လက်တွေ့အသုံးချ ဆေးနည်းတို(ဆေးမြီးတို)များ

 

လက်တွေ့အသုံးချ ဆေးနည်းတို(ဆေးမြီးတို)များ

 

ဆရာကြီးခင်ဗျား။ ဥတုကူးအဖျားဆိုပြီး ကျွန်တော်ဖျားတာ သုံးကြိမ်ရှိနေပါပြီ။ ပထမတစ်ကြိမ်ဖျားတော့ သုံးရက်လောက်နဲ့ ပြန်ကောင်းသွားပါတယ်။ အလုပ်ပြန်တက်တော့ ဖျားပြီး ခံတွင်းပျက်တာနဲ့ မုန့်ဟင်းခါး ဝယ်စားမိပါတယ်။ ညဘက်ရောက်တော့ ဝမ်းလျှောပြီး အဖျားဝင်လာပါတယ်။ ဝမ်းလျှောတာ ဆေးအတော်သောက်ယူရပါတယ်။ ဝမ်းလျှောလို့  အားပြတ်သွားတယ်ထင်လို့ အစားပြန်စားတဲ့အခါ ပြန်ဖျားပါတယ်။ တချို့က ထမင်းစားရင် အဖျားပြန်တက်တယ်ပြောလို့ အခု   ဆန်ပြုတ်ပဲသောက်နေပါတယ်။   ဒါကြောင့် အဖျားပြတ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိလိုပါတယ်ခင်ဗျာ။

ငုပ်ဖျား၊ အေးဖျား၊ ပူဖျား၊ ကန်ဖျားဆိုပြီး အဖျားလေးမျိုးရှိပါတယ်။ အခုဟာက ငုပ်ဖျားဖြစ်နေတာပါ။ အဖျားကြာတော့ အားလည်း ယုတ်နေပါတယ်။ ငုပ်ဖျားကို  ကန်ဖျားဖြစ်အောင်လုပ်ပေးရင်  ပျောက်မှာပါ။

နံနက်စောစော ဆန်ပြုတ်ကျဲကျဲပူပူလေးကို နှမ်းလှော်အနည်းငယ်ထည့်သောက်ပါ။ ငါးကြော်၊ ကြက်ဥကြော်အနည်းငယ်စားနိုင်ပါတယ်။ နံနက်  ၉ နာရီလောက်မှာ အုန်းစိမ်းရည်အဝသောက်ပါ။ ပြီးရင် ရေချိုးလိုက်ပါ။   

ရေကို နေရောင်ခြည်အောက်မှာချိုးရင် ပိုကောင်းပါတယ်။ ချင်းပါးပါးလှီး၊ ထန်းလျက်နဲ့ရောကျို၊ ဆားလှော်သင့်ရုံထည့်ပြီးရင်   ပူပူလေးသောက်ပါ။   နေ့လယ်ထမင်းစားရင်  ထမင်းပူပူကို  နှမ်းဆီနဲ့နယ်ပြီး  အမဲခြောက်၊  ငါးခြောက်ဖုတ်ပူပူလေးနဲ့စားပါ။  ပဲရာဇာ ဟင်းချိုပူပူသောက်ပါ။ ထမင်းစားပြီးရင် ချင်းပြုတ်ရည်ပူပူတစ်ကြိမ်ထပ်သောက်ပေးပါ။

မွန်းလွဲ ၁ နာရီလောက်မှာ ချင်းသုပ်အနည်းငယ်စား၊ ရေနွေးကြမ်းပူပူသောက်ပြီး ချွေးထွက်အောင်ကြိုးစားပါ။ တိုင်းရင်းဆေးခန်းရှိရင် ဆေးအမှတ် (၂၅) မှတ် မတဲမြင့်မိုရ်ကုန်းဆေးကိုဝယ်ပြီး  ကွမ်းရွက်ပြုတ်ရည်နဲ့ သောက်ပါ။ ချွေးအလွန်ထွက်ပါတယ်။

