အသံထက်မြန် ကိုယ်ပျောက်တိုက်ခိုက်ရေးဗုံးကြဲလေယာဉ်ကို တစ်ခေတ်ဆန်းစေမယ့် JH-26

 

အသံထက်မြန် ကိုယ်ပျောက်တိုက်ခိုက်ရေးဗုံးကြဲလေယာဉ်ကို တစ်ခေတ်ဆန်းစေမယ့် JH-26

 

J-20 တိုက်လေယာဉ်ရဲ့ ညီရင်းအစ်ကိုဖြစ်လာမယ့်  JH-26 ကို မကြာခင်မှာ ထုတ်ဖော်ကြေညာ သွားတော့မယ်လို့ ယူဆရဖွယ်ရှိပါတယ်။ သူနဲ့ပတ်သက်တဲ့ သတင်းတွေက ပြီးခဲ့တဲ့နှစ်ကုန်လောက် ကတည်းက တက်လာနေတာပါ။ ဒါကြောင့် မကြာခင်မှာ သူနဲ့ပတ်သက်တဲ့ တရားဝင်ထုတ်ပြန်ချက် ထွက်ပေါ်လာတော့မယ်လို့ ခန့်မှန်းရတာ ဖြစ်ပါတယ်။

အဲဒီလို   တရားဝင်ထုတ်ပြန်ချက် မထွက်ပေါ်လာခင်မှာ JH-26 နဲ့ပတ်သက်ပြီး ကြိုတင်သိရှိ ထားသင့်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးသွားမှာပါ။

JH-26 ဆိုတဲ့အမည်က ဘယ်ကနေ ဖြစ်ပေါ်လာတာလဲဆိုရင်   တကယ့်ဆရာကြီးတစ်ဦးဖြစ်တဲ့  DF-26 အမြင့်ပျံဒုံးကျည်ကနေ စတင်အခြေခံလာတာပါ။ JH-26 ရဲ့ တိုက်ပွဲဝင်နိုင်တဲ့အချင်းဝက်က ကီလိုမီတာ ၃၀၀၀ အထိကို ရောက်ရှိနိုင်တာပါ။  ဒါကြောင့်လည်း JH-26  ဆိုပြီးခေါ်ဝေါ်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ထိုင်ခုံနှစ်လုံးတပ် J-20 လေယာဉ်တွေကို စမ်းသပ်ပျံသန်းမှု စဉ်ဆက်မပြတ်   လုပ်ဆောင်တာတွေ၊ WS-15 အင်ဂျင်များကို ပေါင်းစည်းခြင်း လုပ်ဆောင်တာတွေဟာ သူတို့အနေနဲ့ JH-26 အတွက် နည်းပညာပိုင်းဆိုင်ရာ အခြေခံလိုအပ်ချက်တွေကို အောင်မြင်စွာ ဖြည့်ဆည်းနိုင်ပြီဆိုတာ ပြသနေရာရောက်ပါတယ်။

ကိုယ်ပျောက်တိုက်ခိုက်ရေးလေယာဉ်ရဲ့ ဒီဇိုင်းပိုင်းကိုပြောရမယ်ဆိုရင် ကိုယ်ထည်တွင်း   လက်နက်ချိတ်ဆွဲရာ နေရာက အင်မတန်မှအရေးကြီးပါတယ်။

လေကြောင်းတိုက်ပွဲဝင်မယ့် လေယာဉ်တွေဟာ   ကိုယ်ထည်တွင်းလက်နက်ချိတ်ဆွဲရာနေရာကို ကြီးလွန်းလို့ မရပါဘူး။ ဒီလိုကြီးလိုက်မယ်ဆိုရင် သူ့ရဲ့အမြန်နှုန်း၊ လှုပ်ရှားသွားလာနိုင်စွမ်းနဲ့  တခြားစွမ်းဆောင်ရည် တွေအပေါ် ကြီးစွာသော သက်ရောက်မှုတွေ ရှိစေပါလိမ့်မယ်။ ဒီလိုလေယာဉ်တွေအတွက် ဥပမာက J-20 နဲ့ F-22 တို့ပါပဲ။

