင်ရိုးကမ္ဘာကြီးအတွက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့က အရေးပါတဲ့နေရာကနေ   ပါဝင်နေတယ် ဆိုတာကိုလည်း  မိုဒီကအလေးပေးထားပါတယ်။

နောက်တစ်ခု အရေးကြီးတဲ့ကိစ္စက ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး သူတို့နှစ်ဦးကြားဆွေးနွေးကြတဲ့   အခြေအနေပါ။ ဒီနေရာမှာ ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့များကြား တွေ့ဆုံဆွေးနွေး အဖြေရှာရေးက ယူကရိန်း ပဋိပက္ခအတွက်  အရေးအပါဆုံးအရာဖြစ်တယ်ဆိုတဲ့အချက်အပေါ် မိုဒီနဲ့ပူတင်တို့က တစ်သဘောတည်း ရှိကြပါတယ်။

ဒီအကြောင်းကို သူတို့ရဲ့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ  ထည့်သွင်းခဲ့ခြင်းအပေါ်မှာတော့ အနောက်အုပ်စုအနေနဲ့ ဘယ်လိုမှ ကန့်ကွက်သံမကြားရပါဘူး။

ဒီတော့ ပူတင်နဲ့မိုဒီတို့ကြားက တွေ့ဆုံမှုနဲ့ဆွေးနွေးမှုတွေဟာ သူတို့နှစ်နိုင်ငံကြားအတွက် သာမက ဒေသတွင်းနဲ့ နိုင်ငံတကာအတွင်းမှာပါ အကျိုးရှိစေမယ့် ဆွေးနွေးမှုတွေ ဖြစ်နေပါတယ်။

ဒါဆိုရင် သူတို့ရဲ့တွေ့ဆုံမှုက ကမ္ဘာကြီးကိုဘယ်လိုသတင်းစကားပေးချင်ပြီး အနောက်အုပ်စုကလည်း သူတို့အပေါ် ဘာကြောင့်  မလိုလားတဲ့ပုံစံမျိုးဖြစ်နေရတာလဲ ဆိုတဲ့အကြောင်းကို မေးခွန်းထုတ်နိုင်ပါတယ်။

အပေါ်မှာပြောခဲ့သလိုမျိုးပဲ မိုဒီဟာ သူ့ရဲ့ဝန်ကြီးချုပ်သက်တမ်း အသစ်အတွက် ပထမဆုံး ရွေးချယ်လိုက်တဲ့ နိုင်ငံက ရုရှားနိုင်ငံဖြစ်နေခြင်းဟာ  အိန္ဒိယအနေနဲ့ ရုရှားနိုင်ငံအပေါ်  ဘယ်လောက်အထိ အလေးထားပြီး ဘယ်လိုမျိုးဆက်ဆံရေး တည်ဆောက်လိုနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြသွားတာ ဖြစ်ပါတယ်။

မိုဒီရဲ့ခရီးစဉ်အပေါ် အနောက်အုပ်စုက မလိုလားရတဲ့အကြောင်းရင်းကတော့ သူတို့ဆန့်ကျင်ထားတဲ့   ရုရှားနိုင်ငံကို အိန္ဒိယလိုမျိုး အင်အားကြီးနိုင်ငံတစ်နိုင်ငံက ဆက်ဆံရေးခိုင်မာအောင် တည်ဆောက်လိုက်တဲ့ အတွက်ပါပဲ။

ဒါကြောင့်   အခြေအနေအားလုံးကို ခြုံငုံသုံးသပ်ရမယ်ဆိုရင် အိန္ဒိယနိုင်ငံဟာ အနောက်နိုင်ငံတွေထက်စာရင်   ရုရှားနိုင်ငံနဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာအောင်တည်ဆောက်ခြင်းအားဖြင့် ဗဟုဝင်ရိုးကမ္ဘာကြီးကို ပုံဖော်ထုဆစ် သွားတော့မယ်ဆိုတာ  ကမ္ဘာကြီးကို  သတင်းစကားပါးလိုက်ခြင်းသာ ဖြစ်ကြောင်း   ရေးသား တင်ပြလိုက်ရပါတယ်။  ။    

Ref:RT