ဆရာကြီးခင်ဗျား။  ညအိပ်ပျော်ပြီး အိပ်ရာက နိုးတဲ့အခါ လက်တစ်ဖက်ထုံကျဉ်နေပါတယ်။ တစ်ခါတစ်ရံ လက်နှစ်ဖက်စလုံး ထုံကျဉ်နေပါတယ်။ အကြောအဆစ်ဆေးခန်းမှာပြတော့  ဇက်ကျီးပေါင်းဖြစ်ချင်နေတာလို့ ပြောပါတယ်။   ဓာတ်မှန်တော့  မရိုက်ရသေးပါဘူး။ လေ့ကျင့်ခန်းလုပ်ပေမယ့် မသက်သာပါဘူး။  ကျီးပေါင်း ရောဂါသက်သာအောင်  ဘယ်လိုကုသရမလဲ သိလိုပါတယ်။ ဒါ့ပြင် လိမ်းဆေးလိမ်းရုံနဲ့  ကျီးပေါင်း ပျောက်နိုင်ပါသလား   ဖြေကြားပေးစေလိုပါတယ်။

လည်ပင်းရိုးဆစ် ခုနစ်ဆစ်ရှိပါတယ်။ ခေါင်းငုံ့တဲ့အလုပ်နဲ့ စာကြည့်များတဲ့သူတွေမှာ ဇက်ကျီးပေါင်းတက် တတ်ပါတယ်။ ဇက်ကြောတက်တာ၊ လက်ကျဉ်တာက ကျီးပေါင်းနဲ့အာရုံကြော ညပ်မိလို့ဖြစ်တာပါ။

ခေါင်းငုံ့ပြီး ကြာရှည်လုပ်ရတဲ့အလုပ်ကိုရှောင်ကြဉ်ရပါမယ်။ အိပ်ရင်  ခေါင်းအုံးအထူအုံးတာ၊ ခေါင်းအုံးနှစ်လုံးဆင့်အိပ်တာ ရှောင်ကြဉ်ရပါမယ်။ ခေါင်းအုံးကို ပျော့ပျော့နဲ့ခပ်ပါးပါးအုံးရပါမယ်။  စာရေး၊ စာဖတ်လုပ်ရင် နာရီဝက်တစ်ခါ အနားပေးရပါမယ်။ ဇက်ကျီးပေါင်းက ပျောက်ခဲတာကြောင့် အမြဲအနေအထိုင်ဆင်ခြင်ရပါမယ်။

၁။ စာရေး၊ စာဖတ် ခေါင်းငုံ့ပြီး အာရုံစိုက်အလုပ်လုပ်ရင် နာရီဝက်တစ်ခါအနားပေးပါ။

၂။ အနားပေးတဲ့အချိန်မှာ  အဝေးကိုကြည့်ပါ။ စိမ်းစိုတဲ့ရှုခင်း၊ သစ်ပင် စတာတွေကိုကြည့်ရင် ပိုကောင်းပါတယ်။

၃။ စာကြည့်နားတဲ့အချိန်မှာ    ဦးခေါင်းကိုမတ်မတ်ထားပြီး ရှေ့ကြည့်၊ ဘယ်လှည့်၊ ညာလှည့်၊ အထက်မော့၊     အောက်ငုံ့   လေ့ကျင့်ခန်းကို ၁၀ မိနစ်ခန့် ပြုလုပ်ပေးပါ။

၄။ မုန်ညင်းဆီ ဒါမှမဟုတ် နှမ်းဆီ ၁၀ ကျပ်သားမှာ ကွမ်းရွက်သုံးရွက်၊ ချင်းတက်လက်နှစ်ဆစ် ခြေထည့်ပြီး   မီးနဲ့ဆူအောင် ချက်ထားတဲ့ဆီကို ဇက်မှာစိမ့်ဝင်အောင်လိမ်းပါ။

