ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်
ယမန်နေ့မှအဆက်
၁၉၄၇ ခုနှစ် ပင်လုံညီလာခံ သဘောတူညီချက်၏ အစိတ်အပိုင်းတစ်ခု နှင့် ၁၉၄၇ ခုနှစ်ပါ ဖွဲ့စည်းပုံအခြေခံဥပဒေ အချက်တချို့ကိုစွဲကိုင်၍ ပြည်ထောင်စုပြိုကွဲမည့် အခြေအနေတစ်ရပ်ထိ ကြုံလာခဲ့သည်။
စီးပွားရေးတွင်လည်း လွတ်လပ်ရေးရပြီး ၁၄ နှစ်ကျော်ခန့်အထိ ယခင်ကိုလိုနီ လက်ထက်က နိုင်ငံခြားသားများ လက်ဝါးကြီးအုပ်ထားသည့် စီးပွားရေးလုပ်ငန်း အများစုမှာ ရှင်သန်အားကောင်းနေဆဲဖြစ်ခဲ့သည်။ ပြဋ္ဌာန်းထားသည့် ဥပဒေဟောင်းများမှာလည်း လယ်သမား၊ အလုပ်သမား၊ တိုင်းရင်းသားများဘက်ထက် နယ်ချဲ့လက်ကျန် နိုင်ငံခြားသားစီးပွားရေး လုပ်ငန်းရှင်ကြီးများ ဘက်ကို ကာကွယ်ပေးနေဆဲ ဥပဒေများဖြစ်နေခဲ့သည်။
စနစ်ကလည်း ပါတီစုံစနစ်ဖြစ်နေပြန်သည်။ အပြိုင်အဆိုင် အာဏာ ရရှိရေး လွှတ်တော်တွင်း၊ လွှတ်တော်ပြင် ၀ါဒရေးရာတိုက်ပွဲများနှင့်လက် နက်ကိုင်စစ်ပွဲများကြားတွင် ပြည်သူများမှာ လှိမ့်ခံနေကြရသည်။ သေ လိုက်ကြသည့် ပြည်သူ့အသက်များ၊ ကုန်လိုက်သည့် ချွေးနည်းစာများမှာ အံ့မခန်းပင်။ အထောက်အထား တစ်ခုပြပါမည်။ ပြည်တွင်းမညီညွတ်မှု၏ ရလဒ်တစ်ခုအဖြစ်သာ သုံးသပ်ကြပါ။
လွတ်လပ်ရေးရပြီး ၁၀ နှစ်ခန့်အကြာ ၁၉၅၈ ခုနှစ်က နိုင်ငံ၏ အခြေအနေမှာ အတော်ဆိုးရွားနေပြီဖြစ်သည်။ ဤကာလ ၁၉၅၈ ခုနှစ် ဇွန်လ ၁ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံ၌ ရန်ကုန်ခရိုင်၊ ဟံသာဝတီခရိုင်၊ အင်းစိန်ခရိုင် စသည့်ခရိုုင်များမှ ငြိမ်းချမ်းရေး လိုလားသူပြည်သူ ၄၀၀၀၀ ကျော်က စုပေါင်းဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ကြသည်။
ဤပွဲတွင် ငြိမ်းချမ်းရေးဖခင်ကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းက နိုင်ငံတွင်းဖြစ်ပေါ်ခဲ့သော ပြည်တွင်းစစ်ကိုးနှစ်အတွင်း ကြုံတွေ့ခဲ့ရသည့် အနိဋ္ဌာရုံများကို ကိန်းဂဏန်းများဖြင့် ထောက်ပြဟောပြောခဲ့သည်။ ၁၉၄၉ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ ဖြစ်ပွားခဲ့သော အနိဋ္ဌာရုံများမှာ-
(က)ပြည်သူ့ဘက်မှ -ပြည်သူ ၁၉၂၈ ဦး သေဆုံးသည်။
-ကျေးရွာ ၁၅၇၀ ရွာ မီးရှို့ဖျက်ဆီးခံရသည်။
-ကျေးရွာ ၆၇၈ ရွာ ဖျက်ဆီးခံရသည်။
-ရွာ ၇၆၀ ရွာ ပြောင်းရွှေ့ထွက်ပြေးကြရသည်။
