ဂုဏ်ယူဝင့်ကြွား ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃)
နိုင်ငံတစ်နိုင်ငံခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးမှာ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍဟာလည်း အလွန်ပဲ အရေးကြီးလှပါတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာဖို့အတွက် ပထဝီအနေအထားအရ သဘာ၀ အတားအဆီး ဖြစ်တဲ့နေရာတွေမှာ တံတားတွေ တည်ဆောက်ပေးခြင်း၊ လမ်းတွေကို ရာသီမရွေး သွားလာနိုင်အောင် ဖောက်လုပ်ခြင်းနဲ့ အဆင့်မြှင့်တင်ခြင်းတွေကို ဆောင်ရွက်ပေးရပါတယ်။ ဒီလုပ်ငန်းတွေကို နိုင်ငံတော်အစိုးရအနေနဲ့ ဦးစီးဦးဆောင်ပြုကာ ဆောင်ရွက်ပေးနေသလို ဖြစ်ပေါ်လာတဲ့ လမ်းတံတားတွေ ကြာရှည်တည်တံ့ ခိုင်မြဲအောင် ပြည်သူအားလုံးက ကိုယ်စီအသိနဲ့ ထိန်းသိမ်းအသုံးပြုကြရမှာ ဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၈ ရက်နေ့မှာ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး မော်တော်ယာဉ်များအား စတင်ဖြတ်သန်းခွင့်ပြုခဲ့ပြီ ဖြစ်ပါတယ်။
မြစ်ကူး၊ ချောင်းကူးတံတားတစ်စင်းပေါ်ပေါက်လာခြင်းကို အခြားသူတွေထက် အဲဒီတံတားကြီးရဲ့ အနီးပတ်ဝန်းကျင်မှာ နေထိုင်ကြပြီး နေ့စဉ်လှုပ်ရှား သွားလာနေကြသူတွေက ပိုမိုဝမ်းသာပီတိ ဖြစ်ကြပါတယ်။
ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် -၃) လေးလမ်းသွားတံတားသစ်ကြီးကို ဖွင့်လှစ်လိုက်ပြီ ဖြစ်တဲ့အတွက် သန်လျင် တံတားအမှတ်(၁)တွင် ဖြစ်ပေါ်လျက်ရှိတဲ့ ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းပေးနိုင်တော့မည် ဖြစ်တဲ့အပြင် သီလဝါအထူးစီးပွားရေးဇုန်ကို အကြောင်းပြုပြီး ပြည်တွင်း၊ ပြည်ပစီးပွားရေး လုပ်ငန်းများ တိုးပွားလာမှုကြောင့် ရန်ကုန်မြို့အပါအဝင် ရန်ကုန်တောင်ပိုင်း ခရိုင်မြို့နယ်များဖြစ်တဲ့ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာမှာ ဖြစ်ပါတယ်။
နိုင်ငံအတွင်းမှာ မြို့ပြဒေသတွေသာမက ဝေးလံခေါင်းပါးလှတဲ့ နယ်စပ်ဒေသတွေပါမကျန် လမ်းတွေ အဆင့်မြှင့်တင် ပေးခြင်း၊ လမ်းကွန်ရက်တွေ တိုးချဲ့ခြင်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါတယ်။ အခုဆိုရင် နိုင်ငံတစ်ဝန်းလုံး လမ်းတွေဟာ ကွန်ရက်သဖွယ် ဆက်သွယ်ထားနိုင်တာကြောင့် ပြည်သူတွေ လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြတာ ဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်တာနဲ့အတူ ကုန်စည်စီးဆင်းမှုတွေကလည်း မြန်ဆန်ချောမွေ့နေမှာ ဖြစ်ပါတယ်။ တပ်မတော်က ဦးဆောင်တာဝန်ယူခဲ့တဲ့ ကာလတွေမှာ တည်ဆောက်ပေးထားတဲ့ လမ်းတံတားတွေဟာ ရေတွက်လို့မကုန်နိုင်အောင် များပြားလှပါတယ်။ ဒါကတော့ မျက်မြင်တွေ့နိုင်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်မှာလည်း စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို နိုင်ငံရေးအရ ဦးတည်ချက် ချမှတ်လုပ်ဆောင်နေသလို တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး ကိုလည်း ဦးတည်ချက် ချမှတ်ဆောင်ရွက်နေပါတယ်။ အဲဒီလိုဆောင်ရွက်နေရာမှာ လမ်းပန်းဆက်သွယ်ရေးဟာ အဓိကကျလှပါတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့အတွက် အခုဆိုရင် ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃)ကို တည်ဆောက်ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွားများဖြစ်ပေါ်လာစေဖို့ မပြတ်သော သတိ၊ မလျော့သော ဝီရိယများနဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့အတွက် နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေးစတဲ့ ကဏ္ဍများမှာ အခွင့်အလမ်းကောင်းတွေပိုမိုရရှိအောင်မြင်နေတာကို လက်တွေ့မြင်တွေ့ နေရပါတယ်။ အထူးသဖြင့် ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမြို့တော်ကြီး တစ်ခုဖြစ်သလို ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာခြင်းနဲ့အတူ လူဦးရေ တိုးပွားလာမှုကြောင့် တစ်နေ့တာ သွားလာတဲ့ ယာဉ်အစီးရေဟာလည်း သိသိသာသာ များပြားလာပါတယ်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြောသွားလာမှု စနစ်တကျ ဖြစ်စေရေးအတွက် ခုံးကျော်တံတားတွေ တည်ဆောက်ခြင်း၊ လေးလမ်းသွား မြစ်ကူးတံတားကြီးတွေ တည်ဆောက်ပေးခြင်းတွေ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ အဲ့လိုဆောင်ရွက်ပေးမှုကြောင့် ယာဉ်ကြောပိတ်ဆို့နေမှုကို လျှော့ချနိုင်ပြီး ကုန်စည်စီးဆင်းမှု မြန်ဆန်လာပြီဖြစ်ပါတယ်။ ပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ကျန်းမာရေးကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက် လာနေပြီလည်း ဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃)လေးလမ်းသွားတံတားသစ်ကြီးကို ဖွင့်လှစ်လိုက်ပြီ ဖြစ်တဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြေရှင်းပေးနိုင်တော့မှာ ဖြစ်တဲ့အပြင် သီလဝါ အထူးစီးပွားရေးဇုန်ကို အကြောင်းပြုလို့ ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းတွေ တိုးပွားလာမှုကြောင့် ရန်ကုန်မြို့ အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ်တွေဖြစ်တဲ့ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသမှာရှိကြတဲ့ ပြည်သူတွေရဲ့လူမှုစီးပွားဘဝတွေ တိုးတက်လာတော့မှာ အမှန်ပဲဖြစ်ပါတယ်။
ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃)တည်ဆောက်မှုသမိုင်းကြောင်းနဲ့ ပတ်သက်လို့ ပြောပြရရင် အဆိုပါ တံတားတည်ဆောက်ရေး စီမံကိန်းကို ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ(JICA)နဲ့ မြန်မာနိုင်ငံစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ စီမံကိန်းအကောင်အထည်ဖော်ရေး သဘောတူညီချက်အရ ၂၀၁၃ ခုနှစ်မှ စတင်ကာ စီမံကိန်းလုပ်ငန်းအဆင့်အလိုက် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
တံတားအရှည်အနေနဲ့ မြစ်ကူးတံတားအပိုင်း ၆၆၆၃ ပေ၊ ခုံးကျော်တံတားအပိုင်း ၁၉၇၅ ပေ စုစုပေါင်း ၈၆၃၈ ပေရှိပါတယ်။ တံတားအကျယ် ၇၅ ပေဖြစ်ပြီး လေးလမ်းသွားတံတားဖြစ်ပါတယ်။ တစ်ဖက်ကို Safe Zone ၅ ပေစီပါရှိပါတယ်။ တံတားရဲ့ ရေလမ်းကင်းလွတ်အမြင့်မှာ ၄၃ ပေရှိပြီး ရေလမ်းကင်းလွတ်အကျယ်မှာ ၇၃၅ ပေဖြစ်ပါတယ်။ သံမဏိကြိုးဆိုင်းတံတား(Cable Stayed Bridge)၊ Steel Box နဲ့ PC Box အမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်း သိရှိရပါတယ်။ ဒီတံတားမှာ အခြားတံတားတွေနဲ့ မတူတဲ့ အချက်ကတော့ ရန်ကုန်မြို့ရဲ့ အထင်ကရအမှတ်အသား(Landmark)ဖြစ်စေဖို့အတွက် သံမဏိ ကြိုးဆိုင်းတံတား (Cable Stayed Bridge)ဖြင့် ခိုင်ခံ့လှပထည်ဝါစွာ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။
ဒီလိုမျိုးတံတားကြီး ဖြစ်ထွန်းပေါ်ပေါက်လာတာဟာ နောင်အစဉ်အဆက် မျိုးဆက်သစ်တွေအတွက် အမွေကောင်းတွေ တည်ဆောက်ပေးထားခြင်း ဖြစ်ပါတယ်။ တံတားတစ်စင်းတည်ဆောက်ဖို့၊ ဖြစ်ပေါ်လာဖို့ ဆိုတာ တကယ်တော့ လွယ်ကူလှတဲ့ကိစ္စရပ် မဟုတ်ပါဘူး။ ရေစီးသန်လှတဲ့မြစ်ပြင်မှာ ကျယ်ပြောလှတဲ့ ရေပြင်ကိုဖြတ်ပြီး စွန့်စွန့်စားစား တည်ဆောက်ကြရတာမို့ နိုင်ငံတော်အစိုးရနဲ့အတူ ပါဝင်တည်ဆောက်ပေးသူ အပေါင်းကို စာရေးသူက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိသလို ပြည်သူလူထုအပေါင်းရဲ့ ရင်ထဲမှာလည်း ဝမ်းသာပီတိဖြစ်နေမှာ အမှန်ပါပဲ။ဒေသခံတွေ၊ ပြည်သူတွေအတွက်ကတော့ ပြောစရာ မရှိသလောက်ပါပဲ။
ယခုဖွင့်လှစ်သည့် (သန်လျင်တံတားအမှတ်-၃) အနီးတွင် ယခင်က တည်ဆောက်ထားတဲ့ သန်လျင်တံတား အမှတ်(၁) တည်ရှိပါတယ်။ အဆိုပါ တံတားကို ၁၉၈၆ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၉၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ တံတား၏အရှည်မှာ ၇၀၅၆ ပေရှည်လျား၍ ယာဉ်သွားလမ်း အကျယ် ၂ _ ၁၄ ပေ ၉ လက်မရှိပြီး လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၅ ပေ ရှိပါတယ်။ ခွင့်ပြုယာဉ် အလေးချိန်အနေဖြင့် ၁၂ တန်(လူစီးယာဉ်များသာ) ခွင့်ပြုထားပါတယ်။
ရန်ကုန်-သန်လျင်တံတား အမှတ်(၂)သည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ သန်လျင်မြို့တို့ကို ဆက်သွယ်ပေးထားတဲ့ တံတားတစ်စင်း ဖြစ်ပါတယ်။ တံတားကြီးအရှည်မှာ ပေ ၄၅၄၀၊ ယာဉ်သွားလမ်းအကျယ်မှာ ၇၂ ပေ၊ လူသွားလမ်းအကျယ်မှာ တစ်ဖက်လျှင် ၆ ပေ ရှိပြီး ခွင့်ပြုယာဉ်အလေးချိန် ၅၀ ဒသမ ၅ တန် ခွင့်ပြုထားကြောင်း သိရပါတယ်။ အဆိုပါ တံတားကြီးမှာ သံကူကွန်ကရစ် တံတားကြီးဖြစ်ပြီး၂၀၀၀ ပြည့်နှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။