၅။  ဇက်ကြောတောင့်တင်းရင်   သင်္ဘောရွက်နုကို ပျော့အောင် ရေနွေးစိမ်ပြီး ဇက်မှာကပ်ပေးပါ။

၆။ ကုပ်ပိုးမှာ အဆီဖု၊ အဆီခဲရှိရင် မုန်ညင်းဆီလိမ်းပြီး  ကျပ်ထုပ်ထိုးပေးပါ။ ကျပ်ထုပ်လုပ်ဖို့ မိဿလင်ဥ အခြောက်ကို     အမှုန့်ကြိတ်ပြီး  လက်သီးဆုပ်ခန့်အရွယ်    အဝတ်နဲ့ထုပ်ပါ။

ကျပ်ထုပ်ထိုးခါနီး ရေနွေးငွေ့နဲ့ အပူပေးပါ။

၇။ မှိုင်းရှူပေးရင်လည်း  ဇက်ကြောတက်သက်သာပါတယ်။    တိုင်းရင်းဆေးအမှတ်  (၄၃) အကင်း (၁၀) ပါးဆေးမှုန့်ကို မီးရှို့ပြီး အငွေ့ရှူပေးရင်ရပါတယ်။

၈။ တက်စာတွေရှောင်ကြဉ်ရင်လည်း    အကြောတက်သက်သာပါတယ်။ တက်စာတွေထဲမှာ မျှစ်၊မျှစ်ချဉ်၊ ကုလားပဲ၊ မြေပဲဆန်၊ လက်ဖက်ချဉ်စပ်၊ ခွေးတောက်၊ တမာ၊ ကြက်ဟင်းခါး၊ အုန်းနို့၊ ဒံပေါက်တို့ပါဝင်ပါတယ်။   ရေခဲရေများစွာ သောက်ခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

၉။ ဆားခါးကိုလှော်ပြီး ဟင်းစားဇွန်းတစ်ဇွန်းကနေ နှစ်ဇွန်းသောက်ပေးပါ။ မန်ကျည်းဖျော်ရည်နဲ့ ရောသောက်ရင်လည်း ရပါတယ်။    တစ်ပတ်တစ်ကြိမ်သောက်ပေးရင်  ဝမ်းပုပ်ကင်းစင်ပြီး ဇက်ကြောတက် သက်သာပါတယ်။

ငရုပ်သီးအစပ်စားပြီး  ကြို့ထိုးရင်ဘာလုပ်ရမလဲဆရာ။

ပျားရည်လျက်ပေးပါ။ ဖီးကြမ်းငှက်ပျောသီးစားပါ။

ခြေစွယ်ငုပ်ရင် ဘယ်လိုလုပ်ရမလဲဆရာ။

အုန်းဆီထည့်ပေးပါ။  တစ်ရက်သုံးကြိမ်ထည့်ပြီး

ဆီဝသွားမှ ခြေစွယ်ဖော်ပါ။

ကားမူးပြီး အော့အန်ရင်ဘာလုပ်ရမလဲဆရာ။

သကြားစားပေးပါ။

နှာခေါင်းပိတ်နေရင် ဘာလုပ်ရမလဲသိလိုပါတယ်။

ခြေဖဝါးကိုဆားပွတ်ပြီး ရေလောင်းပေးပါ။ ရေနံဆီ ဒါမှမဟုတ် ပရုတ်ဆီကို နှာခေါင်းမှာလိမ်းပေးပါ။

နားထဲပိုးကောင်ဝင်ရင်    ဘာလုပ်ရမလဲဆိုတာ ပြောပြပေးပါဆရာ။

မုန်ညင်းဆီ၊ နှမ်းဆီတစ်မျိုးမျိုးကို မီးနဲ့နွေးအောင် အပူပေးပြီး နားထဲလောင်းထည့်ပါ။  ပြီးရင် ဘေးစောင်းပြန်သွန် ထုတ်တာကို သုံးကြိမ်ပြုလုပ်ပေးပါ။

