ရာသီဥတုပြောင်းလဲမှု၏ ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ
ရာသီဥတုပြောင်းလဲမှုသည် လူသားတို့၏ ကျန်းမာရေးကို တိုက်ရိုက်နှင့် သွယ်ဝိုက်သောနည်းများဖြင့် သက်ရောက်မှုရှိသည်။ မျက်မှောက်ခေတ်တွင် ရာသီဥတု ပြောင်းလဲမှုသည် လူသားတို့၏ကျန်းမာရေး အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်နေပါသည်။ ကမ္ဘာကြီးပူနွေးမှုတိုးလာတိုင်း ပြင်းထန်သော ရာသီဥတုပြောင်းလဲမှုနှင့် ဆက် စပ်အန္တရာယ်များ၊ ပျက်စီးဆုံးရှုံးမှုများ တိုးမြင့်လာသည်။ ရာသီဥတုပြောင်းလဲ ခြင်း၊ အပူချိန် လွန်ကဲခြင်း၊ ပတ်ဝန်းကျင် လေထုညစ်ညမ်းခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မုန်တိုင်းနှင့် ဒီရေလှိုင်းများ တိုးလာခြင်းတို့ကြောင့် ရှိပြီးသားကျန်းမာ ရေးပြဿနာများကို ပိုမိုဆိုးရွားလာစေ သည့်အပြင် ရောဂါအသစ်များကိုလည်း ဖြစ်စေနိုင်ပါသည်။
လူတို့၏ပြုမူလှုပ်ရှားမှုများကြောင့် လေထုထဲသို့ နှစ်စဉ်ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန် ၃၀ ဘီလီယံကျော် ထုတ်လွှတ် လျက်ရှိပြီး လေထုအပူချိန်တိုးမြင့်စေကာ ပြင်းထန်သောအပူလှိုင်းများ မကြာခဏဖြစ် စေပါသည်။ ရုပ်ကြွင်းလောင်စာများကို အသုံးပြုခြင်းသည် ရာသီဥတုပြောင်းလဲမှုနှင့် လေထုညစ်ညမ်းမှုကိုဖြစ်စေသော အဓိကအကြောင်းရင်း တစ်ခုဖြစ်ပြီး ပမာဏအားဖြင့် ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့၏ ၇၅ ရာခိုင်နှုန်းနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုအားလုံး၏ ၉၀ ရာခိုင်နှုန်း နီးပါးရှိနေကြောင်း သိရသည်။ လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်း ရောဂါနှင့် ဓာတ်မတည့်သောရောဂါများ ဖြစ်နိုင်ခြေတိုးမြင့်လာသည်။ ကမ္ဘာ့လူဦးရေ ၏ ရာခိုင်နှုန်းထက်ဝက်ကျော်သည် လေထုအရည်အသွေး ကန့်သတ်ချက်ထက်ကျော် လွန်သောလေကို ရှူရှိုက်နေရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ခန့်မှန်းထားသည်။ အပူချိန်မြင့်တက်လာသောအခါ မြို့ပြအနီးရှိ ကားများ၊ ဓာတ်အားပေးစက်ရုံများ၊ စက်မှုဘွိုင်လာများ၊ သန့်စင်ခန်းများနှင့် ဓာတုစက်ရုံများမှ ထုတ်လွှတ်သော မြေပြင်ရှိ အိုဇုန်းဓာတ်ငွေ့များကြောင့် ချောင်းဆိုးခြင်း၊ ပန်းနာ၊ ရင်ကျပ်ရောဂါ၊ အဆုတ်ကင်ဆာ၊ အခြားသော နာတာရှည်အဆုတ် ရောဂါများနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို ဖြစ်ပေါ်စေနိုင်သည်။
