ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ယမန်နေ့မှအဆက်

ဤမြို့ကို ယခင်က တခြားရေသွယ်လမ်းကြောင်းတစ်ခုဖြင့် ရေပေးပို့နေခဲ့သည်။ ယမ်စီမြစ်အောက်ပိုင်းမှ ရေချိုတချို့တစ်ဝက်ကို ဤလမ်းကြောင်းမှ သွယ်ယူခဲ့သည်။ သို့သော် ရေလုံလောက်စွာမရနိုင်ခြင်း၊ တူး မြောင်းဖြတ်သန်းနေသည့် ပတ်ဝန်းကျင် မသန့်ရှင်းခြင်းတို့ကြောင့် အဆင့်မြှင့်တင်ရန် လိုအပ်လာ၍  စီမံကိန်းသစ်ကြီးကို ၂၀၀၂ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့သည်။ စူးစမ်းလေ့လာမှုအားလုံး ၂၀၀၆ ခုနှစ် တွင် ပြီးစီးခဲ့သည်။

ဤစီမံကိန်းကို မူလက ၂၀၁၂ ခုနှစ်တွင်ပြီးစီးရန် လျာထားခဲ့သော် လည်း မူလလျာထားသည့် ရေသွယ်လမ်းကြောင်းသည် ပတ်ဝန်းကျင် ညစ်ညမ်းမှုရှိနေသည့်အတွက် လမ်းကြောင်းပြောင်း ဖောက်လုပ်ခဲ့ရ၍ ၂၀၁၇ ခုနှစ်မှ   ပြီးစီးခဲ့ခြင်းဖြစ်သည်။   အသေးစိတ် စူးစမ်းလေ့လာမှု အပါအဝင် စုစုပေါင်း ၁၅ နှစ်ခန့် ဆောင်ရွက်ခဲ့ရသည်။

ဤစီမံကိန်း ပြီးစီးခဲ့သည့်အတွက် တီယန်ဂျင်းမြို့နှင့်ပတ်ဝန်းကျင်သို့ နှစ်စဉ် ရေချိုကုဗမီတာသန်း ၁၀၀၀၀ (ဂါလန်သန်းပေါင်း ၂၂၀၀၀၀၀) နေ့စဉ် ရေဂါလန် ၆၀၂၀ သန်း ပို့လွှတ်နိုင်ခဲ့ပြီဖြစ်သည်။ ရေရှည်တွင် ထပ်မံလိုအပ်ပါက  ထပ်တိုးပို့လွှတ်နိုင်သည်။  နှစ်စဉ် ကုဗမီတာသန်း ၁၄၈၀၀ ထိ ပို့လွှတ်နိုင်သည်။

ဤရေသွယ်လမ်းကြောင်းသည် ကီလိုမီတာ ၁၁၅၆ (မိုင် ၇၄၀) ခန့် ရှည်လျားသည်။ မြန်မာနိုင်ငံ ရန်ကုန်-မန္တလေး အမြန်လမ်းအကွာအဝေး၏  နှစ်ဆခန့်ရှည်လျားသော  ရေသွယ်စနစ်ဖြစ်၍  လုပ်ငန်းပမာဏ ကိုခန့်မှန်းသိနိုင်သည်။

ဤရေလမ်းကြောင်းပေါ်တွင် မြစ်ဝါမြစ် (Yellow River) က ကြားခံ နေသည့်အတွက် မြစ်ဝါမြစ်ကြမ်းပြင်အောက်မှ ဥမင်လိုဏ်နှစ်ခုဖောက်၍ ရေသွယ်ယူခဲ့သည်။ ဥမင်လိုဏ်တစ်ခုစီ၏ အချင်းမှာ ၉ ဒသမ ၃ မီတာ (၃၀ ဒသမ ၅ ပေ)ရှိပြီး မြစ်ကြမ်းပြင်အောက် ၇၀ မီတာ(၂၂၉ ပေ) အနက်မှ ဖောက်လုပ်သွားသည်။