ဒါပေမဲ့ မြေပြင်ပစ်မှတ်တွေကို အဓိကထားတိုက်ခိုက်မယ့် လေယာဉ်တွေကျတော့ ကိုယ်ထည်တွင်း   လက်နက်ချိတ်ဆွဲရာနေရာကိုကြီးဖို့ လိုပါတယ်။  ဒါမှလည်း ခဲယမ်းများများကို သယ်ဆောင်ပစ်ခတ်နိုင်မှာပါ။ ဒီနေရာမှာကျတော့ အမြန်နှုန်းနဲ့လှုပ်ရှားသွားလာနိုင်စွမ်းက ဟန်ချက်ညီလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။  ဥပမာပြရမယ်ဆိုရင် F-35A/C ပါ။

F-35A/C ဟာ မြေပြင်တိုက်ခိုက်ရေးကို အဓိက လုပ်ဆောင်နိုင်စေဖို့အတွက် ဒီဇိုင်းရေးဆွဲထားတာဖြစ်ပြီး   ခဲယမ်းအလေးချိန် ၉၀၇ ကီလိုဂရမ်ကို သယ်ဆောင်နိုင်ပါတယ်။ ဒီလောက်များပြားတဲ့ ခဲယမ်းများကို သယ်ဆောင်ရတဲ့အတွက် သူ့ရဲ့အရွယ်အစားက အင်မတန်ကြီးမားနေပြီး လျင်မြန်ပေါ့ပါးမှု နည်းပါးတာကို တွေ့ရပါတယ်။

ကိုယ်ပျောက်တိုက်လေယာဉ်မဟုတ်ဘူးဆိုရင်တော့ ဒီအချက်ကို ထည့်သွင်းစဉ်းစားဖို့ မလိုပါဘူး။   ခဲယမ်းတွေကို လေယာဉ်ကိုယ်ထည်မှာ ချိတ်ဆွဲတပ်ဆင်လို့ ရပါတယ်။ သယ်ဆောင်နိုင်တဲ့ အလေးချိန် ပမာဏကလည်း  လုပ်ဆောင်ရမယ့် စစ်ဆင်ရေးအပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။

ဒါပေမဲ့  ကိုယ်ပျောက်တိုက်ခိုက်ရေး လေယာဉ်မဟုတ်တဲ့အတွက် သူ့ရဲ့ကာကွယ်ရေး စွမ်းပကားကလည်း   အင်မတန်နည်းပါးပါလိမ့်မယ်။

အမေရိကန် နိုင်ငံမှာဆိုရင်  သူတို့က လေကြောင်းအရေးသာမှုအတွက် F-22 တွေကိုအသုံးပြုပါတယ်။ မြေပြင်တိုက်ခိုက်ရေးအတွက်ဆိုရင်တော့  F-35 ကို အသုံးပြုပါတယ်။

လက်ရှိမှာ F-22 တွေက သက်တမ်းကြာလာပြီဖြစ်တဲ့အတွက် လေကြောင်းအရေးသာမှုအတွက် F-35 တွေကို အသုံးပြုလာရပါတယ်။ သို့သော်လည်း F-35 တွေကို   ဒီနေရာမှာ အသုံးပြုခြင်းဟာ ကြီးစွာသောကွာဟမှု  ဖြစ်ပေါ်လာစေပါတယ်။

ဒါကြောင့် ပညာရှင်များက  ဝေဟင်တိုက်ခိုက်ရေးသာမက မြေပြင်တိုက်ခိုက်ရေးကိုပါ   လုပ်ဆောင်နိုင်စေမယ့် ကိုယ်ပျောက်တိုက်လေယာဉ်များကို ဖန်တီးဖို့ စဉ်းစားလာကြတာပါ။

