နေပြည်တော်နည်းပညာတက္ကသိုလ် မိုးရာသီ အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်
နေပြည်တော် ဇူလိုင် ၁၄
နေပြည်တော်နည်းပညာ တက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီ အားကစားပြိုင်ပွဲ၏ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင် အဆိုပါ တက္ကသိုလ်၌ ကျင်းပသည်။
မိုးရာသီအားကစားပြိုင်ပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှု အားပေးကြရာ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် စက်မှုအင်ဂျင်နီယာ ဘာသာရပ်အသင်းနှင့် အင်ဂျင်နီယာဘာသာရပ် ပေါင်းစုံညွန့်ပေါင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး အင်ဂျင်နီယာဘာသာရပ် ပေါင်းစုံညွန့်ပေါင်း အသင်းက ၇ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသည်။
ပြိုင်ပွဲအပြီးတွင် နေပြည်တော်နည်းပညာ တက္ကသိုလ်မှ ကျောင်းသူလေးများက ပန်းဖွား အကနှင့် Sports Dance တို့ဖြင့် အဖွဲ့လိုက် မြိုင်မြိုင်ဆိုင်ဆိုင် ကပြဖျော်ဖြေကြပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ တာဝန်ရှိသူများက e-Sports ပြိုင်ပွဲဆုရအသင်းများ၊ ဒိုင်အဖွဲ့နှင့် အကအဖွဲ့များ၊ ဖူဆယ်ပြိုင်ပွဲ အကောင်းဆုံး အားကစားသမားဆု၊ ဂိုးသွင်းအများဆုံးဆုနှင့် အကောင်းဆုံး ဂိုးသမားဆုများ၊ နှစ်သိမ့်ဆုရအသင်း၊ ဒုတိယဆုရအသင်းနှင့် ဒုတိယဝန်ကြီးက ဖူဆယ်ဘောလုံးပြိုင်ပွဲ ပထမဆုရ အသင်းတို့ကို ဆုတံဆိပ်လည်ဆွဲ၊ ငွေသားဆုနှင့် ဆုဖလား တို့ကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။