(ခ) အစိုးရဘက်မှ ၅၀၁၁ ဦး ကျဆုံးသည်။
(ဂ) လက်နက်ကိုင်များဘက်မှ ၂၈၆၇၆ ဦး ကျဆုံးသည်။
(ဃ)ကာကွယ်ရေးအသုံးစရိတ်များကိုကြည့်လျှင်-
-၁၉၄၉ ခုနှစ်တွင် ၁၀ ကုဋေ
-၁၉၅၀ ခုနှစ်တွင် ၁၂ ကုဋေ
-၁၉၅၁ ခုနှစ်တွင် ၁၃ ကုဋေ
-၁၉၅၂ ခုနှစ်တွင် ၂၂ ကုဋေ
-၁၉၅၄ ခုနှစ်တွင် ၂၄ ကုဋေ
-၁၉၅၅ ခုနှစ်တွင် ၂၈ ကုဋေ
-၁၉၅၆ ခုနှစ်တွင် ၂၉ ကုဋေ
-၁၉၅၇ ခုနှစ်တွင် ၃၁ ကုဋေ
-(၁၉၅၈ ခုနှစ် အသုံးစရိတ်မရရှိသေးချိန်ဖြစ်သည်)
(င)ရဲတပ်ဖွဲ့အသုံးစရိတ်ကိုကြည့်လျှင်-
- သာမန်အသုံးစရိတ်မှာ ငွေကျပ် ၆ ကုဋေမှ ၁၃ ကုဋေအထိလည်းကောင်း၊
- ငွေလုံးငွေရင်းအသုံးစရိတ်တွင် ငွေကျပ် ၆ သိန်းတွင် ၂၉၃ သိန်းအထိ တိုး၍ သုံးလာသည်။
(စ) ဤကုန်ကျစရိတ်များကိုကာမိရန် အခွန်အကောက်များ တိုးမြှင့် ကောက်ခံလာသည်-
-၁၉၄၈ ခုနှစ်တွင် ငွေကျပ် ၅၃၇ သန်း
-၁၉၅၈ ခုနှစ်တွင် ငွေကျပ် သန်း ၉၈၀ အသီးသီးတိုး၍ကောက်ခံခဲ့ သည်။
(ဆ)နိုင်ငံတော်ရန်ပုံငွေ လိုငွေပြမှုတွင်လည်း-
-၁၉၅၂ ခုနှစ်တွင် ငွေကျပ် ၆၈ သန်းမှ
-၁၉၅၆ ခုနှစ်တွင် ငွေကျပ် ၁၁၄၅ သန်းအထိ တိုးခဲ့သည်။
(ဇ) လူအသေအပျောက်အပျက်အစီးမှာ ဒုတိယကမ္ဘာစစ်ကာလထက် ပို၍များခဲ့သည်။
(စျ)ကုန်စျေးနှုန်းများ မကြားဝံ့သည်အထိ တက်ခဲ့သည်။
(ည)ကျောင်းသား၊ ကျောင်းသူများ ပညာမသင်ကြားရ။
ပြန်လည်သုံးသပ်လျှင် မိမိတို့ဘာကိုလိုချင်၍ ဘာကိုတိုက်နေကြသနည်း-
ထိုစဉ်က လက်နက်ကိုင်များထဲတွင်-
-ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)( BCP)
-ကရင်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(KNDO)
၎င်းနှစ်ဖွဲ့မှာ အင်အားအကြီးဆုံး လက်နက်ကိုင်များဖြစ်သည်။ ၎င်းတို့ လွှမ်းမိုးထားသော နိုင်ငံ၏ အစိတ်အပိုင်းမှာလည်း ကျယ်ပြန့်သည်။
ဤမျှကျယ်ပြန့်စွာ လက်နက်ကိုင် တော်လှန်နေသူ များပြားနေသည့်အချိန် မည်သို့သော နိုင်ငံဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်ကြမည်နည်း။
နိုင်ငံအတွက် များစွာနစ်နာသည့် ကာလတစ်ခုဖြစ်ခဲ့သည်။ ပါလီမန် ဒီမိုကရေစီလမ်းကြောင်းနှင့် အုပ်ချုပ်သောခေတ်ဖြစ်၍ လွတ်လပ်သည်ဟု ဆိုသော်လည်း မြို့တချို့နှင့် ကျေးလက်တောရွာများတွင် သူခိုး၊ ဓားပြနှင့် လက်နက်ကိုင်သောင်းကျန်းသူများကို ကြောက်ခဲ့ကြရသည်။ ပြည်သူမှာ လုံခြုံမှုမရှိသလို ခံစားကြရသည်။