F-22 ကိုအခြေခံထားတဲ့ FB-22 ကိုဖန်တီးဖို့ ကြိုးစားခဲ့ပါသေးမယ်။ သူ့ရဲ့ကိုယ်ထည်ကပိုရှည်မယ်။ ခဲယမ်းချိတ်ဆွဲမယ့် နေရာကလည်း ပိုကြီးမယ်။  အသံထက်မြန်တဲ့  အမြန်နှုန်းကိုလည်း ဆက်လက် ထိန်းသိမ်းထားမယ်။ တာလတ်သွား ဗုံးကြဲလေယာဉ်တစ်စင်းရဲ့လိုအပ်ချက်တွေနဲ့အညီလည်း  ဖြစ်စေရမယ်ပေါ့။

FB-22 က တိုက်လေယာဉ်နဲ့တာဝေးသွား ဗုံးကြဲလေယာဉ်စွမ်းဆောင်ရည်တို့ကြားက   ကြီးမားတဲ့ ကွာဟချက်ကို လျော့ကျစေမယ့် လေယာဉ်ဆိုရင်လည်း မမှားပါဘူး။ သူက အရွယ်အစားသေးငယ်တဲ့ ဗုံးအလုံး ၃၀ ကနေ ၃၆ လုံးအထိကို သယ်ဆောင်နိုင်ပါမယ်။  တိုက်ခိုက်ရေး လုပ်နိုင်မယ့် အချင်းဝက်ကတော့  ကီလိုမီတာ ၂၆၀၀ ခန့်သာရှိပါတယ်။

တရုတ်ရဲ့ JH-26 ကကျတော့ အကြံတူနောက် လူသာစမြဲဆိုတဲ့ အတိုင်းပဲ သူကတာလတ်မဟုတ်ဘဲ တာဝေးသွားနိုင်မယ့် လေယာဉ်တစ်စင်း ဖြစ်ပါတယ်။ ဒီအတွက် ထိုင်ခုံနှစ်လုံးတပ်ပေးထားပါတယ်။ သူ့ရဲ့ပျံသန်းနိုင်တဲ့ကြာချိန်က ၈ နာရီကျော် တောင်မှရှိပါတယ်။

ထိုင်ခုံတစ်လုံးတပ် လေယာဉ်တွေမှာ လေယာဉ်မှူးတစ်ဦးက အချိန် ၄ နာရီလောက်မောင်းပြီးတာနဲ့  ညောင်းညာကိုက်ခဲတာတွေ၊  စိတ်ပင်ပန်းတာတွေ ဖြစ်လာတတ်ပါတယ်။

ထိုင်ခုံနှစ်လုံးတပ်မှာဆိုရင်တော့ တစ်ယောက်က ပျံသန်းမောင်းနှင်မှုကို အာရုံစိုက်လုပ်ဆောင်ချိန်  နောက်တစ်ယောက်က တိုက်ခိုက်ရေးကို အဓိကထား လုပ်ဆောင်နိုင်တဲ့အတွက် စိတ်ပင်ပန်းမှုတွေကို   လျှော့ချ ပေးနိုင်ပါလိမ့်မယ်။

ဒီအတွက်ကြောင့် JH-26 ဟာ ရှုပ်ထွေးလှတဲ့စစ်မြေပြင်မှာ ရန်သူ့ပစ်မှတ်တွေကို လျင်မြန်စွာ ခြေရာခံဖျက်ဆီးနိုင်မှာပါ။

ဒါ့အပြင် JH-26 မှာ စွမ်းဆောင်ရည် ပိုမိုမြင့်မားတဲ့ ရေဒါနဲ့အီလက်ထရွန်နစ် စစ်ဆင်ရေးစနစ်များ   တပ်ဆင်ထားတဲ့အတွက်   တာဝေးကင်းထောက်မှုနဲ့ အီလက်ထရွန်နစ် ကြားဖြတ်မှုတို့ကိုလည်းကောင်းစွာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

