ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ယမန်နေ့မှအဆက်

တရုတ်နိုင်ငံ၏မြို့တော် ဘေဂျင်းမြို့သည် ၂၀၂၁ ခုနှစ်စာရင်းအရ လူဦးရေ ၂၈ သန်းခန့်ရှိသည်။ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော် ဖြစ်သည်။ ဤမျှများပြားလှသော လူဦးရေကို သောက်သုံးရေဖူလုံရေး ရေရှည်စီမံရသည့်အတွက် ဤမျှကြီးမားသော လုပ်ငန်းကြီးကို ဆောင်ရွက်ရခြင်း ဖြစ်သည်။

၂၀၃၀ ပြည့်နှစ်အတွင်း ဒေသတွင်းရော ဘေဂျင်းမြို့ပါ ရေပိုမိုရရှိရေးအတွက် လက်ရှိ ယမ်စီမြစ်ပေါ်တွင် တည်ဆောက်ထားသော မြစ်ကျဉ်းသုံးသွယ်တမံ (Three Gorges Dam) မှ ရေကို ဒန်ဂျင်းကူရေလှောင်တမံထဲသို့ ထပ်မံသွယ်ယူ ဖြည့်တင်းဦးမည် ဖြစ်သည်။

(၃)အနောက်ရေသွယ်လမ်းကြောင်း (The Western Route) အနောက်ရေသွယ်လမ်းကြောင်းသည် အတော်ရှုပ်ထွေးသော ရေလွှဲပြောင်းမှုဖြစ်သည်။  တရုတ်နိုင်ငံအနောက်ဘက်ခြမ်းတွင်  ယမ်စီမြစ်၏အစ   မြစ်ဖျားပိုင်းမှ   မြစ်တစ်စင်းဖြစ်သော   ဂျင်ရှာမြစ်  (Jinsha River) မှ  ရေကို  ၎င်းင်း၏မြောက်ဘက်  ကီလိုမီတာ  ၂၈၉  (၁၈၅ မိုင်ခန့်) အကွာတွင်   ယမ်စီမြစ်နှင့်အပြိုင်   စီးဆင်းလာနေသည့်   ယမ်စီ၏ မြစ်လက်တက်တစ်ခုဖြစ်သော ယာလုံ (Yalong) မြစ်ထဲသို့ ပထမအဆင့်သွယ်ယူသည်။ ယမ်စီမြစ်လက်တက် အချင်းချင်း စတင်လွှဲယူခြင်း ဖြစ်သည်။

ယာလုံမြစ်မှတစ်ဖန် ကီလိုမီတာ ၁၃၁ (၈၅ မိုင်ခန့်)အကွာတွင် မြောက်ဘက်မှယှဉ်၍ စီးဆင်းနေသည့် မြစ်ဝါမြစ်ဖျား အတွင်းသို့ ဒုတိယအဆင့် ထပ်မံလွှဲယူသည်။

အလားတူပင်  ယမ်စီ၏ မြစ်လက်တက်တစ်စင်းဖြစ်သော  ဒါဒူမြစ်(Dadu River) မှရေကို ကီလိုမီတာ ၃၀ (မိုင် ၂၀)ခန့်အကွာတွင် စီးဆင်းနေသည့် မြစ်ဝါမြစ်၏ မြစ်လက်တက်ဖြစ်သော ဂျီယာကု (Jiaqu) မြစ်ထဲသို့ သွယ်ယူပြီး မြစ်ဝါမြစ်ကို အားဖြည့်ပေးပြန်သည်။

ဤအနောက်ရေလွှဲစနစ်သည်  ယမ်စီ၏မြစ်ဖျားရှိ  မြစ်လက်တက်များမှ ရေကို မြစ်ဝါမြစ်ထဲသို့ လွှဲယူသည့် လုပ်ငန်းကြီး ဖြစ်သည်။ ရေသွယ်စနစ် စုစုပေါင်းအလျားသည် ကီလိုမီတာ ၄၅၀ (မိုင် ၂၉၀)ခန့် ရှည်လျားသည်။

ဤလုပ်ငန်းကြီး တစ်ခုလုံးမှာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃၀၀၀ မှ ၅၀၀၀ (ပေ ၁၀၀၀၀ မှ ၁၆၅၀၀)ခန့်ထိ မြင့်မားသော ဂျင်ဟိုင်းတိဗက် (Qinghai Tibet) ကုန်းပြင်မြင့်တောင်များပေါ်တွင် ဖြတ်သန်းဖောက်လုပ်မည့် ရေသွယ်စနစ်ဖြစ်၍ အလွန်ပင် ခက်ခက်ခဲခဲ ဆောင်ရွက်ရမည့်လုပ်ငန်း ဖြစ်သည်။