အပူချိန်နှင့် မိုးရွာသွန်းမှု အပြောင်းအလဲများသည် အင်းဆက်ပိုးမွှားများနှင့် အခြားမျိုးစိတ်များ၏ ရှင်သန်မှု၊ ရောဂါဖြန့်ဖြူးမှုနှင့် အပြုအမူတို့ကို ပြောင်းလဲစေနိုင်ပြီး ကူးစက်ရောဂါများကို ဖြစ်ပေါ်စေနိုင်သည်။ ရာသီဥတု ပြောင်းလဲလာသည်နှင့် အမျှ ရောဂါသယ်ဆောင်သောခြင်များသည် ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေး၊ ဆင်ခြေထောက်ရောဂါ၊ ဇီကာရောဂါ၊ အသားဝါရောဂါနှင့် ဂျပန်ဦးနှောက်ရောင် ရောဂါများကို ယခင်ကထက် ပိုဝေးသောနယ်မြေများသို့ သယ်ဆောင်လာကြသည်ကို တွေ့ရသည်။
မြင့်မားသောအပူချိန်နှင့် အချိန်ကြာမြင့်စွာ ထိတွေ့ခြင်းကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်တက်ခြင်း၊ အပူလျှပ်ခြင်းတို့ကို ဖြစ်စေနိုင်ပြီး ကိုယ်တွင်းအင်္ဂါများကို ထိခိုက်စေနိုင်ပါသည်။ အပူဒဏ်ကြောင့် နှလုံး သွေးကြောဆိုင်ရာရောဂါများ၊ အသက်ရှူလမ်းကြောင်းနှင့် ကျောက်ကပ်ဆိုင်ရာ ရောဂါများကို ပိုမိုဆိုးရွားစေကာ သွေးချို၊ ဆီးချိုရောဂါနှင့် လေဖြတ်နိုင်ခြေများ တိုးမြှင့်စေပြီး ရုတ်တရက်သေဆုံးမှုများဖြစ် စေနိုင်ပါသည်။ အပူဒဏ်ကို ကြာရှည်စွာ ခံစားရသည့် မိခင်များ၏ ကျန်းမာရေးရလဒ်သည် မွေးကင်းစ ကလေးငယ်များ၏ ရောဂါဖြစ်ပွားမှု၊ သေဆုံးနိုင်ခြေတိုးလာမှုတို့နှင့် ဆက်စပ်လျက်ရှိပါသည်။
လွန်ခဲ့သော ၁၀ စုနှစ်များအတွင်း ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကြောင့် အရေပြားကင်ဆာ ဖြစ်ပွားမှုနှုန်း တိုးမြင့်လာသည်မှာ အပူလွန်ကဲခြင်းနှင့် အပူလှိုင်းများကြောင့်ဟု ယူဆရပါသည်။ အပူလွန်ကဲခြင်းသည် စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်တတ်ခြင်းနှင့် တခြားစိတ်ကျန်းမာရေး ပြဿနာရှိသူများအတွက် ဆိုးရွားသော အကျိုးသက်ရောက်မှု ဖြစ်စေနိုင်ပါသည်။ စိတ်ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများသည် နောက်ဆက်တွဲရောဂါနှင့် သေဆုံးမှုကိုဖြစ်စေနိုင်သည်။ အမေရိကန်ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနအဆိုအရ အပူချိန်လွန်ကဲလွန်းခြင်းကြောင့် မိမိကိုယ်ကို သတ်သေမှုနှုန်းမြင့်စေကြောင်း တွေ့ရှိခဲ့သည်။