ခေါင်းကိုက်တဲ့အခါ ပြုလုပ်ရမယ့်နည်းလမ်းတွေကို သိလိုပါတယ်ဆရာ။

ခေါင်းကိုက်ဝေဒနာခံစားရတဲ့အခါ  ချင်းကိုပါးပါး

လှီးပြီး နားထင်နှစ်ဖက်မှာ ကပ်ပေးပါ။

သွားအခေါင်းပေါက်ရှိလို့ သွားကိုက်ရင် ဘာလုပ်ရမလဲဆရာ။

ကြက်သွန်နီဥသေးတစ်လုံးကို     ထက်ခြမ်းခြမ်းပြီး သွားအခေါင်းပေါက်ထဲထည့်ပေးပါ။

နှာခေါင်းသွေးလျှံရင် ဘာတွေပြုလုပ်သင့်ပါသလဲ။

ရေခဲတုံးသေးသေးကို အိတ်ထဲထည့်၊ နားနောက်က ချိုင့်လေးနှစ်ဖက်မှာကပ်ပေးပါ။ နှာခေါင်းသွေးလျှံတာ ချက်ချင်းရပ်ပါတယ်။

အူကျတဲ့အခါ ဘယ်လိုလုပ်ရမလဲဆရာ။

အူကျလို့   ဖောင်းလာတဲ့နေရာမှာ  ရေခဲအိတ်ကပ်ပေးပါ။  ညအိပ်ရာဝင်တိုင်း  ဖောင်းနေတဲ့နေရာမှာ  ကျားမနိုင်နွယ်မြစ်သွေးလိမ်းအိပ်ပါ။ ကြာကြာလိမ်းရင် အူကျတာပျောက်ကင်းပါတယ်။

တံတောင်ဆစ်တို့၊ ခြေမျက်စိတို့မှာ ဂျွတ်တက်လို့ မည်းနေတာကို ဖြူအောင်ဘယ်လိုလုပ်ရမလဲဆရာ။

ရေချိုးတိုင်း  မန်ကျည်းမှည့်အနှစ်နဲ့ဆား  ရောပြီးပွတ်ပေးပါ။

မိတ်ပေါက်ရင် ဘာလိမ်းရမလဲဆရာ။

ခရေပွင့်ခြောက်နဲ့သနပ်ခါး    ရောသွေးလိမ်းပါ။ ယားရင် ဆားအနည်းငယ်ထည့်သွေးလိမ်းပါ။

တင်းတိပ်ထွက်ရင် ဘာလိမ်းရမလဲဆရာ။

စန္ဒကူးနီအခေါက်ကို  ပရဆေးဆိုင်မှာမေးဝယ်ပြီး ညစဉ်သွေးလိမ်းအိပ်ပါ။

လက်သည်း၊ ခြေသည်းတွေကွဲတာ၊  အက်ရာအစင်း

တွေပေါ်တာပျောက်အောင်     ဘယ်လိုလုပ်ရမလဲ

သိလိုပါတယ်။

လက်သည်း၊   ခြေသည်းကို  ဆားခါးရည်ဖျော်ပြီး စိမ်ပေးပါ။ အုန်းဆီထဲမှာ ဆားခါးထည့်ဖျော်ပြီး လိမ်းပေးပါ။

မျက်စိစွန်ပြီး   ဖုထွက်ရင်  ဘယ်လိုကုသရမလဲဆရာ။

ရှေးနည်းအရ  ငါးပိအိုးက   ငါးရိုး ဒါမှမဟုတ် ငါးခြောက်အမြီးက အရိုးနဲ့ အသက်အောင့်၊ ခုနစ်ချက်ထိုးပြီး    လက်နောက်ပြန်ပစ်ပါ။   ယုံကြည်မှလုပ်ပါ။ဆရာလက်တွေ့ပျောက်ဖူးပါတယ်။

ကြည်လွင်မြင့်(မုဒြာ)