မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ
နေပြည်တော် ဇူလိုင် ၁၄
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၁၂ ရက် ည ၆ နာရီတွင် ဘားအံမြို့နယ် နတ်ထိပ်ကျေးရွာအုပ်စု နောင်တုတ်ကျေးရွာရှိ စောအငဲ့၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၇၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဇူလိုင်လ ၁၃ ရက် နံနက် ၉ နာရီတွင် ဘားအံမြို့နယ် အိန္ဒဲကျေးရွာအုပ်စု အိန္ဒဲကျေးရွာရှိ စောဝေလင်းအောင်(ခ)စောအဆူး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ ကိုလည်းကောင်း၊ အလားတူ ပူးပေါင်းအဖွဲ့သည် ည ၈ နာရီတွင် မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ (၂၀)ရပ်ကွက် ညောင်ရမ်းလမ်းတွင် ရင်ထွေးအောင်(ခ)ပြောင်ကြီး မောင်းနှင်ပြီး မနွယ်နွယ်ဝင်း(ခ)နွယ်နွယ် လိုက်ပါလာသည့် TOYOTA PROBOX အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။