ရာသီဥတုပြောင်းလဲမှုသည် သီးနှံများနှင့် အစားအစာထုတ်လုပ်မှုများအပေါ် သက်ရောက်မှုရှိပါသည်။ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ ရရှိနိုင်မှု လျော့နည်းလာပြီး အစားအသောက်ဈေးနှုန်းများ မြင့်တက်လာနိုင်ပါသည်။အကျိုးဆက်အနေဖြင့် အစာရေစာငတ် မွတ်ခေါင်းပါးခြင်း၊ အာဟာရချို့တဲ့ခြင်းနှင့် အဝလွန်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။လေထုအပူချိန်မြင့်မားခြင်းကြောင့် ပူနွေး သောပတ်ဝန်းကျင်တွင် ဗက်တီးရီးယားများ ပိုမိုကြီးထွားလာနိုင်ပြီး အစာအဆိပ်သင့်ခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ပြင်းထန်သောပြဿနာများဖြစ်စေ နိုင်ပြီး အသက်ကိုပင် သေဆုံးစေနိုင်ပါ သည်။
ရာသီဥတုပြောင်းလဲမှုကြောင့် အပူချိန်တိုးလာခြင်း၊ မကြာခဏ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မုန်တိုင်းများ၏ သက်ရောက်မှုများသည် ရေကြောင့်ဖြစ်သော ရောဂါများနှင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်စေနိုင်ပါသည်။ မြင့်မားသောပင်လယ် ရေမျက်နှာပြင်အပူချိန်သည် ပင်လယ်စာများတွင် ပြဒါးပါဝင်မှု ပိုမိုမြင့်မားလာနိုင်ပြီး ပြင်းထန်သောရာသီဥတုဖြစ်စဉ်များ တိုးလာပါက မုန်တိုင်းရေစီးဆင်းမှုမှတစ်ဆင့် အစားအစာ ညစ်ညမ်းမှုများ ဖြစ်စေနိုင်ပါသည်။ သန့်ရှင်းသော သောက်သုံးရေရရှိမှု လျော့နည်းလာပြီး ရေမှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်စေနိုင်သောကြောင့် လူသားများ၏ ကျန်းမာရေးကို ခြိမ်းခြောက်နိုင်ပါ သည်။
အချို့သောအစားအစာများသည် ရာသီ ဥတုပြောင်းလဲမှုကြောင့် အာဟာရတန်ဖိုး များ ကျဆင်းသွားနိုင်ပါသည်။ လေထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု မြင့်မားခြင်းသည် မြေဆီလွှာရှိ အာဟာရဓာတ်များကို ပြောင်းလဲ စေသောကြောင့် ဂျုံ၊ ဆန်နှင့် အာလူးကဲ့သို့သော ကောက်ပဲသီးနှံများတွင် ပရိုတင်းနှင့်မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်များပါဝင်မှုကို လျော့နည်းစေပြီး အာဟာရနည်းပါးစေသည်။ ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာနှင့် အဖျော်ယမကာများကို အလွန်အကျွံ ပြုပြင်ပြီး ထုတ်လုပ်သောစနစ်များသည် ကမ္ဘာလုံးဆိုင်ရာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ် လွှတ်မှု၏သုံးပုံတစ်ပုံအထိရှိလာကာ အ၀ လွန်ခြင်း၊ ကင်ဆာနှင့် နှလုံးရောဂါဖြစ်ပွားခြင်းကို ပိုမိုများပြားလာစေသည်။