မည်သူမဆို ကိုယ်နေတဲ့ဒေသ၊ ရပ်ရွာ၊ မြို့နယ်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ဖွံ့ဖြိုးတိုးတက်စေချင်တာ အမှန်ပါပဲ။ တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်လို့ရတာ မဟုတ်တဲ့ အခုလိုမျိုး နိုင်ငံတော်အဆင့် တံတားကြီး ဖြစ်ပေါ်လာတာဟာ ကျေးဇူးမတင်တဲ့သူ ဘယ်သူမှမရှိနိုင်ပါဘူး။
ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးနဲ့ ပတ်သက်လို့ ၂၀၂၁ ခုနှစ်မှာ နိုင်ငံရေး အခြေအနေတွေကြောင့် တည်ဆောက်ရေးလုပ်ငန်း၊ ချေးငွေကိစ္စရပ်တွေ တုံ့ဆိုင်းသွားခဲ့ပြီး အကြိမ်ကြိမ် ညှိနှိုင်းချက်တွေအရ ပြန်လည်တည်ဆောက် နိုင်ခဲ့တာဖြစ်ပါတယ်။ ရန်ပုံငွေသုံးစွဲမှုမှာ လိုအပ်ချက် ဖြစ်ပေါ်လာတဲ့အတွက် နိုင်ငံတော်မှ ကျပ် ၄၆ ဘီလီယံကျော် ထည့်ဝင်ခဲ့လို့ တံတားကြီးတည်ဆောက်မှု ပြီးမြောက်ခဲ့တာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။ ဘယ်လိုပဲ အခက်အခဲတွေရှိနေပါစေ နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ ပြည်သူတွေ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ရင် အောင်မြင်မှာ ဖြစ်ပါတယ်။ ဒါကိုဒီတံတားကြီးက လက်တွေ့ပြသခဲ့ပြီး ဖြစ်ပါတယ်။
ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃)လေးလမ်းသွားတံတားသစ်ကြီးကို ဖွင့်လှစ်လိုက်တဲ့အတွက် နောင်အခါမှာ အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးကို အသုံးပြုပြီး ဘားအံမြို့-မြဝတီမြို့အထိ ဆက်စပ် သွားလာနိုင်တော့မှာ ဖြစ်တဲ့အတွက် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးပြုတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသတွင်းနိုင်ငံများနဲ့ပါ ဆက်သွယ်မှု ပိုမိုဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ ဒီတံတားကြီးဟာ အဆင့်မြင့်နည်းပညာနဲ့ ဆောက်လုပ်ထားတဲ့တံတား ဖြစ်တဲ့အတွက် မြန်မာအင်ဂျင်နီယာ များအနေနဲ့ တံတားတည်ဆောက်ခြင်း ခေတ်မီနည်းပညာနဲ့ အတွေ့အကြုံတွေ ရရှိခဲ့ပါတယ်။ တံတား တည်ဆောက်တဲ့ အတွေ့အကြုံကြောင့် ကျွမ်းကျင်လုပ်သားတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း တွေလည်း ပိုမိုရရှိစေပြီ ဖြစ်ပါတယ်။
ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)ဖွင့်လှစ်တဲ့နေ့ကစပြီး တံတား အသုံးပြုခကို ဇွန်လ ၈ ရက်မှ ၁၅ ရက်အထိ အခမဲ့ဖြတ်သန်းခွင့်ပြုပေးသွားမှာ ဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့ကနေစပြီး တံတားဖြတ်သန်းခကို မော်တော်ယာဉ် အမျိုးအစားအလိုက် ကောက်ခံသွားမယ်လို့ သိရပါတယ်။ ယင်းတံတား၏ Toll Plaza တွင် တံတားအသုံးပြုခကို လူဖြင့်ကောက်ခံသည့် စနစ်အပြင် နိုင်ငံတကာကဲ့သို့ QR Code အသုံးပြု၍ Mobile Pay စနစ်တို့ဖြင့် အချိန်ကြန့်ကြာမှု မရှိစေရေး စီစဉ်ဆောင်ရွက်နေပြီး ယာဉ်ဖြတ်သန်းခကောက်ခံသည့်စနစ်ကို ငွေသားပေးချေမှုအပြင် ယာဉ်သွားလာမှု လျင်မြန်လွယ်ကူစေရေး နိုင်ငံတကာကဲ့သို့ ETC နှင့် Mobile Pay တို့ဖြင့် ပေးချေမှုစနစ်ကို စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
အဆိုပါ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) ဖွင့်ပွဲပြီးချိန်ကစပြီး မော်တော်ယာဉ်များ စဉ်ဆက်မပြတ် စည်ကားများပြားစွာ ဖြတ်သန်းမောင်းနှင်လျက်ရှိကြောင်း သိရပါတယ်။ စတင် ဖွင့်လှစ်တဲ့နေ့မှာပဲ ကားအစီးရေ ၁၂၉၈၈ စီး ဖြတ်သန်းမောင်းနှင်ခဲ့ကြောင်းကို သိရပြီး ဇွန်လ ၉ ရက်တွင် ကားအစီးရေ ၃၁၅၀၉ စီးကျော် ဖြတ်သန်းမောင်းနှင်ခဲ့ကြောင်း သိရတဲ့အတွက် တံတားကြီး အသုံးဝင်ပုံကို သိရပြီး ဝမ်းမြောက်မဆုံး ဖြစ်မိပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တံတားကြီးတည်ဆောက်ပြီးစီးမှုနဲ့ပတ်သက်လို့ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝသာမက အလုပ်အကိုင် အခွင့်အလမ်းများ ပွင့်လန်းလာပြီး ခရီးသွားပြည်သူများ လွယ်ကူလျင်မြန်စွာ ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်သောကြောင့် တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တာဝန်ရှိသူများက ကြံ့ခိုင်ရေး ကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်းရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း တိကျစွာ လိုက်နာပြီး ရေရှည်ကိုမျှော်မှန်းကာ ဆောင်ရွက်ကြရန် လိုသကဲ့သို့ ဒေသခံများကလည်း ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါတယ်။
အမှန်တကယ်တော့ ဂုဏ်ယူဝင့်ကြွားဖွယ်ကောင်းလှတဲ့ မြစ်ကူးတံတားကြီးတစ်စင်း ထည်ထည်ဝါဝါ ခံ့ခံ့ညားညား ပေါ်ထွန်းလာတာဟာ နိုင်ငံတော်အတွက် ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ မင်္ဂလာသတင်းဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ကောင်းကျိုးစီးပွားအတွက် အလွန်ပဲ အထောက်အကူဖြစ်မယ့် တံတားကြီးလည်းဖြစ်ပါတယ်။
မြစ်ပြင်ကျယ်မှာ၊ ပေါ်ထွန်းလာပြီ၊ သွားလာလွယ်ကူ၊ များပြည်သူတို့၊ အတူလက်တွဲ၊ အောင်ပွဲထွန်းသစ်၊ ပျော်စရာဖြစ်၏။ မြစ်ကူးတံတား၊ ထင်ရှားအသစ်၊ ပဲခူးမြစ်တွင်၊ သန်လျင်တံတား၊ ဝင့်ဝင့်ကြွားသည်၊ ဂုဏ်ယူမဆုံး ဖြစ်တော့သည်လို့ ရေးဖွဲ့သီကျူးဂုဏ်ပြုရင်း ဤဆောင်းပါးကို နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။ ။
အာကာမောင်မောင်