အနာဂတ်မှာဆိုရင်  JH-26 က လူမဲ့တိုက်ခိုက်ရေး  လေယာဉ်များအတွက် ကွပ်ကဲမှုနဲ့ ထိန်းချုပ်မှု လုပ်ငန်းကိုလည်း လုပ်ဆောင်နိုင်စေဖို့   ရည်မှန်းထားပါတယ်။ ဘာကြောင့်လဲဆိုရင် တိုက်ခိုက်ရေးစနစ်တွေက   အလိုအလျောက်လုပ်ဆောင်မှုတွေဖြစ်လာတာ၊  သတင်းအချက်အလက်အပေါ်   မူတည်တာမျိုးတွေသာ ဖြစ်လာတော့မှာ ဖြစ်တဲ့အတွက် အနာဂတ်စစ်မြေပြင်တွေက လူမဲ့တိုက်ခိုက်ရေးလေယာဉ်များအပေါ် မှီခို လာရတော့မှာကြောင့် ဖြစ်ပါတယ်။

JH-26 က ကြီးမားတဲ့ ကိုယ်ပျောက်တိုက်ခိုက်ရေး   ဗုံးကြဲလေယာဉ်ဖြစ်တဲ့အလျောက် မြင့်မားတဲ့ အလိုအလျောက်စနစ်များနဲ့ သတင်းအချက်အလက် ရယူနိုင်မှုစနစ်များ ပါဝင်တဲ့အတွက် အမျိုးမျိုးသော လူမဲ့တိုက်ခိုက်ရေး လေယာဉ်များကို ထိရောက်တဲ့   ကွပ်ကဲမှုနဲ့ထိန်းချုပ်မှု လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်လည်း    ဝေဟင်တိုက်ခိုက်ရေးစနစ်ကြီး တစ်ခုလုံးရဲ့ တိုက်ပွဲဝင်ထိရောက်မှုကို ပိုမိုမြင့်မားလာစေမှာပါ။

လက်ရှိမှာရရှိနိုင်တဲ့ အချက်အလက်တွေအရဆိုရင် J-20 တိုက်လေယာဉ်ရဲ့ ကိုယ်ထည်တွင်း လက်နက်ခဲယမ်းချိတ်ဆွဲရာနေရာက အလျား ၄ ဒသမ ၆ မီတာ၊ အနံ ၂ ဒသမ ၃ မီတာနဲ့ အမြင့် သုည ဒသမ ၇ မီတာရှိတယ်လို့သိရပါတယ်။

JH-26 မှာ   လက်နက်ခဲယမ်းတွေ ပိုမိုချိတ်ဆွဲနိုင်ဖို့အတွက်ဆိုရင် အဲဒီနေရာကို အလျား ၆ မီတာလောက်အထိ တိုးချဲ့လာနိုင်ပါတယ်။   ကိုယ်ထည်ကြံ့ခိုင်မှုအတွက် ထည့်သွင်းတွက်ချက်မယ်ဆိုရင်တော့ လက်နက်တွေကို  ကန့်လန့်ဖြတ်ပုံစံမျိုးနဲ့နေရာချထားတာမျိုးလုပ်ဆောင်လာနိုင်ပါတယ်။

ဒါဆိုရင်  Tiange-1000 လိုမျိုး အကြီးစားပဲ့ထိန်းဗုံး ၃ လုံးကနေ ၄ လုံးအထိ ဒါမှမဟုတ် အသေးစားဗုံး ၂၄ လုံး ကနေ ၃၂ လုံးအထိ ချိတ်ဆွဲသယ်ဆောင်နိုင်မှာပါ။

JH-26 က လူနှစ်ယောက်ကိုလည်း သယ်ဆောင်မယ်။ ကိုယ်ပျောက်ဒီဇိုင်းလည်းဖြစ်တယ်။ တာဝေး အတွက်လည်း အသုံးပြုမယ် ဆိုတဲ့အတွက်  ကြီးမားတဲ့ ဆီတိုင်ကီလိုအပ်မှာပါ။ ဒါကြောင့် တောင်ပံအလျားက   ပိုပြီးကြီးလာနိုင်ပါတယ်။