ယခုအခါ လူတိုင်းသည် ရာသီဥတုနှင့် ဆက်နွှယ်သော ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့ နေရသော်လည်း အချို့သူများတွင် ကျန်းမာရေးပြဿနာများကို ပိုမိုခံစားရနိုင်ခြေရှိသည်။ သက်ကြီး ရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ မွေးကင်းစကလေးများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ မြို့ပြတွင်နေထိုင်သူများ၊ အပြင်တွင် အချိန်ကြာကြာလုပ်ရသူ အထွေထွေအလုပ်သမားများ၊ မီးသတ်သမားများ၊ သယ်ယူပို့ဆောင်ရေး လုပ်သားများ၊ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးလုပ်သားများသည် ရာသီဥတုနှင့်ဆက်နွှယ်သော အန္တရာယ်များကို ပိုမိုထိတွေ့ခံစားရနိုင်သောကြောင့် ထိခိုက်ဒဏ်ရာရမှုနှင့် ဖျားနာမှုများကို ကာကွယ်ရန်နှင့် အလုံးစုံကျန်းမာရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများကို မြှင့်တင်ရန် မရှိမဖြစ် လိုအပ်ပါသည်။
ရာသီဥတု ဖောက်ပြန်ခြင်းကြောင့် သက်ရောက်မှုဖြစ်လာနိုင်သော ကျန်းမာရေး ပြဿနာများကို ရှောင်ရှားနိုင်ရန် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရန် လိုအပ်ပါသည်။ ကာဗွန်ဒိုင် အောက်ဆိုဒ်နှင့် အခြားသောအပူထုတ် လွှတ်သည့်ဓာတ်ငွေ့များသည် ကမ္ဘာကြီး ပူနွေးလာမှု၏ အဓိကအကြောင်းရင်းဖြစ်သည်။ ရာသီဥတုပြောင်းလဲမှု၏ အဆိုးရွားဆုံး အကျိုးဆက်များကို ရှောင်ရှားရန်၊ ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှု အသားတင် သုညသို့ ရောက်ရှိရန် လိုအပ်ပါသည်။
ရာသီဥတုဖောက်ပြန်မှုကိုလျှော့ချရန်နှင့် ကျန်းမာရေးပြဿနာများ လျော့နည်းစေရန် ပြုပြင်ပြောင်း လဲရမည့် အချက်များ-
၁။ စွမ်းအင်ကိုချွေတာခြင်းဖြင့် လေထုညစ်ညမ်းမှုကို လျော့နည်းစေသည်။ စွမ်းအင်သက်သာသော မီးလုံးများသည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချပေးသည်။ အခန်းအပြင်ထွက်သည့်အခါ မီး ခလုတ်ကိုပိတ်ပါ။ ကွန်ပျူတာ၊ တီဗွီနှင့် အီလက်ထရွန်နစ်ပစ္စည်းများကို အသုံးမပြုသည့်အခါ ပလတ်ဖြုတ်ပါ။ နွေရာသီတွင် အိမ်ကို လေအေးပေးစက်မသုံးဘဲ အေးမြ အောင်ပြင်ဆင်ပါ။ အိမ်တွင်အသုံးပြုသော စွမ်းအင်ကို ရေနံ၊ ကျောက်မီးသွေး သို့မဟုတ် သဘာဝဓာတ်ငွေ့မှ ရယူမည့်အစား လေ သို့မဟုတ် နေရောင်ခြည်ကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် အသုံးပြုပါ။ ဆိုလာပြားများကို အိမ်ခေါင်မိုးပေါ်တွင် တပ်ဆင်ပါ။ ဓာတ်ငွေ့မီးဖိုကို လျှပ်စစ်မီးဖိုဖြင့် အစားထိုးပါ။
၂။ သဘာဝအရင်းအမြစ်များကို ထိန်း သိမ်းရန်နှင့် အမှိုက်ပုံနေရာအတွက် လျှော့ချ (Reduce)၊ ပြန်သုံး (Reuse)၊ ပြန်လည်အသုံးပြု (Recycle) ကို လိုက်နာ ၍စွန့်ပစ်ခြင်းကို လျှော့ချပါ။ အသုံးအဆောင် ပစ္စည်းများသည် ကုန်ကြမ်းထုတ်ယူသည်မှစ၍ ဈေးကွက်သို့ ပို့ဆောင် သည်အထိ အဆင့်တိုင်းတွင် ကာဗွန်ထုတ် လွှတ်မှုဖြစ်စေသဖြင့် လိုအပ်သောပစ္စည်း အနည်းငယ်ကိုသာ ဝယ်ယူသုံးစွဲပါ။ ပလတ် စတစ်အိတ်ကိုလျှော့သုံးပါ။ ပြန်သုံး၍ရသော ဈေးဝယ်အိတ်ကိုယူလာပါ။
