လေကောင်းလေသန့်ရရှိဖို့ သစ်ပင်စိုက်ပျိုးကြပါစို့

 

လေကောင်းလေသန့်ရရှိဖို့ သစ်ပင်စိုက်ပျိုးကြပါစို့

လူ့အသက်သည် လေ၊ ရေ၊ မြေပေါ်တွင် အမှီပြုတည်ရှိနေပေသည်။   လေထုမရှိလျှင် အသက်ရှင်သန်ရန် လမ်းမမြင်နိုင်ပေ။

လေထု၊ ရေထု၊ မြေထုသည် သဘောသဘာဝ မတူညီကြသော်လည်း   တစ်ခုနှင့်တစ်ခုဆက်စပ်နေကြသည်။ အသက်ရှင်သန်ရေး လေကို နေ့စဉ်ရှူရှိုက်ကြရသည်။ ရှူသောလေ သန့်စင်ရန်လိုအပ်သည်။ သန့်စင်သောလေသည် ခန္ဓာကိုယ်တွင်းရှိ ကိုယ်တွင်းအစိတ်အပိုင်းများ  ကောင်းမွန်စွာ လှုပ်ရှားလည်ပတ်ရေး များစွာ အထောက်အကူပြုပေသည်။ ရှူသောလေ မသန့်စင်ပါက ခန္ဓာဗေဒဖြစ်စဉ်များ ကမောက်ကမဖြစ်စေပြီး ရောဂါမျိုးစုံဝင်ရောက်လာနိုင်သည်။

ယနေ့ကမ္ဘာကြီးသည်  ခေတ်မီနိုင်ငံများ တည်ဆောက်လျက်ရှိခြင်းကြောင့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှု ပိုမိုလာခဲ့ပြီး လေထုညစ်ညမ်းမှု ပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိသည်။