စီမံကိန်းကြီးကို ၂၀၁၀ ပြည့်နှစ်ကစတင်ခဲ့ပြီး ၂၀၃၀ ပြည့်နှစ်တွင် ပြီးစီးမည်ဟုဆိုသည်။ နှစ်စဉ် ရေချိုကုဗ မီတာသန်း ၄၀၀၀ (ရေဂါလန်သန်းပေါင်း ၉၀၀၀၀၀ ခန့်) လွှဲပြောင်းယူမည့် လုပ်ငန်းကြီး ဖြစ်သည်။

ယမ်စီမြစ်ရေကို မြစ်ဝါမြစ်ထဲသို့ မြစ်ဖျားပိုင်းရှိ မြစ်လက်တက်များ အချင်းချင်း လွှဲယူသွားခြင်းသာဖြစ်သည်။ မြစ်ဝါမြစ်ရေကို ကူခြင်းဖြစ်သည်။

ဤလုပ်ငန်းကြီးသည် Qinghai၊ Gansu၊ Shaanxi၊ Shanxi  Inner Mongolia နှင့် Ningxia ပြည်နယ် (Provinces) များကို ဖြတ်သန်းမည်ဖြစ်သည်။ ဤရေသွယ်စနစ်သည် နောင်တွင် နှစ်စဉ် ရေကုဗမီတာသန်း ၁၇၀၀၀ (ဂါလန်သန်းပေါင်း ၄ သန်းနီးပါး)ထိ လွှဲယူမည့်စီမံကိန်းကြီးဖြစ်သည်။

ဤစီမံကိန်းကြီး အားလုံးကို မဟာဗျူဟာချမှတ်ပေးသူသည် တရုတ်ကွန်မြူနစ်ပါတီဥက္ကဋ္ဌကြီး မော်စီတုံးဖြစ်ပြီး ၎င်းနောက် ဆက်လက်တာဝန်ယူသူ အားလုံးကလည်း သူ့ကာလနှင့်သူ အောင်မြင်အောင် ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။

ဤစီမံကိန်းကြီးအားလုံး အောင်မြင်ရေးအတွက် စီမံကိန်းကုမ္ပဏီတစ်ခု ထူထောင်သည်။  အမည်မှာ  South  to  North  Water  Transfer Project Company ဖြစ်သည်။ ဤစီမံကိန်းကြီးသုံးခု၏ ပိုင်ရှင်ဟုလည်း ဆိုနိုင်သည်။

စီမံကိန်းအားလုံးကို  စီမံခန့်ခွဲရာတွင်  သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်ကြသည်။

၎င်းတို့မှာ -

- State Development and Planning Commission

- Ministry of Water Resources

- Ministry of Construction

- Ministry of State Environmental Protection Administration

- China International Engineering Consulting Corporation စသည်တို့ဖြစ်သည်။

အရှေ့ရေသွယ်စနစ်အတွက်   လျာထားချက်၊   ဒီဇိုင်းနှင့်စီမံချက် (Design and Planning) များ ရေးဆွဲပေးမှုတွင် Haihe River Water Resources Commission နှင့် Tianjing Hydroelectric Investigation and Design Institute  တို့က  တာဝန်ယူသည်။  အလယ်ရေသွယ်စနစ်အတွက် Changjiang Water Resources Commission က   တာဝန်ယူသည်။   အနောက်ရေသွယ်စနစ်အတွက်   Yellow River Conservancy Commission  က  တာဝန်ယူသည်။  တည်ဆောက်မှုလုပ်ငန်းများတွင်  အရှေ့ရေသွယ်စနစ်အတွက်  Hanjiang Water Resources and Hydropower Company က  တာဝန်ယူတည်ဆောက်သည်။   အလယ်ရေသွယ် စနစ်ကိုမူ    Danjiangkou Water Resources and Hydroelectric က တာဝန်ယူ တည်ဆောက်သည်။