စာသင်ခန်းသို့သွားရမည့်လူငယ်များ စာသင်ခန်းသို့ မရောက်ခဲ့သည့်အတွက် အသက်ကြီးသော်လည်း မိမိအမည်နေရာမှာပင် နာမည်ရေး၍ လက်မှတ်မထိုးနိုင်ကြဘဲ ကြက်ခြေခတ်ရသည့်ပြည်သူများ အမြောက်အမြား ဖြစ်ပေါ်လာခဲ့သည်။
ပြန်ကောက်ရလျှင် ဤကာလသည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် လွတ်လပ်ရေးရလာကြပြီး နိုင်ငံဖွံ့ဖြိုးရေး အရှိန်ရစပြုလာချိန်ဖြစ်သည်။ ဖွံ့ဖြိုးပြီး နိုင်ငံများ ပို၍ဖွံ့ဖြိုးလာချိန်ဖြစ်သည်။
စွမ်းအင်ကဏ္ဍအတွက်ဖော်ပြရလျှင် ယနေ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရှုထောင့်ဖြင့် ကန့်ကွက်နေကြသည့် ကျောက်မီးသွေးကို ကမ္ဘာ့ချမ်းသာသော နိုင်ငံကြီးများတွင် အလျှံပယ်သုံး၍ စက်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ အကြီးအကျယ်ဆောင်ရွက် နေခဲ့သည့်ကာလဖြစ်သည်။ ကမ္ဘာကြီးပူနွေးစေမည့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဤကာလများတွင် ဤနိုင်ငံများက အဓိကဆောင်ရွက်ခဲ့ကြသည်။ အလားတူပင် ပြန်လည်ပြည့်ဖြိုးမြဲရေကို အသုံးပြုသည်ဆိုကာ ကမ္ဘာ့အကြီးဆုံး အမြင့်ဆုံး တာတမံကြီးများ တည်ဆောက်ခဲ့ကြသည်။
သို့သော် မိမိတို့နိုင်ငံတွင် ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်ရန် နောက်ကျ နေခဲ့သည်။ မိမိတို့အချင်းချင်း မသင့်မမြတ်ဖြစ်ခြင်းကို အခွင့်ကောင်းယူ၍ သပ်လျှိုရန် စောင့်နေသူများကိုပင် ပြည်တွင်းသို့ ဆွဲသွင်းနေကြသူများ လည်း ရှိနေပြန်သည်။
ဤမျှရှုပ်ထွေးနေသောနိုင်ငံ မည်ကဲ့သို့တိုးတက်မည်နည်း။
ခေတ်အဆက်ဆက်ဖော်ပြခဲ့သော ပြန်လည်ပြည့်ဖြိုးမြဲရေကို အသုံးချ နိုင်မည့် လုပ်ငန်းကြီးများကိုပြန်ကြည့်ပါ။ ကမ္ဘာနှင့်ယှဉ်ပါက မိမိတို့၏ ရေအရင်းအမြစ် အသုံးချနိုင်မှုသည် မိမိတို့ပိုင်ပြန်လည် ပြည့်ဖြိုးမြဲရေ အရင်းအမြစ်၏ ၄ ရာခိုင်နှုန်းပင်မပြည့်သေးသည့်ကိစ္စ မည်သူ့ကို အပြစ် ပုံချကြမည်နည်း။
မည်သူ့ကိုမျှ အပြစ်ပုံချနေစရာမလိုပါ။ မိမိတို့ပြည်သူတစ်ဦးချင်းစီ၏ ဆုံးဖြတ်ချက်သာ အဓိကဟုဆိုရမည်။ ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ၁၀ နှစ်တာ ကာလလက်ဝယ်သို့ ဒီမိုကရေစီ ရောက်ရှိချိန်တွင် ပြည်သူများ၏ ဆုံးဖြတ်ချက်သည် အရေးပါခဲ့သည်။
ဆက်လက်ဖော်ပြပါမည်။