ကမ္ဘာ့နိုင်ငံအသီးသီးသည် လေထုညစ်ညမ်းမှု ပြဿနာကို ကာကွယ်ရန် နည်းလမ်းမျိုးစုံ အသုံးပြုလာခဲ့ကြသည်။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့လျှော့ချရေး အစီအစဉ်များလည်း တစိုက်မတ်မတ်ကြိုးစားမှုအဖြစ်  သစ်တောပြုန်းတီးမှု ပြဿနာကို အဖြေရှာဖွေလျက်  ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ဖြည့်တင်းနိုင်ရေး အားထုတ်လျက်ရှိပေသည်။ သစ်တောများကို ကမ္ဘာကြီး၏အဆုတ်ဟုပင် တင်စားထားရှိသဖြင့် သစ်တောသစ်ပင်များကို လိုအပ်သည်ထက် ပိုမိုမထုတ်ယူကြရန်၊ လိုအပ်ခြင်းနှင့်အတူ ဆုံးရှုံးသွားသော သစ်တောများ၊ သစ်ပင်များကိုပြန်လည် အစားထိုးစိုက်ပျိုးသွားရန် လိုအပ်သည်။ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းမက နားခိုနိုင်သည့်  စကားရပ်အတိုင်း သစ်တစ်ပင်၊ ဝါးတစ်ပင်၏ တန်ဖိုးကိုသိရှိမှသာ တန်ဖိုးထား နားလည်နိုင်မည်ဖြစ်သည်။ သစ်ပင်သည် မြေဆီလွှာဖြစ်တည်ရေးနှင့် မြေဆီလွှာထိန်းသိမ်းရေး အလုပ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်စွမ်းရှိသဖြင့်  သစ်ပင်များကိုတန်ဖိုးထား စိုက်ပျိုးသွားကြရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်  သစ်ပင်များ စုပေါင်းစိုက်ပျိုးခြင်းကို နိုင်ငံတော်အဆင့်သတ်မှတ်၍ ဆောင်ရွက်လျက်ရှိပြီး စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်များအား  နှစ်စဉ်မိုးရာသီရောက်တိုင်း မြို့နယ်/ခရိုင်/ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စုပေါင်းစိုက်ပျိုးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇူလိုင်လ ၅ ရက်က ပြည်ထောင်စုနယ်မြေ  နေပြည်တော်ရှိ Naypyitaw State Polytechnic University ပရဝဏ်အတွင်း၌ ကျင်းပခဲ့သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင်      သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းနှင့် ပတ်သက်၍  ယခုနှစ်မိုးရာသီတွင် နိုင်ငံပိုင် သစ်တော စိုက်ခင်းများ အပါအဝင်  သစ်ပင်ပေါင်း  ၂၂ ဒသမ ၃၃၂ သန်း စိုက်ပျိုးတည်ထောင်သွားမည်ဖြစ်ကြောင်း၊ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများတွင်သာမက သစ်တောမြေ ပြင်ပနေရာများဖြစ်သည့် ကျေးရွာများ၊ မြို့ပြများ ပတ်ဝန်းကျင်နေရာ အသီးသီးတွင်လည်း ဒေသအလိုက်သင့်လျော်သည့် အရိပ်ရပင်များ၊ လေကာပင်များကို စဉ်ဆက်မပြတ်စိုက်ပျိုးကြရန် လိုအပ်ကြောင်း၊ သစ်ပင်သစ်တောများ ထိန်းသိမ်းရန်၊ မြစ်၊ ချောင်းတစ်လျှောက် သစ်ပင်များ  စိုက်ပျိုးထိန်းသိမ်းရန်၊ တောင်ထိပ်များတွင် သစ်ပင်မခုတ်ရန်နှင့် သစ်ပင်များထိန်းသိမ်းရန်၊ ဒီရေတောပင်များ စိုက်ပျိုးတည်ထောင်ရန်    စသည့် သစ်ပင်သစ်တော စိုက်ပျိုးထိန်းသိမ်းရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့်လည်း    သစ်ပင်စိုက်ပျိုးခြင်းနှင့် ပတ်သက်၍   နှစ်စဉ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများ ပြုလုပ်ကာ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးတွင် စိုက်ပျိုးလျက်ရှိသည်ကိုတွေ့ရသည်။  ဇူလိုင်လ ၁၂ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊ လေ)မိသားစုဝင်များ အပါအဝင်   တိုင်းစစ်ဌာနချုပ် အသီးသီးနှင့် တပ်ရင်း၊ တပ်ဖွဲ့များ၌ ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ပြုလုပ်ခဲ့ပြီး ရတနာတန်းဝင် ကျွန်း၊ မဟော်ဂနီ၊ ပျဉ်းကတိုး၊ ပိတောက် စသည့် ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင်များ   စိုက်ပျိုးခဲ့ကာ တပ်မတော်တစ်ရပ်လုံးအနေဖြင့်  ၎င်းရက်တွင် စုစုပေါင်း ၁၆၂၅၂၀ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။

သစ်ပင်များကို မြတ်နိုးတန်ဖိုးထား၍ စိုက်ပျိုးခြင်းသည် လောကကိုအလှဆင်ခြင်းဖြစ်ပြီး သစ်ပင်၊ ဝါးပင်၊ ပန်းအလှပင် ဟူသမျှ  အမြင်အရလှပသည်သာမက စိတ်ကြည်နူးမှုကိုပါ ဖြစ်စေသည်။ ခြံဝင်းထဲတွင် သီးပင်၊  စားပင်များ စိုက်ပျိုးခြင်း ဓလေ့သည် ကျေးလက်သာမက မြေဧရိယာ ကျယ်ဝန်းသူတိုင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်း အလေ့အထရှိကြပေသည်။ ပျိုးပင် မြေချ  အမြစ်ခိုင်လာသည့်အချိန်မှစ၍ သစ်ပင်တန်ဖိုးသိရှိခွင့်ရကြသည်။ အညွန့်အဖူးသည် သစ်ပင်စိုက်သူ၏ပီတိဖြစ်သည်။ ပန်းပွင့်ချိန်စိတ်ကူး အထူးပင်ပျော်ရွှင်ရသည်။ ပန်းပင်စိုက်ပျိုးလျှင်  ဘုရားပန်းကပ်လှူနိုင်ပြီး ခြံဝင်းအတွင်း ပန်းရနံ့တို့မွှေးကြိုင်စေမည်ဖြစ်သည်။    အလားတူသီးပင် စားပင်စိုက်ပျိုးခြင်းဖြင့်လည်း မီးဖိုချောင် ကုန်ကျစရိတ်ကို  တစ်ဖက်တစ်လမ်းမှ ဖေးကူနိုင်စွမ်း ရှိပေသည်။

