နေပြည်တော် သြဂုတ် ၁၂
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)အကြိုညှိနှိုင်း အစည်းအဝေး တတိယနေ့ကို ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)၌ ဆက်လက် ကျင်းပသည်။
အစည်းအဝေးသို့ အစိုးရ ကိုယ်စားလှယ်များအဖြစ် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ငြိမ်းချမ်းရေး ကော်မရှင်အကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး NCA-S EAO ကိုယ်စားလှယ်များအဖြစ် ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် စဝ်စိုင်းငင်း(RCSS/SSA)၊ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း(ABSDF)၊ ညှိနှိုင်းရေး အဖွဲ့ဝင်များဖြစ်ကြသည့် ပဒိုစောတာဒိုမူး (KNU)၊ ဦးလှဌေး (ABSDF)၊ စောမြရာဇာလင်း(ALP)၊ ဒေါက်တာလျန်မှုန်းဆာခေါင်း (CNF)၊ ဆလိုင်းထလာဟေး (CNF)၊ စောစိန်ဝင်း(DKBA)၊ ပဒိုစောအယ်ကလူစေး(KNU)၊ စောကျော်ညွန့် (KNLA-PC)၊ ကြာဆော်လမွန်(LDU)၊ နိုင်အောင်မငေး (NMSP)၊ ခွန်မြင့်ထွန်း(PNU)နှင့် ဒေါက်တာစိုင်းဦး(RCSS/SSA)တို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် NCA-S EAO ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်းက သြဂုတ် ၁၃ ရက်တွင် ကျင်းပမည့် (၉)ကြိမ်မြောက် JICM အစည်းအဝေး၏ အစည်းအဝေး အစီအစဉ်နှင့် ပြင်ဆင်မှုများကို ယခုအစည်းအဝေးတွင် ချမှတ်နိုင်သကဲ့သို့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးညှိနှိုင်း ပြင်ဆင်နိုင်ခဲ့ကြောင်း၊ သဘောတူညီချက်များ ရရှိနိုင်ရန် မိမိတို့နှစ်ဖက် ညှိနှိုင်းရေးအဖွဲ့များ အကြားနှင့် သက်ဆိုင်ရာ အစုအဖွဲ့များအကြား အကျေအလည် ဆွေးနွေးညှိနှိုင်းခဲ့ရကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယဥက္ကဋ္ဌပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက လတ်တလော သဘောတူညီမှု မရရှိသေးသည့် အချက်များကို ဆက်လက်ဆွေးနွေးပြီး နားလည်မှုများ ရရှိသည့်အခါ သဘော တူညီမှုရရှိမည်ဟု ယုံကြည်ကြောင်း၊ သဘောတူညီမှု ရသည့်အချက်များကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေးတွင် အစိတ်အပိုင်း(၃)အဖြစ် ချုပ်ဆိုနိုင်ရန်အတွက် JICM နှင့့် UPDJC အစည်းအဝေးများတွင် ဆက်လက်တင်ပြနိုင်ရေး ဆောင်ရွက်ကြရန် ပြောကြားသည်။
ယနေ့အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေးတွင် လက်မှတ်ရေးထိုးချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)ပိုင်းဖြစ်သည့် NCA အကောင်အထည်ဖော်မှု ဆိုင်ရာ မူဘောင် သဘောတူညီချက် ၁၅ ချက်၊ ၂ဝ၂ဝ ပြည့်နှစ်အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့်အဆင့်လိုက် အကောင်အထည်ဖော်မှုများ၏ ခေါင်းစဉ်ကြီး ရှစ်ခုနှင့် ဆက်လက်ညှိနှိုင်းရမည့် နှစ်ဖက်အဆိုပြု ခေါင်းစဉ်ခွဲများနှင့် အပိုင်း(၃)ဖက်ဒရယ် အခြေခံမူ သဘောတူညီချက်ငါးချက် စသည်တို့ကို သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
အစည်းအဝေးအပြီးတွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် NCA-S EAO ကိုယ်စားလှယ် နိုင်အောင်မငေးတို့သည် မီဒီယာများနှင့် တွေ့ဆုံပြီး အစည်းအဝေး ရလဒ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ၎င်းတို့၏မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။