ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံး(Seed Balls)များ ကြဲချ

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံး(Seed Balls)များ ကြဲချ

 

နေပြည်တော် ဇူလိုင်  ၁၄

    သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့်  ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ယနေ့တွင်   ပြည်ထောင်စုနယ်မြေ  နေပြည်တော် တပ်ကုန်းမြို့နယ် အထက်ဆင်သေကြိုးဝိုင်း အတွင်းရှိ တောနိမ့်တောပါး တောင်ကတုံးများတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများ ကြဲချခဲ့သည်။

၂၀၂၄ ခုနှစ် မိုးရာသီ ပြည်ထောင်စုနယ်မြေ  နေပြည်တော်   ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် ဆင်သေချောင်းရေဝေရေလဲ ဧရိယာအတွင်း အထက်ဆင်သေကြိုးဝိုင်း အကွက်အမှတ်  ၅၆ ရှိ နေရာ တစ်နေရာ၊ ဧရိယာ ၁၀ ဒသမ ၅ ဧကတွင် ဒေသနှင့်ကိုက်ညီသော သစ်ပင်အမျိုးအစား ကိုးမျိုးဖြစ်သည့် မြန်မာကုက္ကို၊ စစ်၊ စိန်ပန်း၊ မဲဇလီ၊ ဘောစကိုင်း၊ မန်ဂျန်ရှားစသည့် သစ်စေ့များဖြင့် ပြုလုပ်ထားသော သစ်စေ့မြေလုံးစုစုပေါင်း ၁၀၀၀၀၀ ကြဲချခြင်းအစီအစဉ်သို့ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊  နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဟန်သူ၊ နယ်မြေခံလေတပ်စခန်း စခန်းမှူး၊ တပ်မတော်(လေ)မှ  တပ်မတော်သားများ၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း) ဦးဖေချစ်နှင့် သစ်တောဦးစီးဌာနမှ   တာဝန်ရှိသူများ တက်ရောက်ကြပြီး  နံနက် ၉ နာရီခွဲတွင် ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများ ကြဲချသည်။

သစ်စေ့မြေလုံးပြုလုပ်ရန် သစ်မျိုးရွေးချယ်ရာတွင် အပင်ပေါက်ရောက်မှုနှုန်း အနည်းဆုံး(၆၀ ရာနှုန်း)နှင့်အများဆုံး (၉၀ ရာနှုန်း) ပေါက်ရောက်ပြီး   အပင်ပေါက်ရောက်မှု ရာခိုင်နှုန်းကောင်းမွန်သည့်  မြန်မာကုက္ကို၊ စစ်၊ စိန်ပန်း၊ မဲဇလီ၊ ဘောစကိုင်း၊ မန်ဂျန်ရှားစသည့် သစ်မျိုး(ကိုး)မျိုးကိုသာ ရွေးချယ်ဆောင်ရွက်ခြင်းဖြစ်ပြီး သစ်စေ့အရွယ်အစားအရ သစ်စေ့မြေလုံး(၁)လုံးလျှင်သစ်စေ့ (နှစ်)စေ့မှ (ငါး)စေ့အထိ ထည့်သွင်းဆောင်ရွက်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် ပြည်ထောင်စုနယ်မြေ  နေပြည်တော်   ဥတ္တရခရိုင် တပ်ကုန်းမြို့နယ်ရှိ ဆင်သေချောင်း ရေဝေရေလဲဒေသအတွင်း   သစ်စေ့ကြဲချခြင်း အောင်မြင်ရှင်သန်မှု အခြေအနေများကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် နမူနာကွက်များ ပြုလုပ်၍ အပင်ပေါက်ရောက်မှုကာလနှင့် သစ်စေ့မျိုးအလိုက် ပေါက်ရောက်ရှင်သန်နိုင်မှု အခြေအနေစာရင်း ကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း    သိရသည်။

Dates: 
Monday, July 15, 2024 - 09:07