ဆီတိုင်ကီအတွက်ကိုပဲ အလေးချိန်က တန် ၂၀ လောက်  အသုံးပြုရမှာဖြစ်ပါတယ်။ ဒါဆိုရင် သူ့ရဲ့ထွက်ခွာစဉ်အလေးချိန်က   တန် ၄၀ လောက်အထိကို ရောက်နိုင်ပါတယ်။

ဒီလိုမျိုးကြီးမားတဲ့ လေယာဉ်အတွက်ဆိုရင် ပိုမိုစွမ်းအားပြင်းတဲ့ အင်ဂျင်လိုအပ်မှာ အမှန်ပါပဲ။ လက်ရှိရရှိထားတဲ့ အချက်အလက်တွေအရ WS-15 တွန်းကန်အားမြင့်အင်ဂျင်တွေကို  စတင်အသုံးပြုနေပြီလို့ သိရပါတယ်။

အဲဒီအင်ဂျင်ရဲ့ အမြင့်ဆုံးတွန်းအားက ၁၆ တန်အထိ  ရောက်ရှိနိုင်ပါတယ်။

အလယ်အလတ်အဆင့် တွန်းအားကတော့ ၁၀ တန်ပါ။  ဒါကြောင့်   ထွက်ခွာစဉ် တွန်းအားမှအလေးချိန်အချိုး သုည ဒသမ ၈ ရှိပါတယ်။

JH-26 ရဲ့ အဓိကအားသာချက်က ဘယ်အပေါ်မှာမူတည်လဲဆိုရင် သူ့ရဲ့ပေါင်းစပ်ကင်းထောက် စွမ်းရည်နဲ့ တိုက်ခိုက်ရေးစွမ်းရည် အပေါ်မှာ မူတည်ပါတယ်။

သမားရိုးကျတာဝေးပစ်ဒုံးကျည်များက လေဆိပ်တို့၊ လေယာဉ်ရုံတို့၊ တံတားတို့၊ လက်နက်တိုက်တို့လိုမျိုး ပုံသေပစ်မှတ်များ အပေါ်ကိုသာ   အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်နိုင်ပါတယ်။ JH-26 ကျတော့ ရွေ့လျားနေတဲ့အပြင် အချိန်နဲ့အမျှ အရေးကြီးတဲ့ မြေပြင်ရှိလေယာဉ်များ၊ ရွေ့လျားရေဒါများ၊ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များကဲ့သို့သောပစ်မှတ်များကို ထိရောက်စွာတိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။

အမေရိကန်ရဲ့ F-35 များက ရှိသင့်ရှိထိုက်တဲ့ စံနှုန်းများ လွဲမှားနေပါတယ်။

သူ့ရဲ့အကြီးမားဆုံးသော  ခြိမ်းခြောက်မှုက   ကိုယ်ပျောက်ကင်းထောက်နိုင်စွမ်းနဲ့ မြေပြင်တိုက်ခိုက်ရေး   စွမ်းရည်တို့ပါပဲ။ ဒါ့အပြင် သူဟာ ၉၀၈ ကီလိုဂရမ်ရှိတဲ့ ဗုံးနှစ်လုံးကိုသယ်ဆောင်ပြီး ပစ်မှတ်ကို ထိရောက်စွာ ပစ်ခတ်နိုင်စွမ်း ရှိခြင်းကလည်း သူ့ရဲ့အရည်အချင်းတစ်ရပ် ဖြစ်ပါတယ်။

ဒါပေမဲ့ JH-26 ကိုသာ  ပမာဏအမြောက်အမြား   ထုတ်လုပ်နိုင်သွားပြီဆိုရင် ဒီလိုမျိုးအခြေအနေတွေဆိုတာ တစ်မုဟုတ်ချင်းကို   လုံးလုံးလျားလျား ပြောင်းလဲသွားမယ့် အရာများပင် ဖြစ်ပါတယ်။

Ref: China-Arms