၃။ ရေကိုထိန်းသိမ်းပါ။ သန့်ရှင်းသော သောက်သုံးရေအရင်းအမြစ်များကို ရှာဖွေစုဆောင်းပါ။ သောက်သုံးရေသန့်စင်ခြင်း ဆိုင်ရာ စံချိန်စံညွှန်းများနှင့် အလေ့အကျင့် များကိုပျိုးထောင်ပါ။ မိုးတွင်း၌ ရေကို ကျိုချက်၍သောက်ပါ။
၄။ သစ်ပင်များသည် အစာနှင့်အောက် ဆီဂျင်ကိုပေးပြီး လေထုကိုသန့်ရှင်းစေ၍ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် ကူညီပေးသဖြင့် ဒေသန္တရပတ်ဝန်းကျင် တွင် သစ်ပင်စိုက်ပါ။
၅။ ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ ပဲများ၊ အခွံမာသီးများနှင့် အစေ့အဆန်များ၊ အသားနှင့် နို့ထွက်ပစ္စည်းများကို များများစားခြင်းသည် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုကို သိသိသာသာလျော့ကျစေပါ သည်။ ယေဘုယျအားဖြင့် အပင်အခြေခံ အစားအစာများထုတ်လုပ်ခြင်းသည် ဖန်လုံ အိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို နည်းပါးစေ သည်။ အစားအစာများကို စွန့်ပစ်ခြင်း သည် စိုက်ပျိုး၊ ထုတ်လုပ်၊ ထုပ်ပိုးသယ်ယူ ရာတွင်အသုံးပြုခဲ့သော အရင်းအမြစ်များနှင့် စွမ်းအင်ကိုဖြုန်းတီးရာ ရောက်ပါသည်။ အမှိုက်ပုံများတွင် စွန့်ပစ်ထားသည့် အစာများ ပုပ်သောအခါ မီသိန်းဓာတ်အားကောင်းသည့် ဖန်လုံအိမ်ဓာတ်ငွေ့ကို ထုတ် လွှတ်သည်။ ထို့ကြောင့် စားစရာများကို လိုအပ်သလောက်သာဝယ်ပါ။
၆။ ကားမောင်းမည့်အစား လမ်းလျှောက်ခြင်း သို့မဟုတ် စက်ဘီးစီးခြင်းက ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချ ပေးနိုင်ပြီး ကျန်းမာရေးနှင့်ကြံ့ခိုင်မှုကို အထောက်အကူဖြစ်စေပါသည်။ လျှပ်စစ် ကားများသည် ဓာတ်ဆီ သို့မဟုတ် ဒီဇယ်စွမ်းအင်သုံးကားများထက် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု သိသိသာသာနည်း ပါးစေသဖြင့် လေထုညစ်ညမ်းမှုကို လျှော့ချ ပေးနိုင်သည်။ ထို့ကြောင့် ယနေ့ခေတ်တွင် လျှပ်စစ်ကားများကို ပြောင်းလဲသုံးစွဲလာ ကြသည်။
၇။ လေယာဉ်များ အသုံးပြုခြင်းသည် ရုပ်ကြွင်းလောင်စာများကို လောင်ကျွမ်းစေပြီး ဖန်လုံအိမ်ဓာတ်ငွေ့ကို သိသိသာသာ ထုတ်လွှတ်သောကြောင့် လေယာဉ်ဖြင့် ခရီးသွားခြင်းကို လျှော့ချခြင်းသည် ပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချရန် အလျင်မြန်ဆုံး နည်းလမ်းတစ်ခု ဖြစ်သည်။ ရှည်လျားသော ခရီးအကွာအဝေးအတွက် ရထား သို့မဟုတ် အဝေးပြေးဘတ်စကားများကို သုံးစွဲရန် စဉ်းစားသင့်ပါသည်။