မြစ်ဝါမြစ်သည် ယမ်စီမြစ်နှင့်အပြိုင် အနောက်ဘက်ကုန်းပြင်မြင့်မှ စီးဆင်းလာပြီး အရှေ့ဘက် တရုတ်ပင်လယ်ထဲသို့ စီးဝင်ကြသည့် မြစ်များဖြစ်သည်။ သို့သော် မြစ်ဝါမြစ်ရေထက် ယမ်စီမြစ်ရေထုထည် ပမာဏသည် ပိုမိုများပြားသည့်အတွက်  ယမ်စီမြစ်မှရေကို  မြစ်ဝါမြစ်၏ ကြမ်းပြင် အောက်မှ ဥမင်လိုဏ်ဖြင့် ငုပ်လျှိုးပြီး သွယ်ယူသည့်စရိတ်ကြီးမားသော ရေသွယ်လမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

သို့သော် တီယန်ဂျင်းမြို့သည် ယမ်စီမြစ်ရေလွဲှယူသောနေရာထက် မြင့်နေသည့်အတွက် သဘာဝအတိုင်း အမြင့်မှအနိမ့်သို့ စီးဆင်းစေခြင်း နည်း (Gravity Flow) ဖြင့် မစီးဆင်းနိုင်၍ လျှပ်စစ်ရေတင်စက်များ ဖြင့် တွန်းတင်သွယ်ယူရသည်။

ရေတင်စက်စခန်း (Pump Station) နှစ်ခုဖြင့် တွန်းတင်ရသည်။ ရေတင်စက်၊ ရေတွန်းစက်များအတွက် သုံးစွဲသော အမြင့်ဆုံးဓာတ်အား မှာ ၄၅၄ မဂ္ဂါဝပ်အထိရှိသည်။ မြင့်ရာမှနိမ့်ရာသို့ ပုံမှန်ရေစီးနိုင်သည့် သဘာဝလျှောစောက် မဟုတ်သည့်အတွက်     ကုန်ကျစရိတ်ပိုမိုကြီးမားသည်။

ဤဓာတ်အားပမာဏသည် ၂၀၂၁ ခုနှစ်က နေပြည်တော်တစ်ခုလုံး သုံးစွဲသည့် အမြင့်ဆုံးဓာတ်အား လိုအပ်ချက်ထက် သုံးဆခွဲခန့်ပမာဏ ဖြစ်သည်။ သို့သော် တရုတ်နိုင်ငံ၏ ဓာတ်အားခသည် ရေအားလျှပ်စစ်၊ ကျောက်မီးသွေး၊ နျူကလီးယား အစရှိသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ များကို  အမာခံသုံးစွဲထား၍  ပျမ်းမျှတစ်ယူနစ်အတွက်  အမေရိကန် ဒေါ်လာ ၅ ဒသမ ၅ ဆင့် ဝန်းကျင်သာရှိသည်။ အမေရိကန်တစ်ဒေါ်လာ လျှင် မြန်မာငွေလဲလှယ်နှုန်း ကျပ် ၁၅၀၀ ဖြင့်တွက်ပါက တစ်ယူနစ်ဓာတ်အားခ မြန်မာငွေ ၇၅ ကျပ်ထက်မပို၍ အိမ်နီးချင်းနိုင်ငံအားလုံးထက် ဈေးသက်သာသည့် ဓာတ်အားခဖြစ်နေသည်။

ရေသွယ်စနစ်ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၈၇ ဘီလီယံဖြစ်သည်။ ဤကုန်ကျစရိတ်သည် ၂၀၁၀ ပြည့်နှစ်က ဖွင့်လှစ် ခဲ့သည့် မြန်မာနိုင်ငံမှ ရဲရွာရေအားလျှပ်စစ်စီမံကိန်းမျိုး ၇၀ နီးပါး ဆောင် ရွက်နိုင်သော   ငွေပမာဏဖြစ်သည်။   ကြီးမားသောရည်မှန်းချက်ဖြင့် ကြီးမားသော  ကုန်ကျစရိတ်သုံးစွဲပြီး ၁၅ နှစ်ကျော်အချိန်ယူဆောင်ရွက် ခဲ့သည်။ ပြန်လည်ပြည့်ဖြိုးမြဲ ရေအရင်းအမြစ်တစ်ခုကို ထိရောက်စွာ အသုံးချမှုတစ်ခုဖြစ်ခဲ့သည်။