စိုက်ပျိုးရေးဝါသနာပါသူတိုင်း သစ်ပင်လေးများကို ချစ်မြတ်နိုးကြသည်။ အစေ့ပေါက်ပင်  စိုက်သူတစ်ယောက်အတွက် အပင်ကို   အရိပ်တကြည့် ကြည့်သည်။

အညှောက်မှ အပင်လေးကြီးလာသည့်ကာလတစ်လျှောက်  ကြည်နူးပီတိဖြစ်ရသည်။ တစ်သက်လုံးပျော်ချင်လျှင် သစ်ပင်စိုက်ရမည့် သဘောတရားကို ပို၍လက်ခံလာကြသည်။ မိုးတွင်းကာလသည် သစ်ပင်လေးများ ရှင်သန်ဖြစ်ထွန်းရန် အကောင်းဆုံးအချိန်ကာလဖြစ်ခြင်းကြောင့် မိုးရွာမြေစိုလျှင် မျိုးစေ့ချသည်။ သစ်ပင်ကလေးများ နုရာမှရင့်၊ ဖူးရာမှ သီးပွင့်လာလျှင် မောသမျှအမောပြေပျောက်ကြရပေသည်။ သစ်ပင်စိုက်ပျိုးခြင်းသည်  မိမိအတွက်သာမက ပတ်ဝန်းကျင်အတွက်ပါ အကျိုးများသော ချစ်စဖွယ် အလုပ်တစ်ခု ဖြစ်သည့်အပြင် လေထုညစ်ညမ်းမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင်  အကောင်းဆုံး လက်နက်တစ်ခုလည်း ဖြစ်သည်။

သို့ဖြစ်၍ သစ်တောသစ်ပင် ရှင်အောင် စိုက်ရမည်ဖြစ်သည်။   ရှင်သန်အောင် ထိန်းသိမ်းရမည်ဖြစ်သည်။ အဆိုပါ သစ်ပင်ကလေးများ ရှင်သန်ရေးအတွက် မြေနေရာ ရွေးချယ်သတ်မှတ်ခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ မြေတောင်မြှောက်ခြင်းဆိုင်ရာ စိုက်ပျိုးပြီး အပင်များ ရှင်သန်ရေး ပြုစုစောင့်ရှောက်ခြင်းများ ပြုလုပ်ရလေ့ရှိသည်။ သစ်ပင်များရှင်သန်ကြီးထွားမှု ဖြစ်စဉ်တွင်  အလင်းရောင်နှင့် ရေသည်အဓိကကျသည်။   လောင်းရိပ်ကျသော အပင်များ၊ ချုံနွယ်ပင်တက်နေသော  အပင်များသည်  လွတ်လပ်စွာ ရှင်သန်ကြီးထွားခွင့်များ ဆုံးရှုံးရလေ့ရှိသည်။ ကိုင်းထွက်နေသော သစ်ကိုင်းများကို ခုတ်ထွင်ရမည်။  အလင်းဖွင့်ပေးရမည်။

ချုံနွယ်ပင်များကို  ရှင်းလင်းပေးရမည်ဖြစ်သည်။  မြေဆီစိုခိုက်   သစ်ပင်စိုက်ပျိုးခြင်းသည်     သစ်ပင်များ ရှင်သန်ရန်   အကောင်းဆုံးအချိန်ကာလ  ဖြစ်ပေသည်။