၈။ သင်နှင့် သင့်မိသားစုကို ခြင်ကိုက်ခြင်းမှ ကာကွယ်ပါ။ ခြင်ကြောင့်ဖြစ်သော ရောဂါမှကာကွယ်ရန် အိမ်ကို ခြင်လုံဆန်ခါတပ်ထားခြင်း၊ ခြင်ထောင်ဖြင့်အိပ်ခြင်း၊ ခြင်နိုင်ဆေးရည်များဖျန်းခြင်း၊ ခြင်ဆေးထွန်းခြင်း၊ အင်္ကျီလက်ရှည်ဝတ်ခြင်း၊ အပြင်ထွက်လျှင် ထိတွေ့နိုင်သော အရေပြားပေါ်တွင် ခြင်မကိုက်စေသော ဆေးများလိမ်းခြင်းတို့ဖြင့် ကာကွယ်နိုင်ပါသည်။ အိမ်တစ်ဝိုက်တွင် ခြင်များပေါက်ပွားနိုင်သည့် ရေအိုင်များ၊ ရေဝပ်သောနေရာများမရှိစေရန် ရှင်း ထားပါ။
၉။ ကျန်းမာရေးနှင့် ညီညွတ်စွာ ပြုမူနေထိုင်ပါ။ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရန် ပြုပြင်ပြောင်းလဲ နေထိုင်ခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးပြဿနာများကို ကာကွယ်နိုင် ပါမည်။ နွေရာသီတွင် အပူဒဏ်ကာကွယ် ရေးနှိုးဆော်ချက်များကိုလိုက်နာခြင်း၊ မိုးရာသီနှင့် ဆောင်းရာသီများတွင် နွေးနွေး ထွေးထွေးနေထိုင်ခြင်း၊ နေ့စဉ်နာရီဝက်ခန့် လမ်းလျှောက်ခြင်း၊ အိပ်ရေး၀၀အိပ်ခြင်း၊ အပြင်သွားလျှင် နှာခေါင်းစည်းတပ်ဆင် ခြင်း၊ လက်ဆေးခြင်း၊ အစားအစာများကို ပူပူနွေးနွေးစားသောက်ခြင်း၊ အစား အသောက်များ၏ သန့်ရှင်းလတ်ဆတ်မှုကို အမြဲဂရုပြုစစ်ဆေးခြင်း၊ အစားအစာများကို ယင်မနားအောင် ဖုံးအုပ်ထားခြင်း၊ ကိုယ်ခံစွမ်းအားမြင့်မားစေရန် လိုအပ်သော ကာကွယ်ဆေးများ ကြိုတင်ထိုးခြင်း စသည့်အခြေခံအချက်များကို လိုက်နာ ခြင်းဖြင့် ငွေကုန်သက်သာပြီး အကျိုးရှိပါ သည်။
အချုပ်အားဖြင့်ဆိုသော် ရာသီဥတု ပြောင်းလဲမှုကြောင့် လူသားတို့၏ကျန်းမာ ရေးကိုထိခိုက်စေသည့် သက်ရောက်မှုများကို သိရှိသဘောပေါက်နားလည်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို စဉ်ဆက်မပြတ် ထိန်းသိမ်းရန် ကြိုတင်ပြင်ဆင်ကာကွယ် နိုင်ပါသည်။ ရာသီဥတုပြောင်းလဲမှုကို ဖြေ ရှင်းရာတွင် ကျွန်ုပ်တို့ အားလုံးအတူတကွ ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ပါသည်။ ထို့ကြောင့် အနာဂတ်မျိုးဆက်များအားလုံး ၏ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ရန် အတွက် သန်းပေါင်းများစွာသောလူသား တို့အား ကမ္ဘာမြေအတွက် အကျိုးရှိနိုင် သောပြောင်းလဲမှုများကို အတူတကွအရှိန် အဟုန်မြှင့်လုပ်ဆောင်ရန် တိုက်တွန်းရေး သားလိုက်ရပါသည်။
ဒေါက်တာသိင်္ဂီကျော်