(၂) အလယ်ရေသွယ်လမ်းကြောင်း (The Central Route)

တရုတ်နိုင်ငံ၏ တောင်ပိုင်းဒေသမှ မြောက်ပိုင်းသို့ ရေလွှဲပြောင်းသွယ်ယူသည့် ရေလမ်းသုံးခုတွင် အလယ်မှ ရေလမ်းဖြစ်သည်။ ဤရေသွယ်စနစ်သည် ဝူဟန် (Wuhan) မြို့အနီးတွင် ယမ်စီမြစ်ထဲသို့ စီးဝင်လာ သော ဟန်မြစ် (Han River) ပေါ်ရှိ ရေလှောင်တမံတစ်ခုမှရေကို တရုတ်နိုင်ငံမြို့တော် ဘေဂျင်းမြို့ထိ ရေသွယ်ယူသောစနစ် ဖြစ်သည်။

ဟန်မြစ်သည် နှစ်စဉ်ပျမ်းမျှရေထုစီးနှုန်း ၃၀၁၆၆ ကုဗမီတာ/စက္ကန့် (၁၀၆၅၃၀၂ ကုဗပေ/စက္ကန့်)နှုန်းဖြင့် စီးဆင်းနေသည်။ ကမ္ဘာ့ဆဋ္ဌမ ရေစီးနှုန်းအကောင်းဆုံးမြစ် ဖြစ်သည်။ မြန်မာနိုင်ငံဧရာဝတီမြစ်၏ နှစ်စဉ် ပျမ်းမျှရေထုစီးနှုန်းမှာ ၁၃၀၀၀ ကုဗမီတာ/စက္ကန့် (၄၅၉၀၀၀ ကုဗပေ/စက္ကန့်)ဖြစ်၍ ယမ်စီမြစ်၏ လက်တက်ဖြစ်သော ဟန်မြစ်သည်ပင်လျှင် ဧရာဝတီမြစ်ထက် နှစ်စဉ်ရေထုစီးနှုန်းနှစ်ဆခန့် ကြီးနေသေးသည်။

ဒန်ဂျင်းကူ (Danjiankou) မြို့အနီး ဟန်မြစ်ပေါ်တွင် တမံတစ်ခုရှိသည်။ တမံအမြင့် ၉၇ မီတာ(၃၁၈ ပေ) ရှိသည်။  ၁၉၅၈  ခုနှစ်က တည်ဆောက်ခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ထိုစဉ်က အာရှတွင် အကြီးဆုံး တမံအဖြစ် စာရင်းဝင်ခဲ့သည်။ နိုင်ငံ၏စီးပွားရေး အခြေအနေကြောင့် ၁၅ နှစ်ခန့် တည်ဆောက်ခဲ့ရသည်။ မူလရည်မှန်းချက်မှာ ဒေသ တွင်းစိုက်ပျိုးရေရရှိရေး၊  သောက်သုံးရေရရှိရေးနှင့်   ရေအားလျှပ်စစ် ထုတ်လုပ်ရေးဖြစ်သည်။ ရေအားလျှပ်စစ် ၉၀၀ မဂ္ဂါဝပ် တပ်ဆင်ထားသည်။  အဆိုပါတမံမှရေကို  ဘေဂျင်းမြို့အထိ သွယ်ယူ၍  ရေပေးဝေရန် စဉ်းစားသည့်အခါ ဒန်ဂျင်းကူဒေသတွင် ရေပေးဝေမှုကို လျှော့ချရတော့မည်ဖြစ်၍ ဒေသတွင်းပြည်သူများ စိတ်မသက်သာ ဖြစ်ခဲ့ကြရသည်။