နှစ်ရှည်ပင် စိုက်ပျိုးခြင်း လုပ်ငန်းသည် အရိပ်လည်းရ၊ လေကောင်းလေသန့်လည်း ရရှိသည့် အလုပ်ဖြစ်သဖြင့် အကျိုးရှိသောအလုပ်ဖြစ်သည်။  သစ်ပင်စိုက်ပျိုးကြရာတွင် ပင်ကြားတန်းကြား မြေကျင်းစီစီရီရီ၊ ပျိုးပင်ညီညီနှင့် သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားခိုနိုင်မည့် စေတနာထား စိုက်ပျိုးကြရမည်ဖြစ်သည်။ သစ်ပင်စိုက်လျှင် စေတနာထည့်၍စိုက်ပျိုးမှသာ ပိုမိုကောင်းမွန်သည်။   ယေဘုယျအားဖြင့် စိုက်သမျှအပင်ရှင်သန်နိုင်ခြင်းက မသေချာလှပေ။ ရှင်သမျှအပင်များကို ပြုစုပျိုးထောင်ရင်း  အနာဂတ်ဘဝလှပရေး  သစ်ပင်စိုက်ပျိုးရေး ပွဲတော်များ ဆက်လက်ကျင်းပကြရမည်က သေချာလှသည်။

သာမန်အားဖြင့် သစ်ပင်စိုက်ပျိုးခြင်းက  လွယ်ကူပေသည်။ လူတိုင်းသစ်ပင်စိုက်ပျိုး တတ်သည်။ သစ်ပင်စိုက်ပြီးနောက် သစ်ပင်ရှင်သန် ကြီးထွားရေးအပိုင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေး အပိုင်းများ  ဆက်လက်

လုပ်ဆောင်ရန် လိုအပ်သည်။ သစ်ပင်တစ်ပင်ရှင်သန်ရေး   စနစ်တကျ စိုက်ပျိုးရလေ့ရှိသည်။ စိုက်ပျိုးမည့် အပင်နှင့် မြေနေရာရွေးချယ်မှုအပိုင်း     အလေးထား ကြရသည်။  သစ်ပင်တစ်ပင် ကောင်းမွန်စွာ ရှင်သန်ရန်မလွယ်ကူပေ။ အချိန်ကာလစောင့်ကြရသည်။   သစ်ပင်တစ်ပင်ကို လွယ်လင့်တကူ   မခုတ်ယူသင့် သကဲ့သို့ မစိုက်ပျိုးမီကပင် ရေရှည်မြော်တွေးစိုက်ပျိုးပေးရမည် ဖြစ်သည်။  အကွာအဝေးနှင့် အတန်းညီညီ၊ အပင်အမျိုးအစားတူတူ စိုက်ပျိုးမှသာ  ရေရှည်တည်တံ့လှပသည့် သစ်ပင်အုပ်၊ သစ်တောအုပ်များ ဖြစ်ပေါ်လာမည်ဖြစ်သည်။

သစ်ပင်စိုက်ပျိုးရသည့် ရည်ရွယ်ချက်

များစွာရှိသည်။ သစ်ပင်စိုက်ပျိုးခြင်းမှတစ်ဆင့်  ရာသီဥတုကောင်းမွန်ရေးအတွက် အထောက်အကူဖြစ်စေသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို အကျိုးပြုခြင်း၊ ဂေဟစနစ်များကို ပိုမိုကောင်းမွန်စေခြင်း တို့ကို ဖြစ်စေသည်။ သစ်ပင်စိုက်ပျိုးခြင်းကြောင့် အကျိုးရလဒ်များစွာရရှိနိုင်ပေသည်။ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ကောင်းစွာအန်တုနိုင်သည်။ လေထုအတွင်း တည်ရှိနေသည့် ကာဗွန်ဒိုင်အောက်ဆိုက် များကိုစုပ်ယူပြီးနောက်  လူနှင့်သက်ရှိ တိရစ္ဆာန်များကို အကျိုးပြုစေမည့်    အောက်ဆီဂျင်ကို ပြန်လည်ထုတ် ပေးနိုင်စွမ်း ရှိသည့်အပြင်  သဘာဝဘေးအန္တရာယ်မှ အကာအကွယ်ပေးခြင်း၊ လေကောင်းလေသန့် ထုတ်လုပ်ပေးခြင်း၊   အေးမြသည့်အရိပ်များ ဖန်တီးပေးခြင်းနှင့် ထင်းအဖြစ်သုံးစွဲနိုင်ခြင်း အစရှိသည့် လူသားအကျိုးပြုနိုင်စွမ်း ရှိပေသည်။ သို့သော် လောင်စာအတွက် သစ်ပင်များကို အဆမတန်ခုတ်လှဲခြင်း၊ ပရိဘောဂနှင့်အိမ်ဆောက်ပစ္စည်း အသုံးပြုရန်အတွက် သစ်ပင်များကို အလုံးအရင်းခုတ်လှဲခြင်းများကို ထိန်းညှိဆောင်ရွက်သင့်လှသည်။  

