သုံးဦးသုံးဖလှယ် အကျိုးရှိသည့် အခြေအနေ

 

သုံးဦးသုံးဖလှယ် အကျိုးရှိသည့် အခြေအနေ

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၅ ရက်)

    နိုင်ငံတော်၏ အရေးပါသော ငွေရေးကြေးရေး ကဏ္ဍအတွင်း ကြီးမားသောတာဝန်များ ထမ်းဆောင်နေကြသည့်ဘဏ်များ၊ ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် နိုင်ငံတော်အစိုးရနှင့် ဗဟိုဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန်၊ နိုင်ငံတော်၏ငွေကြေးစနစ် တည်ငြိမ်မှုရှိပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်နှင့် အပြန်အလှန်နားလည်မှုများ အပြည့်အဝရရှိစေရန် ရည်ရွယ်၍ ဇူလိုင်လ ၁၀ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူးသည် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်များမှ  နာယကများ၊ ဥက္ကဋ္ဌများနှင့် တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။

ဘဏ်များ၏ လိုအပ်ချက်များကို နိုင်ငံတော်အစိုးရနှင့် ဗဟိုဘဏ်တို့က ပံ့ပိုးနေသကဲ့သို့ ဘဏ်များကလည်း နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရမည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းစနစ်ဖြင့်ယှဉ်ပြိုင်ခြင်းထက် ကိုယ်ကျိုးစီးပွားအတွက် လက်ဝါးကြီးအုပ်ခြင်း၊ စျေးကစားမှုပြုခြင်းများကြောင့် အများပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ် ပေးရမည်ဖြစ်သည်။ အလားတူတည်ဆဲ ဥပဒေစည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကိုဖောက်ဖျက်ပြီး  နိုင်ငံတော်၏ငွေကြေး၊  ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို  ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေပါက သက်ဆိုင်ရာဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်က ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် စျေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေသည့်အတွက်  ဗဟိုဘဏ်နှင့်ဘဏ်များသည် သီးခြားလွတ်လပ်စွာ ဆောင်ရွက်နိုင်သည်။ သို့သော် ယခုအခါတွင် သတ်မှတ်စည်းကမ်းများကို ဖောက်ဖျက်မှုများကြောင့် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများကို ထိပါးလာသည့်အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် ထိုက်သင့်အားလျော်စွာ ကြီးကြပ်ဆောင်ရွက် ပေးနေရခြင်းဖြစ်သည်။ ဘဏ်များအနေဖြင့် ငွေအပ်နှံ သူများ၏အကျိုးစီးပွားကို ကာကွယ်ပေးရန် တာဝန်ရှိသကဲ့သို့ ငွေကြေးစနစ်တည်ငြိမ်မှု၊ လုံခြုံမှုနှင့်ခိုင်မာမှု ထိန်းသိမ်းရေးကို တစ်ပါတည်း ဆောင်ရွက်သွားကြရန်ဖြစ်သည်။ ထိုသို့သော အခြေအနေကောင်း ဖြစ်လာစေရန်မှာ နိုင်ငံတော်အစိုးရ၊ ဗဟိုဘဏ်နှင့်ဘဏ်များ ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇူလိုင်လ ၅ ရက်ကကျင်းပခဲ့သည့်  ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး အမှတ်စဉ်(၅/၂၀၂၄)တွင် အမှာစကားပြောကြားရာ၌ “နိုင်ငံ့အရေးကို စိတ်ဝင်စားသည့်လူငယ်များ၊ လုပ်ငန်းရှင်များရှိကြောင်း၊ ၎င်းတို့ကို လက်တွဲခေါ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘဏ်များနှင့် ပတ်သက်၍ဘဏ် စနစ်ကိုပြည်သူများ ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးအလိုက် ဖွင့်လှစ်ထားသည့် ဘဏ်များကိုလည်း စနစ်တကျစိစစ်ကြပ်မတ် ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း၊ ဥပဒေကိုကျော်လွန်၍ လုပ်ဆောင်မှုများရှိပါက နိုင်ငံ့စီးပွားရေးအတွက် အန္တရာယ်ရှိသဖြင့် စည်းမျဉ်းစည်းကမ်းနှင့်အညီဖြစ်စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