ဤတွင် တာဝန်ရှိသူများက တမံကို နောက်ထပ် ၁၁ ဒသမ ၆ မီတာ မြှင့်ပြီး ရေသိုလှောင်လိုက်သည်။ စုစုပေါင်း ကုဗမီတာ သန်း ၁၇၄၅၁ (ဧကပေ ၁၄ ဒသမ ၁ သန်း) ခန့်ထိ သိုလှောင်လိုက်သည်။ မြန်မာနိုင်ငံ ၌  ရေလှောင်ပမာဏ အကြီးဆုံးဟုဆိုရမည့် ၂၀၀၁ ခုနှစ် ဧပြီလ ၁၇ ရက်က  ဖွင့်လှစ်ခဲ့သည့်  သဖန်းဆိပ်ရေလှောင်တမံ၏   ရေလှောင်ပမာဏ ကုဗမီတာသန်း ၃၄၃၀ (ဧကပေ ၂ ဒသမ ၈ သန်း) ထက် ငါးဆ ခန့်ကြီးမားသည်။

ဤနေရာတွင် တစ်ခုသတိထားမိသည်မှာ အသုံးပြုနေဆဲ ကွန်ကရစ် တမံတစ်ခုကို နှစ် ၃၀ ခန့်အကြာတွင် နောက်ထပ် ၁၀ မီတာကျော် ထပ်မံမြှင့်တင်တည်ဆောက်မှုဖြစ်သည်။ ရေအသုံးချမှုနည်းပညာ လေ့လာ စရာတစ်ခုဖြစ်သည်။

ဤရေလှောင်တမံမှရေကို ဘေဂျင်းမြို့အထိ သွယ်ယူရာတွင် ဆင်ခြေလျှောဖြစ်နေ၍ သဘာဝအလျောက် ရေစီးဆင်းသည်။

ဤရေသွယ်စနစ်၏ အလျားသည် ကီလိုမီတာ ၁၂၆၇ (မိုင် ၈၁၀) ခန့်ရှည်လျားသည်။ မြန်မာနိုင်ငံ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ပဲခူး တိုင်းဒေသကြီး ပဲခူးမြို့ထိ ရေသွယ်စနစ်တစ်ခုပြုလုပ်သကဲ့သို့ ကြီးမား လှသည်။

ဤရေသွယ်မြောင်းဖြတ်သန်းမည့်   လမ်းကြောင်းပေါ်တွင်လည်း မြစ်ဝါမြစ် (Yellow River)  တည်ရှိ နေသည့်အတွက်  ဥမင်လိုဏ်နှစ်ခု ဖြင့် မြစ်ဝါမြစ်ကြမ်းပြင်အောက်မှ သွယ်ယူရသည်။

ဤရေသွယ်စနစ်တစ်ခုလုံးအတွက် တည်ဆောက်မှုလုပ်ငန်းအားလုံး ကို ၂၀၀၃ ခုနှစ်က  စတင်ခဲ့ရာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ  ၁၂  ရက် တွင်  ပြီးစီးခဲ့သည်။  ရေသွယ်မြောင်းနှင့်  မလွတ်ကင်းသော ဒေသခံ ၃၃၀၀၀၀ ခန့်ကို ပြန်လည်နေရာ ချထားခဲ့ရသည်။ ပြည်ပအဖွဲ့အစည်း တချို့ကတော့ ဝေဖန်ခဲ့ကြသည်။ ဤစီမံကိန်းကြီး သည်လည်း ကမ္ဘာ့အကြီးဆုံး ရေရွှေ့ပြောင်းမှု (Water Transfer) လုပ်ငန်းကြီးဖြစ်ခဲ့သည်။ အမေ ရိကန်ဒေါ်လာ သန်း ၂၀၀၀ ခန့် သုံးစွဲခဲ့ရသည်။

၂၀၂၀ ပြည့်နှစ်တွင် နှစ်စဉ်ကုဗမီတာသန်း ၉၅၀၀(ရေဂါလန်သန်း ပေါင်း ၂ သန်း) ပို့လွှတ်နေပြီး နောင်လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ကုဗ မီတာ  သန်း ၁၃၀၀၀ (ရေဂါလန် သန်းပေါင်း ၃၀ သန်းခန့်)  အထိ တိုးမြှင့်ပို့လွှတ်နိုင်သည့် ရေသွယ်စနစ်ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။