ကျိုင်းတုံမြို့၊ ရပ်တော်မူထေရဝါဒ ဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်း၌ သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်ခြင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲပြုလုပ်
နေပြည်တော်၊ ၂၀၂၄ ဇူလိုင်-၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ရပ်တော်မူထေရဝါဒ ဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်း၊ တောင်တန်းသာသနာပြု ထောက်ပံ့ရေးအသင်း၏ နဝမအကြိမ်မြောက် တောင်တန်းသာသနာပြု ရဟန်းတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်ခြင်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ကျိုင်းတုံမြို့၊ ရပ်တော်မူ ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်း၌ ပြုလုပ်ရာ ကျိုင်းတုံမြို့နယ်၊ သံသရာအေး ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တကောသလ္လ အမှူးပြုသော သံဃာတော်များ ကြွရောက် တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ကျော်နိုင်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယတိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံသရာအေးကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူသည့် ပရိတ်တရာတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ဒုတိယတိုင်းမှူးနှင့် စေတနာရှင်အလှူရှင်များက သံဃာတော် များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်များ ဆက်ကပ်လှူဒါန်းကြသည်။ ၎င်းနောက် ဒုတိယတိုင်းမှူးနှင့် တက်ရော်ကလာကြသူများက သာသနာ့ဝေပုလ္လကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဝိဇယထံမှ အနုမောဒနာ တရားနာကြားကာ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။