ပြည်သူများအနေဖြင့် ပြည်တွင်းပြည်ပ အဖျက်သမားတို့၏  မဟုတ်မမှန်သော ကောလာဟလနှင့် သတင်းအမှားများ ထုတ်လွှင့်မှုကို လုံးဝယုံကြည်မှုမရှိရန် လိုအပ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်ကို စတင်တာဝန်ယူချိန်မှစ၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၆ တွင်ပြဋ္ဌာန်း ထားသည့် နိုင်ငံတော်အတွင်း ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ သုံးစွဲနေသည့်ငွေကြေးများနှင့် ပတ်သက်၍ခိုင်ခိုင်မာမာ အာမခံထားပြီးဖြစ်သည်။ ပုဒ်မ ၃၆ (ဃ)တွင်”စီးပွားရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံပိုင်သိမ်းယူခြင်းမပြု”ဟု လည်းကောင်း၊ ပုဒ်မ ၃၆ (င)တွင် “တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်  ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြု”ဟုလည်းကောင်း ပြဋ္ဌာန်းထားပြီးဖြစ်သည်။ နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်လာသည့် အစိုးရဖြစ်သည့်အတွက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီသာ ဆောင်ရွက်လျက်ရှိသည်။

ပြည်သူလူထုအနေဖြင့် မလိုအပ်ဘဲ ငွေကြေးအမြောက်အမြား ထုတ်ယူခြင်း၊ ကောလာဟလသတင်းများအပေါ် စိုးရိမ်စိတ်လွန်ကဲပြီး ထုတ်ယူခြင်းများ မပြုလုပ်ကြရန် လိုအပ်လှသည်။ ထိုသို့စိုးရိမ်မှုလွန်ကဲကာ ထုတ်ယူခြင်းမျိုးမှာ ကောင်းကျိုးထက် ဆိုးကျိုးကိုသာဖြစ်စေသည်။ မသမာသူတို့၏ ကောလာဟလများသည် ပြည်သူတို့၏ အကျိုးစီးပွားပျက်စီးရေးကို ရှေးရှုခြင်း၊   နိုင်ငံ့စီးပွားကျဆင်းရေးကို ရှေးရှုခြင်းတို့ကိုဦးတည်ဆောင်ရွက်နေခြင်း ဖြစ်သည်။ ဘဏ်များအနေဖြင့်လည်း အကြောင်းအမျိုးမျိုးကြောင့် ဝန်ထမ်းအင်အား နည်းပါးလာခြင်းအပေါ် ဘဏ်များ၏ ဝန်ဆောင်မှုလုပ်ငန်းများ လစ်ဟာမှုမရှိစေရန် အကြိမ်ကြိမ် ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်နေကြရမည်ဖြစ်သည်။ ဘဏ်များတွင် နိုင်ငံသား လူသားအရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်ထားရန်လည်း လိုအပ်သည်။ လက်ရှိသုံးစွဲနေသည့် Card  စနစ်များ၊ e-Banking ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေး အလေးထား ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့ပြင် ဝန်ဆောင်မှုအရည်အသွေး အပြည့်အဝရှိသည့်ဘဏ်ခွဲများကို ကျစ်ကျစ်လျစ်လျစ်ဖြင့် တိုးချဲ့ဖွင့်လှစ်နိုင်ရေးကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်အစိုးရ၊ အများပြည်သူနှင့် ဘဏ်များအကြား သုံးဦးသုံးဖလှယ် အကျိုးရှိသည့် Win-Win-Win Situation ရရှိစေရေး ကြိုးပမ်းဆောင်ရွက် သွားကြရန်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။  ။

Dates: 
Monday, July 15, 2024 - 09:19