သစ်ပင်တစ်ပင်အတွက်     တန်ဖိုးသတ်မှတ်ချက် မထားရှိသင့်ပေ။ သစ်ပင်မှရရှိနိုင်သည့် အကျိုးကျေးဇူးများကို  တန်ဖိုးသတ်မှတ်ရန် ခက်ခဲလှသည်။   အဓိကအားဖြင့် ရာသီဥတုကို ထိန်းညှိပေးနိုင်သည့် လုပ်ဆောင်ချက်ကြောင့်  သစ်ပင်စိုက်ပျိုးခြင်းကို လူတိုင်းအားဖြည့် ပါဝင်ကူညီသင့်သည်။ သစ်တောဖုံးလွှမ်းမှု ပြန်လည်အားကောင်းလာစေရေး သစ်တောစိုက်ကွင်း၊ စိုက်ခင်းများ   အစားထိုးဖော်ဆောင်ခြင်းသာ အကောင်းဆုံး ကုစားမှုတစ်ခု ဖြစ်သည်။ သစ်ပင်စိုက်ပျိုးပွဲများတွင်လည်း  ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ စိန်ပန်း၊ ကံ့ကော်၊ ပိတောက်၊ ခရေ၊ ငုဝါကဲ့သို့ ရတနာတန်းဝင်အပင်များနှင့် အရိပ်ရလေကာအပင်များ စိုက်ပျိုးကြသည်ကို တွေ့ရှိရသည်။ ဌာနဆိုင်ရာများ၊   တပ်ရင်းတပ်ဖွဲ့များသည် ဇူလိုင်လ၏ မိုးဖွဲများအောက် မြေပြင်ခြင်း၊ ကျင်းတူးခြင်းများ၊ သစ်ပင်စိုက်ပျိုးခြင်းများ ပျော်ရွှင်စွာပြုလုပ်ကြသည်။ ပူပြင်းခြောက်သွေ့သော အခြေအနေမှ   စိမ်းလန်းသော ကမ္ဘာတစ်ခုဖြစ်ပေါ်ရေး သစ်ပင်စိုက်ပျိုးနိုင်စွမ်းအားဖြင့် မြှင့်တင်ကြရမည် ဖြစ်သည်။ အရိပ်လိုက  နေပူကစောင့်ရန်မလိုတော့ပေ။ သစ်တောအုပ်များ ဖြစ်ပေါ်က သက်ရှိသက်မဲ့ အားလုံးအတွက် ပင်ပန်းဆင်းရဲခြင်းဒုက္ခမှ   အထိုက်အလျောက် သက်သာစေမည်ဖြစ်သည်။ သို့ဖြစ်၍ လူမှုပတ်ဝန်းကျင်တစ်ခုလုံးကို  အကျိုးပြုစေသော သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းကို  တစ်ဦးချင်းသော် လည်းကောင်း၊ အသင်းအဖွဲ့များအလိုက် သော်လည်းကောင်း နိုင်ငံတစ်ဝန်းလုံးတွင် အကြားအလပ်မရှိ  စိုက်ပျိုးကြမည်ဆိုပါက လေကောင်းလေသန့် အပြည့်အဝ ရရှိသော ကမ္ဘာတစ်ခု အမြန်ဆုံး တည်ဆောက်သွားနိုင်လိမ့်မည်ဖြစ်ပါကြောင်း ယုံကြည်စွာ ရေးသားတင်ပြလိုက်ရပါသည်။   ။

ထက်ဝေအောင်(စစ်ကိုင်း)