ဤရေသွယ်စနစ်ကြီး သုံးခုတွင် အရှေ့နှင့်အလယ်ရေသွယ် စနစ်နှစ်ခုမှာ အောင်မြင်စွာ ပြီးစီးခဲ့ပြီ ဖြစ်သည်။ အနောက်ရေသွယ်စနစ်မှာ ၂၀၃၀ ပြည့်နှစ်နောက်ပိုင်းတွင် ပြီးစီးမည်ဟု ခန့်မှန်းထားသည်။ ဤစီမံကိန်းသုံးခုစလုံး ပြီးစီးချိန်တွင် မြို့ကြီးပေါင်းများစွာမှ လူဦးရေသန်းရာချီ ရေချိုရရှိရေး စိတ်အေးကြရပြီ ဖြစ်သည်။

ရေချိုရရှိရေး ပြန်လည်ပြည့်ဖြိုးမြဲ ရေအရင်းအမြစ်များကိုသာ သုံးစွဲပြီး စုစုပေါင်းကီလိုမီတာ ၂၉၀၀ (မိုင် ၁၈၄၀ ခန့်)ရှည်လျားသော ရေလွှဲပြောင်းသွယ်ယူရေး တူးမြောင်းကြီးများ ဖောက်လုပ်ခြင်းကြောင့် ထိုက်သင့်သော သဘာဝပတ်ဝန်းကျင်များ ထိခိုက်မည်။ ရှိပြီး မြို့၊ ရွာနှင့်ရပ်ကွက်တချို့ရွှေ့ပြောင်းနေရာချထားရမှုများ သေချာပေါက်ရှိပါလိမ့်မည်။ ဤကိစ္စရပ်များကိုလည်း အကောင်းဆုံး စီစဉ်ပေးနိုင်ခဲ့သည်။ ကုစားပေးနိုင်ခဲ့သည်။

ရေကြီးရေလျှံဖြစ်နေသောဒေသ၊ ရေပိုလျှံနေသောဒေသမှ ရေချိုရှားပါးသည့် လူဦးရေထူထပ်သော မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသရှိ မြို့ကြီးများထိ  သွယ်ယူခဲ့သော  ဤရေသွယ်စနစ်ကြီးသည်  ကမ္ဘာတွင်

မှတ်တမ်းတင်ရလောက်အောင်  ကြီးမားသည့်  ရေလွှဲပြောင်းသွယ်ယူမှုတစ်ခုဖြစ်ခဲ့သည်။ အမေရိကန်ဒေါ်လာ ၆၂ ဘီလီယံခန့်ကုန်ကျခဲ့သည်။

ခေါင်းဆောင်များလက်ဆင့်ကမ်း၍ အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သည့် တရုတ်နိုင်ငံသည် ၂၁ ရာစုတွင် သိသိသာသာ တိုးတက်လာသည်ကို တွေ့ရှိရသည်။

မိမိတို့နိုင်ငံမြောက်ဖျား သို့မဟုတ် ရေချိုပေါများသော ဒေသများမှရေကို အလယ်ပိုင်းဒေသများသို့ သဘာဝ ရေစီးအားသုံး ရေသွယ်စနစ်ဖြင့် လွှဲပြောင်းသွယ်ယူသုံးစွဲနိုင်ရေး နမူနာရေသွယ်လမ်းကြောင်းများ ဖော်ပြခဲ့ခြင်းဖြစ်သည်။

အခန်း(၁၁)

လာအိုနိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲရေအသုံးချမှု

လာအိုနိုင်ငံသည် မိမိတို့နှင့်နယ်နိမိတ်ချင်းထိစပ်နေသော နိုင်ငံဖြစ်သည်။ ကုန်းတွင်းပိတ် (Land Locked) နိုင်ငံဖြစ်သည်။ နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ တောတောင်များ ဖုံးလွှမ်းနေသည်။ မြေပြန့်လွင်ပြင် အနည်းငယ်သာ ရှိသည်။ ကမ္ဘာ့နာမည်ကျော် မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းနေသည်။ မဲခေါင်မြစ်မှာ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စသည့်နိုင်ငံများနှင့် ပတ်သက်နေ၍ အပြည်ပြည်ဆိုင်ရာ မြစ်တစ်စင်းလည်း ဖြစ်သည်။

နိုင်ငံ၏ နိုင်ငံရေးစနစ်မှာ တစ်ပါတီစနစ်ဖြစ်သည်။ သို့သော် တရုတ်၊ ဗီယက်နမ်တို့နည်းတူ ဈေးကွက် စီးပွားရေးကို ဖွင့်ပေးထားသည်။

ဆက်လက်ဖော်ပြပါမည်။